ကျောင်းသားနှင့် နိုင်ငံရေးပညာ

ကျောင်းသားနှင့် နိုင်ငံရေးပညာ
Published 27 December 2016
မြေနီသစ္စာ

ကိုအောင်ဆန်းသည် အမျိုးသားခေါင်းဆောင်ကြီးဘ၀ စတင်သန္ဓေတည်စဉ်ကာလကစ၍ နောင်သော် ကျောင်းသားခေါင်းဆောင် ဖြစ်လာသည်။ စင်စစ် ကျောင်းသားဘဝမှာပင် နိုင်ငံရေးပညာကို လေ့လာလိုက်စားရာက ကျောင်းသားခေါင်းဆောင်ဖြစ်လာ ခြင်းပင်။
ယင်းနောက် ကျွန်ဘဝက တစ်မျိုးသား လုံးလွတ်မြောက်ရန် ရည်သန်လျက် ကိုနုနှင့်အတူ တို့ဗမာအစည်းအရုံးသို့ဝင်သည်။ နိုင်ငံရေးကိုသာ ဇောက်ချလုပ်ချင်သည့်ကို အောင်ဆန်းသည် ကျောင်းသားခေါင်းဆောင် ဘဝကပင် နိုင်ငံရေးသမား သခင်အောင်ဆန်း ဖြစ်လာသည်။
၁၉၃၂ ခုနှစ် (၁၇) နှစ်သားအရွယ်မှာ ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်သို့ ရောက်၏။ စင်စစ်ရန်ကုန်တက္ကသိုလ်သည် ကိုအောင်ဆန်းအဖို့ နိုင်ငံရေးပညာလေ့လာဆည်းပူရန် အမြုတေရတနာ့ဗိမာန်ကြီးပင်။ စာကြည့်၊ စာဖတ်၊ စာပေလေ့လာရသည်ကို ခုံမင်မြတ်နိုးသော သူမှီခိုအားထားရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တကသ အဆောက်အအုံကြီးကနေ၍ သူ့ခေါင်းထဲသို့ နိုင်ငံရေးအသိပညာနှင့် နိုင်ငံရေးအနုပညာတို့ကို သွတ်သွင်းချီးမြှင့်ပေးခဲ့၏။
၁၉၃၄ ခုနှစ်မှာ ဥပစာတန်းစာမေးပွဲကို ကိုအောင်ဆန်းသည် အမျိုးသားနိုင်ငံရေး၏ အဦးအစဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) ရွေးကောက်ပွဲမှာ ကိုအောင်ဆန်းဝင်ပြိုင်သည်။ နတ်မောက်က တောမြို့သားကလေးကို တက္ကသိုလ်ကျောင်းသားတို့ သိပ်မသိကြသေး၍ ရွေးကောက်ပွဲမှာ ကိုအောင်ဆန်းရှုံးသည်။ “ဒီနှစ်ရှုံးလည်း နောက်နှစ်မုချအရွေးခံရအောင် ကြိုးစားမယ်” ဟူသော အောင်စိတ်ဖြင့် ကိုအောင်ဆန်း ကြိုးပမ်းအားထုတ်သည်။
၁၉၃၅-၃၆ တကသ အမှုဆောင်ရွေးပွဲမှာ ကိုအောင်ဆန်းဝင်ပြိုင်၏။ သူ့ရည်မှန်းချက် အောင်မြင်သည်။ ကိုအောင်ဆန်း အရွေးခံရ၏။ ယင်းကစ၍ ကိုအောင်ဆန်းသည် ကျောင်းသားအဖြစ်နှင့် နိုင်ငံရေးလောကကို စတင်ဝင်ရောက်၏။ ကျွန်ဘဝရောက်နေသော မိမိတစ်မျိုးသားလုံးနှင့် မိမိ၏ နိုင်ငံတော်လွတ်မြောက်နိုင်ရေးကို အခြေအနေ ပေးသလောက်ကို အောင်ဆန်းလှုပ်ရှားလုပ်ကိုင်၏။
ယင်းနောက် ကျောင်းသားသမဂ္ဂ၏ ကြွေးကြော်သံ အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာ ဖြစ်လာ၏။ အိုးဝေမဂ္ဂဇင်းပါ ခွေးသရမ်းကြီး လွတ်နေသည် (Hell Hound at Large) ဆောင်းပါးရေးသူကို မိမိမထုတ်ဖော်နိုင်ဟု ပြတ်သားစွာငြင်းဆိုလိုက်၍ ရန်ကုန်တက္ကသိုလ်က ကျောင်းထုတ်ခံလိုက်ရသည်။ ယင်းသည် နယ်ချဲ့ကပ်ပါး တက္ကသိုလ်အာဏာပိုင်တို့နှင့် ထိပ်တိုက်သူတွေ့ဆုံရခြင်းပင်။ သို့တိုင် ကိုအောင်ဆန်းသည် ၁၉၃၆ မှာ တကသ ဒုဥက္ကဋ္ဌဖြစ်လာ၏။ ဂျူဗလီဟောက ဗကသများအဖွဲ့ချုပ်ညီလာခံမှာ တက်ကြွစွာ မိန့်ခွန်းပြောခွင့်ရလာသည်။ ၁၉၃၇ မှာ သူနေသော စစ်ကိုင်းဆောင် သဟာယနှင့်စာဖတ်အသင်းမှာ ဥက္ကဋ္ဌဖြစ်လာ၏။ နိုင်ငံရေးဆောင်းပါးတွေကို နယူးဘားမားသတင်းစာမှာ သူရေးလာရသည်။ ယင်းနောက် တို့ဗမာအစည်း အရုံးဝင်ဖြစ်လာရုံမျှမက ၁၉၃၈-၃၉ တွင် တကသဥက္ကဋ္ဌပါ ဖြစ်လာလေသည်။ တောက်မည့်မီးခဲကား တစ်ရဲရဲပင်။
(၁၅-၈-၁၉၃၉) တွင် ၁၇ မြေနုလမ်း၊ မြေနီကုန်းရှိ သခင်ဗဟိန်းအိမ်တွင် ကွန်မြူ နစ်ပါတီကို စဖွဲ့ရာ အထွေထွေအတွင်းရေးမှူးအဖြစ် အမြင့်ဆုံးတာဝန်ယူလျက် နိုင်ငံရေးနယ်ပယ်မှာ တက်ကြွစွာ စတင်လှုပ်ရှားတော့သည်။ နိုင်ငံရေးလုပ်၍ ထောင် ၁၅ ရက် ကျခံခဲ့ရ၏။ သခင်အောင်ဆန်း ထောင်ကျချိန် မှာသူ့အသက် ၂၄ နှစ်သာရှိသေး၏။ မကြာမီ တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာသည်။
နိုင်ငံရေးသမားတစ်ဦးအဖြစ်နှင့် ဘဝရေဆန်မှာ အယက်အကန်ခံလျက် ဗေဒါပျံ အံကိုခံနေရသည့်ဘဝသို့ သခင်အောင်ဆန်း ရောက်လာသည်။ ဗြိတိသျှကို လက်နက်ကိုင် တော်လှန်ရေးဖြင့် တုံ့ပြန်တိုက်ခိုက်ရန်အတွက် ဗမာ့ထွက်ရပ်ဂိုဏ်းကြီး၏ အထွေထွေ အတွင်းရေးမှူးနေရာကို သူရယူလိုက်၏။ ယင်းနောက် သခင်အောင်ဆန်းသည် အိန္ဒိယ အမျိုးသားကွန်ဂရက်ညီလာခံ (ရမ်းဂါး) သို့ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့နှင့်အတူ (၂၂-၃-၁၉၄၀) နေ့မှာ သွားတက်၏။ သခင်အောင်ဆန်း၏ ပထမဆုံးပြည်ပခရီးပင်။
ယင်းနောက် သခင်အောင်ဆန်းသည် သခင်ဗဟိန်း၊ သခင်လှဖေ (ဗိုလ်လကျ်ာ)၊ သခင်လှမောင် (ဗိုလ်ဇေယျ) တို့အပါအဝင် (၂၁-၇-၁၉၄၀) ညသန်းခေါင်ယံ၌ တကသ အဆောက်အအုံပေါ်တွင် မြန်မာ့ကိုယ်ပိုင် စစ်တပ်ရှိလာရေးအတွက် ပြည်ပသို့ထွက်ခွာရန် အစီအစဉ်ချကြ၏။ ယင်းနောက် သခင်လှမြိုင် (ဗိုလ်ရန်အောင်) နှင့်အတူ (၈-၈-၁၉၄၀) တွင် တရုတ်ပြည်သို့ထွက်ခွာသည်။
စင်စစ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာသည့် သခင်အောင်ဆန်းသည် ၁၉၃၉ မှ ၁၉၄၂ (သုံးနှစ်တာ ကာလအတွင်း) အသက် ၂၇ နှစ်အရောက်တွင် မြန်မာ့မြေပေါ်တွင် B.I.A ကိုယ်ပိုင်စစ်တပ်ကြီး ပေါ်ပေါက်လာသည်ထိ ကြိုးပမ်းနိုင်ခဲ့သူပင်။
ယင်းကဲ့သို့ ဦးဆောင်ြ့ကိုးပမ်းနိုင်ခဲ့ခြင်းသည် ကျောင်းသားဘဝကစ၍ နိုင်ငံရေးပညာကို လေ့လာပွားများ အားထုတ်ခဲ့၍ပင်။ နိုင်ငံရေး ပညာအခြေခံလျက် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတော်အာဏာရရှိရေးတို့ထိ ဘက်စုံလက်တွေ့ ပေါ်ပေါက်ထွန်းပေါက်လာသည်ထိ ခေါင်းဆောင်အဖြစ်နှင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ခြင်းပင်။
အညာဒေသက တောမြို့သားကလေး ကိုအောင်ဆန်းဘဝကနေ၍ အသက် ၃၀ ကျော်မှာ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်လာသည်ထိ ကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်လာသည်မှာ စင်စစ် နိုင်ငံရေးပညာ (Political Science) ဖြင့် ထိုးတင်ပင့်မြှောက်လျက် ရဲရဲတောက်ဘဝသို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။ ယင်းကြောင့် နိုင်ငံရေးပညာက အမျိုးသားခေါင်းဆောင်ကြီး ဖြစ်လာသည်အထိ အောင်မြင်မှုသရဖူ ဆောင်းနိုင်အောင် မြေတောင်မြှောက်ပေးနိုင်ခဲ့လေသည်။ ယင်းသို့ဆိုပါလျှင် နိုင်ငံရေးပညာကို အဘယ်ကြောင့် ကျောင်းသားများတွင် သင်ကြားပို့ချမှုမပြုခဲ့ ကြပါသနည်း။
နိုင်ငံရေးပညာသင်ကြားမှုကို ခံယူရရှိခြင်းဖြင့် လူတိုင်းလူတိုင်းသည် မိမိပြုလုပ်ပေးရမည့် လူ့တာဝန်၊ လူ့ဝတ္တရားနှင့် လူသားတိုင်း ရရှိနိုင်မည့် အကျိုးစီးပွားတို့ကို သိရှိလာမည်။ နားလည်လာမည်။ ခံယူတတ်လာမည်။
နိုင်ငံရေးပညာသည် လူတန်းစားတစ်ရပ်က အခြားလူတန်းစားတစ်ရပ်အပေါ် ဗိုလ်ကျစိုးမိုးခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ အခွင့်အရေး မတရားရယူခြင်းတို့ကို စက်ဆုပ်ရွံ့ရှာဖွယ်အဖြစ် နားလည်ခံယူလျက် တရားမျှတသော လူ့ဘောင်လောကကြီး ထွန်းကားပေါ်ပေါက်လာရေးကို အားပေးရှေးရှု၏။
နိုင်ငံရေးပညာသည် အသိဉာဏ်ဆိုင် ရာဖွံ့ဖြိုးတိုးတက်မှုကို အစဉ်ရှေးရှုလျက် လွတ်လပ်စွာ တွေးခေါ်မြော်မြင်ရေးကို အစဉ်အားပေး၏။ နိုင်ငံရေးပညာသည် ရိုးသားစွာ ဖြောင့်မတ်ကျင့်သုံးအပ်သော တရားဥပဒေ စိုးမိုးရေးနှင့် တရားဥပဒေစီရင်ဆုံးဖြတ်ရေးတို့ကို အမှန်တရားပေါ်တွင် အစဉ်ရပ်တည်၏။ နိုင်ငံရေးပညာသည် လူသားတိုင်း လူမျိုး၊ ဘာသာ၊ အသားအရောင်မခွဲခြားဘဲ တစ်ဦးသဘောထားကို တစ်ဦးက လေးစားနားလည်လျက် အပြန်အလှန် လိုက်နာကျင့်သုံးမှုတို့ဖြင့် ရှေးရှုဆောင်ရွက်ပေးသည်။
နိုင်ငံရေးပညာသည် အခြေခံအားဖြင့် ရိုးသား၏ အမှန်တရားကိုရှေးရှု၏။ ယင်းကြောင့် အမှား မတရားမှန်သမျှကို ချေဖျက်သုတ်သင်၏။
အကယ်၍ ယနေ့ကစ၍ ကျောင်းတိုင်း ကျောင်းတိုင်းမှာ နိုင်ငံရေးအသိပညာကို သင်ကြားပို့ချပေးသွားမည်ဆိုပါက မိမိတို့မှီတင်းနေထိုင်သော ဤပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် ကာလတိုအတွင်းမှာပင် တိုးတက်လာမည်။ ဖွံ့ဖြိုးလာမည်။ စီးပွားရေးကြီးပွားရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ခေတ်မီနည်းပညာတို့တွင် ထွန်းလင်းတောက်ပလာမည်။ နိုင်ငံသားအားလုံး နိုးကြားတက်ကြွလာမည် သာမက စည်းလုံးညီညွတ်မှုခွန်အားတို့ကြောင့် အရှိန်အဟုန်ကြီးမားသော တွန်းအားဖြင့် ထွန်းကားမြင့်မားလာမည်သာ ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

Most Read

Most Recent