အခုဆောင်းပါးကိုရေးဖြစ်တာက မျက်မှောက်ကာလမှာ လူအတော်များများက မိမိတို့တစ်ဦးချင်း ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို အလဟဿကုန်လွန်နေကြရတာကို ဆင်ခြင်ကြစေဖို့ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ Time is money လို့ ဆိုစကားရှိပါတယ်။ နောက်သတိပြုရမယ့် စကားပုံတစ်ခုက Time and Tide wait for no men (အချိန်နှင့် ဒီရေသည် လူကိုမစောင့်) ဆိုတာ ဖြစ်ပါတယ်။
လူတစ်ဦးချင်းက ၂၄ နာရီဆိုတဲ့အချိန်ကို ပိုင်ဆိုင်ကြတယ်။ လူတစ်ဦးချင်းမှာ တူညီတဲ့ပိုင်ဆိုင်မှုက အချိန်တစ်ခုတည်းသာ ဖြစ်ပါတယ်။ သို့ပေမဲ့ အဲဒီလိုတူညီစွာပိုင်ဆိုင် နေကြတဲ့အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ဖို့ လိုအပ်တယ်။
အရွယ်ပေါင်းစုံလူတွေက မိုဘိုင်းတယ်လီဖုန်းနဲ့ ဖေ့စ်ဘွတ်တွေကို ပွတ်ဆွဲကြည့်နေကြတာ၊ ကွန်ပျူတာဂိမ်းဆိုင်တွေမှာ မိမိအတွက် ဘာဗဟုသုတ၊ ဘာတန်ဖိုးမှမရနိုင်တဲ့ ဂိမ်းတွေကိုဆော့ပြီး အချိန်ကုန်လွန်စေလျက် ရှိနေတာကို တွေ့ရမြင်နေရတယ်။ စာရေးသူက လိုချင်တဲ့ အချက်အလက်တွေကိုရဖို့ ကွန်ပျူတာဆိုင်ကိုသွားရင် နာရီဝက်လောက် နားငြီးတာကိုခံရတယ်။ ဆိုင်ထိုင်သူကိုပြောပေမယ့် သူကလည်း မနိုင်ဘူးဖြစ်နေတယ်။ နောက်တစ်ခုတွေ့ရတာက ဂိမ်းဆိုင်မှာ လာကစားကြသူအများစုက စီးကရက်သောက် သူတွေဖြစ်တယ်။ သူတို့သောက်တဲ့ ဆေးလိပ်ငွေ့တွေက ပတ်ဝန်းကျင်ကလူတွေကိုပါ Sencondary Smokers လို့ခေါ်တဲ့ ထပ်ဆင့် ဆေးလိပ်သောက်သူတွေအဖြစ် ရောဂါရစေနိုင်တာ ဖြစ်တယ်။
လူတွေက လမ်းသွားရင်း ဖုန်းတွေပွတ်နေကြတယ်။ ဆိုင်ထိုင်ရင်းလည်း ပွတ်နေကြတယ်။ အသက် ၇၀ လောက်သူသော်မှ ဖုန်းပွတ်နေတာ တွေ့ရတယ်။ ဖုန်းပွတ်ပြီး စားမြုံ့ပြန်နေပုံရတယ်။
လူတစ်ဦးချင်းမှာ ပိုင်ဆိုင်ကြတဲ့အချိန်ကို အကြမ်းအနေနဲ့ သုံးပိုင်းပိုင်းခြားထားတယ်။ အလုပ်လုပ်ချိန်က ရှစ်နာရီ၊ အိပ်ချိန်က ရှစ်နာရီနဲ့ ကိုယ်ပိုင်အချိန်က ရှစ်နာရီ၊ စုစုပေါင်း ၂၄ နာရီဖြစ်တယ်။ ကျောင်းသားဘဝမှာ အလုပ်ချိန်က ကျောင်းစာသင်ကြားရမယ့် အချိန်ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီက ငယ်စဉ်အချိန်ကစပြီး အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ရင် ဘဝတန်ဖိုးမြင့်မားလာကြမှာ ဖြစ်တယ်။
လူတစ်ဦးချင်းစီအနေနဲ့ ဘဝတန်ဖိုး မြင့်မားစေဖို့လိုအပ်တဲ့ စီမံခန့်ခွဲမှု ‘M 12’ လုံးကို သေချာစွာ တတ်သိနားလည်အောင် ပိုင်ဆိုင်ထားနိုင်ကြမယ်ဆိုရင် အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး ဘဝတန်ဖိုးမြင့်မားလာစေမှာ ဖြစ်ပါတယ်။
(၁) လူ့စွမ်းအား မြင့်မားစေရမယ် (Manpower)
လူတစ်ဦးချင်းမှာ ရှိသင့်ရှိထိုက်တဲ့ လူ့ စွမ်းအားတွေရှိအောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ လူ့စွမ်းအားမြင့်မားဖို့ကတော့ အရှိ၊ အသိ၊ အတွေး၊ အမြင်၊ အလုပ်ဆိုတဲ့ ‘အ-၅’ လုံးကို ပိုင်ဆိုင်စေကြရမှာ ဖြစ်ပါတယ်။ အရှိဆိုတာကတော့ ရှိသင့်ရှိထိုက်တဲ့ ပညာတွေရှိအောင် လုပ်ကြရမယ်။ ပညာကို အမှန်တကယ်ရှိအောင် လုပ်နိုင်ပါမှ အဲဒီပညာကနေ ဆင့်ပွားအဖြစ် အသိဆိုတာရှိလာစေမှာ ဖြစ်ပါတယ်။ အရှိနဲ့ အသိတွေကနေ ပေါင်းစပ်ပြီး မှန်ကန်တဲ့အတွေး၊ တစ်နည်းအားဖြင့် အနာဂတ်အမြင်ကောင်းတဲ့ အတွေးတွေ ရှိလာစေမှာ ဖြစ်တယ်။ အရှိ၊ အသိ၊ အတွေး၊ အမြင်ကောင်းတွေကနေ အလုပ်ကောင်းလာပါမှ မိမိဘဝမှာ ရလဒ်ကောင်းတွေ ရရှိလာစေမှာ ဖြစ်ပါတယ်။
(၂) ငွေကြေးကို စနစ်တကျစီမံခန့်ခွဲတတ်ကြရမယ် (Money)
ငွေကြေးဆိုတာက လူတိုင်းတပ်မက်တဲ့ အရာဖြစ်တယ်။ သို့ပေမဲ့ ငွေနောက်လိုက်မှုကို လောဘနဲ့ယှဉ်လာရင် အမှားတွေ ဖြစ်လာနိုင်တာကြောင့် မိမိရဲ့ဘဝတက်လမ်းမှာ အမှားတွေဖြစ်ပြီး ဘဝတိုးတက်မှုအတွက် မလိုလားအပ်တဲ့အချိန်တွေ ကုန်ဆုံးသွားစေမှာ ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံက လူ့စွမ်းအားနည်းသူတွေရဲ့ လွဲမှားတဲ့စီမံခန့်ခွဲမှုကြောင့် နိုင်ငံတိုးတက်ရမယ့်အချိန်က နှစ်ပေါင်း ၆၀ လောက် အောက်တန်းနောက်တန်းကျခဲ့ရပြီး ငွေကြေးကို နိုင်ငံရေးမှာ အသုံးချခဲ့ကြတာရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။
(၃) ပစ္စည်းတွေကို စနစ်တကျစီမံခန့်ခွဲတတ်ရမယ် (Materials)
ပစ္စည်းလို့ဆိုရာမှာ မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေ အပါအဝင် ပစ္စည်းတွေအားလုံး ပါဝင်ပါတယ်။ နိုင်ငံမှာရှိတဲ့ပစ္စည်းတွေက နိုင်ငံပိုင်ပစ္စည်း ဖြစ်ပါတယ်။ ဒါတွေကို မိမိနိုင်ငံသားတွေအကျိုးအတွက် မှန်ကန်စွာ အသုံးချတတ်ကြရမှာ ဖြစ်ပေမယ့် နိုင်ငံပစ္စည်း ငါ့ပစ္စည်းလို့သတ်မှတ်ပြီး ပစ္စည်းတွေ အားလုံးကို အာဏာကိုင်ဆွဲထားသူက သူပိုင်ပစ္စည်းအဖြစ် အပိုင်သိမ်းယူလိုက်တာကြောင့် နိုင်ငံတိုးတက်မှုအချိန်က နောက်ကျသွား စေခဲ့တယ်။
(၄) စက်ကိရိယာတွေ တိုးတက်စေမှုရှိရမယ် (Machine)
သူများနိုင်ငံမှာလို လက်မှုနိုင်ငံကနေ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲပြီး မိမိနိုင်ငံတိုးတက်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပေမယ့် စာရေးသူတို့နိုင်ငံမှာ အုပ်ချုပ်သူတွေရဲ့ လွဲမှားတဲ့စီမံခန့်ခွဲမှုအရ စက်မှုနိုင်ငံဖြစ်မလာခဲ့ပါ။ သမားရိုးကျ စိုက်ပျိုးရေးကိုသာ အသုံးချနေကြရတယ်။ ဒီအထဲ လယ်သမားတွေရဲ့ လယ်ယာမြေတွေကိုပါ သိမ်းယူလိုက်ကြတာကြောင့် လယ်ယာမဲ့သမားတွေ ဖြစ်ခဲ့ရတယ်။ နိုင်ငံတိုးတက်စေမှုအတွက် အချိန်နှောင့်နှေး သွားစေခဲ့ပြန်တယ်။
(၅) ဈေးကွက်နာမည်ကောင်းရစေရမယ် (Market Reputation)
နိုင်ငံ တစ်နိုင်ငံ တိုးတက်စေမှုမှာ အဲဒီနိုင်ငံက ထုတ်ကုန်အရည်အသွေးတွေ ကောင်းမွန်ဖို့ လိုအပ်တယ်။ စာရေးသူတို့နိုင်ငံက ၁၉၉၇ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံကို ဝင်ရောက်ခဲ့ပြီး အဲဒီနှစ်မှာပဲ ၂၀၁၅ ခုနှစ် ရောက်ရင် လွတ်လပ်တဲ့ ကုန်သွယ်မှုစနစ်ကို ကျင့်သုံးဖို့ ကြေညာခဲ့ပါတယ်။ ဒီအတွက် ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေပါမှ နိုင်ငံတကာဈေးကွက်မှာ မိမိနိုင်ငံက ထုတ်ကုန်တွေ မျက်နှာပန်းလှပြီး နာမည်ကောင်း ရရှိစေမှာဖြစ်ပါတယ်။ အဲဒီအချိန်က စာရေးသူအနေနဲ့ ၂၀၁၅ ကိုမျှော်ပြီး အရည်အသွေးကောင်း ထုတ်ကုန်တွေ ထုတ်လုပ်နိုင်စေဖို့ အရည်အသွေးပြည့်စီမံခန့်ခွဲမှု သဘောတရားတွေ နိုင်ငံတကာ စံချိန်စံညွှန်းစနစ်တွေကို ဟောပြောပို့ချပေးခဲ့ပေမယ့် အရေးတယူ ပုံဖော်လုပ်ဆောင်မှု မရှိခဲ့ပါ။ ဒီအတွက် အချိန်တွေကို အလဟဿဖြစ်စေခဲ့ပါတယ်။
(၆) စီမံခန့်ခွဲမှုကောင်းရမယ် (Management)
စီမံခန့်ခွဲမှုကောင်းတာ ရှုပ်နေတဲ့အရာတွေကို ရှင်းလင်းသွားအောင် လုပ်ဆောင်နိုင်မှုဖြစ်ပြီး စီမံခန့်ခွဲမှုမကောင်းတာက ရှင်းနေတာကို ရှုပ်အောင် လုပ်ဆောင်မှုဖြစ်တယ်လို့ ပညာရှင်တွေက အဆိုရှိပါတယ်။ စာရေးသူတို့ နိုင်ငံက လူမှန်နေရာမှန် မဖြစ်ရာကနေ လွဲမှားတဲ့စီမံခန့်ခွဲမှုတွေအရ အဘက်ဘက်မှာ အောက်တန်းကျခဲ့ရတဲ့အတွက် နိုင်ငံတိုးတက်အောင် လုပ်ဆောင်နိုင်စေဖို့ သူများနိုင်ငံတွေနဲ့ တန်းတူဖြစ်စေဖို့ အချိန်နောက်ကျသွားစေတာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုမှာ နိုင်ငံကိုအုပ်ချုပ်သူတွေမှာ Future Vision လို့ခေါ်တဲ့ အနာဂတ်အမြင်ကောင်း တွေရှိမှာဖြစ်တယ်။
(၇) စိတ်ဓာတ်ကောင်းမွန်ရမည် (Morality)
လူတစ်ဦးချင်းစီမှာ စိတ်ဓာတ်ကောင်းဖို့ လိုအပ်တယ်။ မြတ်ဗုဒ္ဓကလည်း စိတ်ကိုသာ အဓိကဟောကြားခဲ့ပြီး မဟာဂန္ဓာရုံဆရာ တော်ကြီးရဲ့ သြဝါဒမှာ ပထမအချက်က စိတ်ကောင်းရှိဖို့ပထမလို့ မိန့်ကြားခဲ့ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ဘက်ပေါင်းစုံလွဲမှားခဲ့ရာမှာ လူတွေမှာအတော်များများ စိတ်ဓာတ်အားနည်း ချွတ်ယွင်းမှုတွေ ဖြစ်လာနေတာ တွေ့ရမှာဖြစ်တယ်။ မူးယစ်ဆေးတွေ သုံးစွဲတာ၊ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာတာ ရာဇဝတ်မှုတွေများလာတာက ဖြစ်ချင်ရာဖြစ် မောင်ဘချစ် စိတ်ဓာတ်တွေကြောင့် ဖြစ်ပါတယ်။
(၈) အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေမှုရှိရမယ် (Monitoring)
မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်သလား မှားသလားဆိုတာ အမြဲဝေဖန်ဆန်းစစ်မှုတွေ ပြုလုပ်နေကြမှာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းဆီမှာ အားသာချက်တွေနဲ့ အားနည်းချက်တွေ ရှိတတ်ရာမှာ အားသာချက်များပါမှ ဘဝအရည်အသွေး ကောင်းမွန်တိုးတက်လာစေမှာ ဖြစ်ပါတယ်။ အားနည်းချက်များလွန်းရင်တော့ ဘဝတိုးတက်ဖို့ နှောင့်နှေးသွားမှာ ဖြစ်တယ်။ ဒါကြောင့် အမြဲလုပ်ဆောင်နေကြရမှာ ဖြစ်ပါတယ်။
(၉) စိတ်ဓာတ်မြှင့်တင်မှုတွေရှိရမယ် (Motivation)
လူတစ်ဦးချင်းက အချိန်ရရင်ရသလို မိမိကိုယ်မိမိ စိတ်ဓာတ်မြှင့်တင်ပေးမှုတွေကို အမြဲလုပ်နေကြရမှာ ဖြစ်တယ်။ စိတ်ဓာတ်ကျဆင်းနေတဲ့သူက ဘဝတိုးတက်မှုမရှိစေနိုင်ပါ။ နိုင်ငံအုပ်ချုပ်ပေးသူတွေကလည်း မိမိနိုင်ငံ တိုးတက်စေဖို့ အမြဲစိတ်ဓာတ်မြင့်မားစေရမှာ ဖြစ်တယ်။
(၁၀) ရွေ့လျားစေမှုရှိရမယ် (Movement)
မိုင်ပေါင်း ၁၀၀၀ ရဲ့အစက ပထမဦးဆုံးလှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်တယ်လို့ဆိုတယ်။ အကယ်၍သင်က ပထမခြေလှမ်း စတင်မှုမရှိရင် သင်ရောက်နေမှာက မူလနေရာသာ ဖြစ်ပါလိမ့်မယ်။ နိုင်ငံလည်း ဒီအတိုင်းဖြစ်ပါတယ်။ နိုင်ငံတိုးတက်စေဖို့ လုပ်ဆောင်သင့်တာတွေကို စတင်လုပ်ဆောင်ကြရတော့မှာ ဖြစ်တယ်။ ခေတ်နောက်ကြောင်းပြန်တဲ့ အတွေးတွေ လုပ်ဆောင်ချက်တွေကို စွန့်လွှတ်ပယ်ခွာကြရမှာ ဖြစ်တယ်။ တူညီတဲ့ ရွေ့လျားမှုတွေ လုပ်ကြရတော့မှာ ဖြစ်ပါတယ်။
(၁၁) စိတ်ပိုင်းဆိုင်ရာ လျင်မြန်ဖျတ်လတ်မှုရှိစေရမယ် (Mental Agility)
ဒါကတော့ လူတစ်ဦးချင်းက အလုပ်လုပ်ရာမှာ ဆုံးဖြတ်ချက်တွေ တုံ့နှေးတုံ့နှေးမဖြစ်စေဘဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်လုပ်ဆောင်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တုံ့နှေးမှုက တိုးတက်မှုကိုလည်း နှောင့်နှေးစေမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်စေဖို့ အရေးအကြီးဆုံးက အချက်အလက်တွေကို မှန်ကန်စွာ စုစည်းရယူတတ်မှု ရှိမှာဖြစ်ပြီး ဆုံးဖြတ်ပြီးရင်တော့ မိမိဆုံးဖြတ်ချက်ကို မြန်ဆန်စွာ အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။ အချိန်စီမံခန့်ခွဲမှုမှာ ဆုံးဖြတ်ပြီးရင် ချက်ချင်းလုပ် Do it now လို့ဆိုပါတယ်။
(၁၂) ပို၍ပို၍လုပ်ဆောင်ကြရမယ် (More)
သဘောကတော့ အထက်ပါအချက်တွေ အပါအဝင် မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် လုပ်ဆောင်သင့်တာတွေကို ပိုမိုများပြားစွာ လုပ်ဆောင်ကြရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အချိန်တိုတွင်းမှာ အလုပ်တွေ များများပြီးရမယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ လူတစ်ဦးချင်းမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ပြည့်ဝစွာရှိနေကြမယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအတွင်း နိုင်ငံရဲ့ အရည်အသွေးတွေ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အချိန်ကို တန်ဖိုးရှိစွာအသုံးချရာမှာ M – 12 လုံး အတိုင်းပုံဖော်ကြပါလို့ တိုက်တွန်းလိုကြောင်းပါ။
မှန်ကန်တဲ့ ပညာတွေရှိ၊ မှန်ကန်တဲ့အသိတွေရှိ၊ မှန်ကန်တဲ့အတွေးတွေရှိ၊ မှန်ကန်တဲ့ အမြင်တွေရှိကြပြီး မှန်ကန်တဲ့ ရလဒ်ကောင်းတွေရအောင် အကောင်အထည်ဖော်နိုင်ကြပါစေ။










