တာဝန်

တာဝန်
Published 28 December 2016
ကိုသိန်း(ကျောက်ကြီး)

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းအသီးသီးမှာ ခေတ်စနစ်နဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ် ထောက်ပြထားတဲ့ ဆောင်းပါးတွေ သတင်းတွေကိုဖတ်ပြီး စာရေးသူ တာဝန်မကျေသလို စိတ်ထဲခံစားနေမိပါတယ်။ ယခင်အစိုးရလက်ထက်က လစဉ်ပုံမှန် ဆောင်းပါးနှစ်ပုဒ် သုံးပုဒ်လောက် ရေးဖြစ်နေပေမယ့် ဒီနေ့အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ဆောင်းပါးတစ်ပုဒ်ကို ရေးဖို့တောင် လက်တွန့်နေပါတယ်။
ကိုယ့်စီးပွားရေးနဲ့ကိုယ် မလှုပ်မရှုပ်၊ မပြုတ်ဆိုသလိုမျိုး နေထိုင်စားသောက်နေလို့ ရပေမယ့် ကိုယ့်စိတ်ထဲ လိပ်ပြာမသန့်ပါဘူး။ အမြင်မတော်တာတွေ၊ အမြင်မသင့်တာတွေ၊ လွဲမှားနေတာတွေကို ဝေဖန်ထောက်ပြပေးချင်တဲ့ ဆန္ဒကို မလွန်ဆန်နိုင်ပါဘူး။ ဒီတာဝန်ကို ဘယ်သူမှပေးတာမဟုတ်ဘဲ မိမိရဲ့အသိစိတ်ကပဲ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
စာရေးသူတို့ ပြည်သူအများစုဟာ နေ့စဉ် ဘတ်စ်ကားနဲ့ ခရီးသွားနေကြပါတယ်။ မြို့တွင်းမှာပဲဖြစ်ဖြစ်၊ အမြန်လမ်းမှာပဲဖြစ်ဖြစ် ဘတ်စ်ကားနဲ့ ခရီးသွားကြတဲ့အခါ ယာဉ်မောင်းတစ်ယောက်အပေါ်မှာ အသက်တွေ၊ ခန္ဓာတွေပုံအပ်ပြီးသွားနေကြရတာပါ။ ယာဉ်မောင်းတစ်ယောက်ရဲ့ ပေါ့လျော့မှု၊ မဆင်မခြင်မှု၊ အိပ်ငိုက်မှု၊ မူးယစ်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ မသေသင့်ဘဲ သေခဲ့ကြရတဲ့လူ့အသက်တွေ များစွာရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေဟာ ယာဉ်မောင်းတစ်ဦးတည်းရဲ့ အပေါ်မှာ တာဝန်ပုံမချသင့်ပါဘူး။ ယာဉ်လိုင်းပိုင်ရှင်တွေ၊ ယာဉ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာလည်း တာဝန်အသီးသီးရှိနေကြပါတယ်။
အထူးသဖြင့် အဝေးပြေးယာဉ်လိုင်းကြီးတွေ၊ ပြည်တွင်းဘုရားဖူး ယာဉ်လိုင်းတွေမှာ အနည်းဆုံး ယာဉ်မောင်းနှစ်ဦးလောက် ရှိနေသင့်ပါတယ်။ အချို့ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းတွေ အလှည့်ကျစနစ်နဲ့ အနားပေး မောင်းနှင်နေတာ တွေ့နေရပေမယ့် အချို့သောယာဉ်လိုင်းတွေမှာ ယနေ့အချိန်အထိ ယာဉ်မောင်းတစ်ဦးတည်း သုံးနေကြဆဲဖြစ်ပါတယ်။ အဝေးပြေးခရီးစဉ်မှာ ယာဉ်မောင်းတစ်ဦးတည်းကို အသုံးပြုနေတဲ့ ယာဉ်လိုင်းတွေကို ထိထိရောက်ရောက် စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်။
ဘယ်လောက်ပဲ ကြံ့ခိုင်ပါတယ်၊ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ယာဉ်မောင်းတွေဖြစ်စေ အချိန်ကြာလာတာနဲ့အမျှ အမြင်ေ၀ဝါးတာ၊ သတိလက်လွတ်ဖြစ်တာ၊ ငိုက်မြည်းတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယနေ့ ယာဉ်မတော်တဆဖြစ်ပြီး အသက်တွေ ဆုံးရှုံးနေကြရတာဟာ စံချိန်မမီတဲ့လမ်းတွေအပြင် ယာဉ်မောင်း တစ်ဦးတည်းကို အသုံးပြုနေတဲ့ အနေအထားတွေကြောင့် အများဆုံးဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။
ယနေ့ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစုဟာ ပုဒ်ပြတ်စနစ်ကို အဓိကထားပြီး နေ့စဉ်ပြေးဆွဲနေကြပါတယ်။ ပုဒ်ပြတ်စနစ်ဆိုတာ ယာဉ်လိုင်းရဲ့ယာဉ်ပိုင်ရှင်တွေက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို နေ့စဉ်အုံနာကြေးနဲ့ ယာဉ်ကြောင်းရေ သတ်မှတ်ပြေးဆွဲခိုင်းခြင်း ဖြစ်ပါတယ်။
ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက အုံနာကြေးအပြင် ဆီဖိုးအတွက်ပါ ရှာပေးရပြီး ပိုတဲ့ငွေကိုသာ ခွဲဝေယူရခြင်းဖြစ်ပါတယ်။ ယာဉ်မောင်းတစ်ဦးက စာရေးသူကိုပြောပါတယ်။ နေ့စဉ် ယခုလို ယာဉ်တွေအပြိုင်အဆိုင် လုမောင်း ကျော်တက်ပြဿနာတွေ အမျိုးမျိုးတက်နေတာ ပုဒ်ပြတ်စနစ်ကြောင့် ဖြစ်ကြောင်း၊ ကိုယ့်မိသားစု စားဝတ်နေရေး ပြေလည်ရေးအတွက် ယခုလိုမှမလုပ်ရင် ထမင်းနပ်မှန်မှာ မဟုတ်ကြောင်း၊ ယာဉ်မောင်းယာဉ် နောက်လိုက်တွေ စားဝတ်နေရေး မပြေလည်သေးသမျှ ဘယ်လောက်ပဲစည်းကမ်းတွေ ထုတ်ထုတ်၊ အရေးယူမှုတွေလုပ်လုပ် ယခုလို ပြဿနာဖြစ်ပွားမှုတွေ ကြုံတွေ့နေရဦးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ နေ့စဉ် မိသားစုစားဝတ်နေရေး အခက်အခဲတွေ့နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့် နေတာတွေကို မဖြေရှင်းပေးနိုင်မှုတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် မလုံခြုံ မှုတွေကို ဖြစ်ပေါ်နေစေတဲ့ ခိုးဆိုးလုယက် အကြမ်းဖက်ဖက်လုပ်ရပ်တွေကို မတားဆီးနိုင်မှုတွေ၊ မိမိတို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဒေါ်လာငွေကြေးမြင့်တက်မှုတွေ၊ နေ့စဉ် မိသားစုစားဝတ်နေရေးကို လမ်းဘေးဈေးသည်ဘဝနဲ့ ဖြေရှင်းပေးနေရတဲ့ လမ်းဘေးဈေးသည်အများစုကို နေရာထိုင်ခင်း အလုံအလောက် မဖန်တီးပေးနိုင်မှုတွေဟာ ပြုပြင်ပြောင်းလဲရေး မလိုလားသူတွေရဲ့ ထိုးနှက်ချက်တွေ နိုင်ငံရေးအသုံးချမှုတွေအဖြစ် ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ အချက်ကို အလေးအနက်ထားကြဖို့ လိုပါတယ်။
ကြီးမားတဲ့ ပြဿနာတစ်ရပ်ဟာ အသေးအမွှားက အစပြုတယ်ဆိုတာကိုလည်း လျစ်လျူမပြုကြဖို့ အထူးပဲသတိပြုဖို့ လိုပါတယ်။
အမှန်တကယ်တော့ စာရေးသူတို့ နိုင်ငံပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ်ရောက်ဖို့  လူတိုင်းမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် ပြည်သူတွေကလိုလားလို့ ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်တင် မြှောက်ခဲ့ကြတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ပိုပြီးတာဝန်ရှိနေပါတယ်။
ပြည်သူတွေ ဖြစ်ချင်တဲ့အလိုချင်ဆုံး ဆန္ဒဟာ ပြည်သူကြားထဲမှာပဲ ရှိနေပါတယ်။ ပြည်သူအများစုဟာ ရွှေဈေးကျဖို့၊ ဒေါ်လာဈေးကျဖို့ မတောင်းဆိုပါဘူး။ အဓိက ပြည်သူအများစုကို စိန်ခေါ်နေတဲ့အချက်က ကုန်ဈေးနှုန်း ကြီးမြင့်နေမှုနဲ့ လူသတ်၊ မုဒိမ်းကျင့်၊ ဓားပြတိုက်၊ ခိုးဆိုးလုယက်မှုဖြစ်စဉ်တွေပါ။ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့် လက်ညှိုးထိုးနေတာထက် တိကျပြတ်သားတဲ့ ဥပဒေတစ်ရပ်နဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုပါတယ်။
ပြည်သူတွေရဲ့ လိုအပ်ချက်တွေအပေါ် အဓိကနဲ့ သာမည ခွဲခြားဝေဖန်သုံးသပ်ပြီး တာဝန်ယူ၊ တာဝန်ခံမှုအပြည့်အဝနဲ့ ဖြေရှင်းပေးသွားနိုင်မှသာ ပြည်သူတွေရဲ့ ထောက်ခံယုံကြည်မှု မြင့်မားနေမှာ ဖြစ်ပါတယ်။ ပြည်သူအများစုရဲ့ လိုအပ်ချက်တွေအပေါ် နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ဝေဖန်အကြံပြုချက်တွေ၊ ထောက်ပြပြောဆိုမှုတွေကို တာဝန်ရှိသူအဆင့်ဆင့်ဟာ အလေးအနက်ထားကြဖို့ လိုပါတယ်။
“ဒီမိုကရေစီ စိတ်ဓာတ်ဆိုသည်မှာ ပြည်သူလူထုတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်လည်းရှိပါကြောင်း၊ အားလုံးဝိုင်းဝန်းပြီး ကြိုးစားမည်၊ အားလုံးတွင် တာဝန်ရှိသည်။ မိမိတို့နိုင်ငံ၏ တိုးတက်ရေးသည် အားလုံး၏ တိုးတက်ရေးဆိုသည့် စိတ်ဓာတ်ဖြင့် ကြိုးစားသွားရမည်ဖြစ်ကြောင်း အစိုးရလုပ်ပေးမှုကိုသာ ထိုင်ပြီး ကြည့်မနေစေလိုပါကြောင်း၊ အစိုးရလုပ်တာကိုသာ ထိုင်ကြည့်နေရပြီး အစိုးရလုပ်ချင်တာလုပ်သွားရင် ပြည်သူလူထုအတွက် မကောင်းပါကြောင်း၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းကူညီစေချင်ပါကြောင်း၊ ယခုခေတ်တွင် အားလုံးပါဝင်ရမည် ဖြစ်ပါကြောင်း”  ၂၄-၂-၂၀၁၆ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ် ရတနာမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း (၁) ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်က ပြောကြားထားပါတယ်။
မည်သို့ပင်ဆိုစေကာမူ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအပေါ် ကိုယ်ကျိုးရှာသမားတွေ ရှိနေသေးသမျှ၊ နိုင်ငံနဲ့ လူမျိုးအတွက် ကြီးလေးတဲ့ တာဝန်တွေအပေါ် မလုပ်မရှုပ်မပြုတ် သဘောထားနေသေးတဲ့ လူတန်းစားတွေရှိ နေသေးသမျှ နိုင်ငံပြုပြင်ပြောင်းလဲရေး တာဝန်ဟာ အစိုးရနဲ့ပဲဆိုင်တယ်။ ငါတို့မှာ တာဝန်မရှိဘူးဆိုတဲ့ အမြင်မျိုးတွေ ရှိနေသေးသမျှ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဟာ ထင်သလောက် ခရီးရောက်မှာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေမှာလည်း စိန်ခေါ်မှုတွေ မြင့်မားနေဦးမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Most Read

Most Recent