မြန်မာဆန်များကို တရုတ်နိုင်ငံ ချုံချင့်မြို့သို့ ဝမ်တိန်နယ်စပ်ဂိတ်မှ နိုင်ငံဖြတ်ကျော် ကုန်းကြောင်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးဖြင့် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
မြန်မာဆန်များအပြည့်သယ်ဆောင်လာသော မြန်မာ-တယ်ဟုန်-ချုံချင့် နိုင်ငံဖြတ်ကျော် ကုန်းကြောင်း- ရထားလမ်း ပူးတွဲပို့ဆောင်ရေးသီးသန့်ရထားတွဲ ကွန်တိန်နာကုန်တင်ကားပေါင်း ၁၀ စီးကျော်သည် အောက်တိုဘာ ၂၅ ရက်တွင် တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းဆန်များကို တရုတ်-မြန်မာခေတ်မီ စိုက်ပျိုးစီးပွားရေးလုပ်ငန်းဥယျာဉ်၌ အချောကိုင်ပြီးနောက် ပေါင်စန်းမြောက်ဘက်ဘူတာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပေါင်စန်းမြောက်ဘက်ဘူတာမှတစ်ဆင့် ရထားလမ်းဖြင့် ချုံချင့်မြို့ ရှောင်ထွမ်ကျယ်ရွာဘူတာသို့ ပို့ဆောင်မည်ဖြစ်သဖြင့် သမားရိုးကျမြစ်ချောင်းနှင့် ပင်လယ်သမုဒ္ဒရာပူးတွဲပို့ဆောင်ရေးထက် အချိန်ရက်ပေါင်း ၂၀ ခန့် မြန်ဆန်ပြီး ကုန်ကျစရိတ်လည်း အများအပြားလျော့ကျနိုင်ကြောင်း သိရသည်။
အဆိုပါမြန်မာ-တယ်ဟုန်-ချုံချင့် နိုင်ငံဖြတ်ကျော် ကုန်းကြောင်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေး သီးသန့်ရထားတွဲအား စတင်ပြေးဆွဲခြင်းသည် တရုတ်-မြန်မာပို့ကုန်သွင်းကုန် ကုန်ပစ္စည်းများကို ကုန်းကြောင်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးဖြင့် နှစ်ဖက်အများအပြားပို့ဆောင်ခြင်းကို အမှန်တကယ် အနက်အဓိပ္ပာယ်အရ ဖော်ဆောင်လိုက်ခြင်းဖြစ်ကြောင်းနှင့် အနာဂတ်တွင် အဆိုပါသီးသန့်ရထားတွဲကို ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး တရုတ်ကုန်ပစ္စည်းများ တယ်ဟုန်မှတစ်ဆင့် အရှေ့တောင်အာရှ၊ တောင်အာရှစသည့် ပြည်ပဈေးကွက်များသို့ တင်ပို့ခြင်းကို အင်တိုက်အားတိုက် တိုးမြှင့်နိုင်မည်ဖြစ်ကာ တစ်ချိန်တည်းတွင် အရှေ့တောင်အာရှနှင့် တောင်အာရှမှ ကုန်ပစ္စည်းများလည်း ပိုမိုများပြားစွာနှင့် ပိုမိုမြန်ဆန်စွာ ချုံချင့်မြို့မှတစ်ဆင့် တရုတ်ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာစေမည်ဖြစ်ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ပါရှိသည်။















