တမြန်နေ့က သတင်းတိုလေးတစ်ပုဒ် ဖတ်ရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ် တိုင်းရင်းသူကျေးရွာအနီး၊ ရတနာလမ်း ဓာတ်တိုင်တစ်တိုင်၏ ကန့်လန့်ဖြတ်တန်းပေါ်၌ လျှပ်စစ်မီးပန်းကူးကာ ရုတ်တရက်မီး လန့်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ မည်သည့်လျှပ်စစ် ပစ္စည်းကိရိယာကြောင့် ဖြစ်သည်၊ မည်သို့သော အကြောင်းဖြစ်သည်ဆိုသည်ကို မသိရ။ သို့သော် ရိုက်ကူးပြထားသည့်ပုံအရ တပ်ဆင်ထားသော ကြွေသီး၏ ချွတ်ယွင်းမှုကြောင့် (ကွဲအက်နေမှုကြောင့်) လျှပ်စစ်မီးပန်းကူးခြင်းဖြစ်ကြောင်း မှန်းဆသိရှိနိုင်သည်။ အင်ဂျင်နီယာ နည်းပညာရှုထောင့်မှ သုံးသပ်ရလျှင် ပမာဏမြင့်မားသော ဗို့အားလိုင်းကြိုး၏ အဝန်းအဝိုင်းတွင် လျှပ်စစ်စက်ကွင်း (El- ectric Field) တစ်ရပ် အမြဲတစေ သဘာဝအလျောက် တည်ရှိနေရကား ယင်းကို ဓာတ်တိုင်နှင့်ခွဲခြားထားသည့် ကြွေသီးကွဲအက်မှုကြောင့် လေမြူမှုန်များအား အိုင်ယွန် (Ion) အဖြစ်သို့ ဓာတ်ပြုပြီး လျှပ်စစ်ခုန်ကူးစေခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်သည်။
အဆိုပါ အကြောင်းတရားဖြစ်ပွားနိုင်ခြေမှာ (၁) အသုံးပြုထားသည့် လျှပ်တားကြွေသီး (Disc Insulator) သည် အက်ကွဲချွတ်ယွင်းနေခြင်း၊ (၂) တပ်ဆင်အသုံးမပြုမီကတည်းကပင် သုံးပြီးသားအဟောင်းဖြစ်နေခြင်း၊ (၃) ပစ္စည်းအသစ်ပင် ဖြစ်နေသော်လည်း ပစ္စည်းကုန်ကြမ်း၏ အရည်အသွေးစံမမီခြင်း၊ (၄) အသစ်ဖြင့် လဲလှယ်ချိန်တန်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် မလဲဘဲထားခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
ဤနေရာတွင် ကုန်ကြမ်းပစ္စည်း (Raw Material) ဟု ပြောပါက ေ၀ဝါးမှုအနည်းငယ်ရှိ မည်ထင်သည်။ ဥပမာပြောရလျှင် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ စက်၊ စက်ပစ္စည်း၊ ကိရိယာတန်ဆာပလာများ၌ တပ်ဆင်အသုံးပြုရန် လိုအပ်သော သံ၊ သံမဏိ၊ သတ္တုနှင့် သတ္တုစပ်အမျိုးမျိုး၊ သံလိုက်သောပစ္စည်း အမျိုးမျိုး စသည်တို့မှာ တိတိကျကျပြောရပါက ကုန်ကြမ်းပစ္စည်း မမည်၊ တကယ်တော့ ပြုလုပ်ထားပြီးသည့် အချောထည်ပစ္စည်း (FinishedMaterial) ဟု ခေါ်နိုင်သည်။ ဗို့အားမြင့် လိုင်းကြိုးများနှင့် တွဲစပ်သုံးသော ကြွေထည်ပစ္စည်း (Ceramic) တစ်ခုဖြစ်သည့် ကြွေသီးကို အပူချိန် ၁၂၀၀ မှ ၁၄၀၀ ဒီဂရီ စင်တီဂရိတ်အတွင်းရှိ ဖိုကြီးထဲ၌ အပူပေးထုတ်လုပ်ရသဖြင့် ယင်းသည် အကြမ်းခံခိုင်ခံ့ခြင်း၊ ဖန်သားကဲ့သို့ ကြည်လင်ခြင်း၊ မာကျောခြင်း၊ လျှပ်စစ်စက်ကွင်း (Electric Field) စိမ့်မဝင် ထိုးမဖောက်နိုင်ခြင်း စသည့်ဂုဏ်သတ္တိများစွာဖြင့် ပြီးသော ပစ္စည်း (Material) တစ်ခုဖြစ်လာသည်။
အင်ဂျင်နီယာလောကတစ်ခုလုံးရှိ အဓိက အကိုင်းအခက်သုံးဖြာဖြစ်သည့် စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် မြို့ပြအင်ဂျင်နီယာတို့၏ ယန္တရားလည်ပတ်ခြင်း အတွက် များစွာပံ့ပိုးပေးနေသော အတတ်ပညာရှင်မှာ သတ္တုဗေဒ အင်ဂျင်နီယာပညာရှင်များပင် ဖြစ်သည်။ မျက်မှောက်ခေတ်တွင် ထွန်းကားလာနေသည့် ၎င်းတို့၏ အရေးအပါဆုံးဟု ခေါ်နိုင်မည့်ပညာရပ်တစ်ခုမှာ “ပစ္စည်းသိပ္ပံ” ဘာသာရပ် (Materials Science) ဖြစ်သည်။
ယင်းဘာသာရပ်သည် အင်ဂျင်နီယာ ဆိုင်ရာပစ္စည်းအသီးသီး၏ အတွင်းသားပိုင်း တည်ဆောက်ပုံ၊ အမျိုးမတူပစ္စည်းများ ပေါင်းစပ်ပါဝင်မှု၊ အရည်အသွေးဂုဏ်သတ္တိ၊ ထူးခြားသော သွင်ပြင်လက္ခဏာနှင့် စွမ်းဆောင်ချက် စသည်တို့အား လေ့လာသည့်ဘာသာရပ် ဖြစ်သည်။ သို့ဖြစ်သောကြောင့် ဤပစ္စည်းများသည် အင်ဂျင်နီယာပိုင်းဆိုင်ရာ ထုတ်လုပ်လိုက်သည့် စက်၊ စက်ပစ္စည်း၊ ကိရိယာ တန်ဆာပလာမှန်သမျှ၏ အဓိက အထောက်အကူကျောရိုးအဖြစ် တည်ရှိနေသည်ဟု ဆိုရပေမည်။
ထပ်ဆင့်ရှင်းလင်းရမည်ဆိုပါက အင်ဂျင်နီယာဆိုင်ရာ ထုတ်ကုန်တစ်ခု၏ ဒီဇိုင်းရေးဆွဲရေး၊ ထုတ်လုပ်ရေး၊ ဈေးကွက်ထဲသို့ ရောက်ရှိရေးနှင့် ထိရောက်စွာစွမ်းဆောင်ရေး စသည်တို့မှာ ထိုထွက်ကုန်အတွက် အသုံးပြုခဲ့သည့် ကုန်ကြမ်းပစ္စည်းအပေါ်တွင် အခြေခံအားဖြင့် မူတည်နေသည် ဟုဆိုရမည် ဖြစ်သည်။ ပမာအားဖြင့် အီလက်ထရွန်နစ်ဆိုင်ရာ ပစ္စည်းကိရိယာမှန်သမျှ လျှပ်ကူးချို့ပစ္စည်း (Semi-conducting Material) အပေါ်တွင် အမှီသဟဲပြုရသကဲ့သို့ ဖြစ်သည်။ အလားတူပင် လျှပ်စစ်စက်များနှင့် ကိရိယာ တန်ဆာပလာအားလုံးသည် လျှပ်ကူးပစ္စည်း (Conducting Material)၊ လျှပ်တားပစ္စည်း (Insulating Material) နှင့် သံလိုက်ပစ္စည်း (MagneticMaterial) တို့အပေါ် တည်မှီနေသည်ဟု ဆိုရပေမည်။
ယနေ့သိပ္ပံပညာ ထွန်းကားသောခေတ်ကာလ၌ နည်းပညာသစ်များစွာအား တွေ့ရှိ ဖော်ထုတ်လာခဲ့ခြင်းမှတစ်ဆင့် လူသားတို့၏ဘဝနှင့် နေမှုထိုင်မှုကို သက်သောင့်သက်သာ ဖြစ်လာစေခဲ့ပြီ ဖြစ်သည်။ အဆိုပါ နည်းပညာသစ်များအား ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ အမှန်စင်စစ် အသစ်အသစ်သော ကုန်ကြမ်းပစ္စည်းများ ရှာဖွေရရှိနိုင်မှုအပေါ် တည်မှီနေကြောင်း တွေ့ရ၏။ အင်ဂျင်နီယာဆိုင်ရာ ထုတ်ကုန်တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်နှင့် ပစ္စည်းအရည်အသွေး မြင့်မားမှုအပေါ် ကုန်ကြမ်းပစ္စည်းက အဓိကလွှမ်းမိုးထားနေကြောင်း တွေ့ရပေသည်။
အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာပစ္စည်းများသည် အဓိကအားဖြင့် စက်မှုအင်ဂျင်နီယာဆိုင်ရာပစ္စည်း၊ လျှပ်စစ်အင်ဂျင်နီယာ ဆိုင်ရာပစ္စည်းနှင့် မြို့ပြအင်ဂျင်နီယာဆိုင်ရာပစ္စည်းဟု ကဏ္ဍသုံးခုခွဲခြားထားသည်။ လျှပ်စစ်ကိရိယာသုံး ကုန်ကြမ်းပစ္စည်းများမှာ လျှပ်ကူးပစ္စည်း (Conductor) များ၊ လျှပ် ကူးချို့ပစ္စည်း (Semi-conductor) များ၊ လျှပ်တားပစ္စည်း (Insulator) များနှင့် သံလိုက်ပစ္စည်း (Magnetic Material) များတို့ဖြစ်ကြသည်။
လျှပ်ကူးပစ္စည်း၌သုံးသော သတ္တုများမှာ ကြေးနီ၊ ငွေ၊ ရွှေ၊ အလူမီနီယမ် စသည် တို့ဖြစ်၍ လျှပ်ကူးချို့ပစ္စည်းအတွက် ဂျာမေနီယမ် (Germanium)၊ ဆီလီကွန် (Silicon) ဖြစ်ကာ လျှပ်တားပစ္စည်းအတွက် ပလတ်စတစ်၊ ရော်ဘာ၊ မိုက္ကာ (Mica)၊ စက္ကူ၊ ကြွေထည်တို့ ဖြစ်သည်။ သံလိုက်ပစ္စည်းအတွက် မူသံ၊ ဆီလီကွန်သံမဏိ၊ အယ်လ်နီကို (Alnico)၊ သံပါဝင်ပစ္စည်းများ စသည်တို့ဖြစ်၏။ လူအများနှင့် ယေဘုယျအထိအတွေ့များ သည့်ပတ်လမ်းဖြတ်ခလုတ် (Circuit Breaker) ကို ဥပမာထားပြောပါမည်။
လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် စွမ်းအားစနစ်တစ်ခုတွင် အပြစ်ဖြစ်ပါက ပတ်လမ်းဖြတ်ခလုတ်သည် မြန်ဆန်စွာအချိန်မီ အလုပ်လုပ်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ပတ်လမ်းကိုပွင့်စေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ ပမာဏကြီးမားသည့် လျှပ်စီးကို ယင်းပတ်လမ်း ဖြတ်ခလုတ်ရှိ ထိပွိုင့် (Contact Point) နှစ်ခုက ထမ်းထားရမည်ဖြစ်သဖြင့် ဖြစ်ပေါ်လာသော လျှပ်စစ်မီးပန်း၏ လောင်ကျွမ်းမှု အပူရှိန်အား တာရှည်ခံနိုင်ရပေမည်။ အဆိုပါပွိုင့်များအား ကြေးနီစစ်စစ်၊ သို့မဟုတ် ကြေးနီသတ္တုစပ်ဖြင့်လည်းကောင်း၊ ငွေသတ္တုစပ်ဖြင့် လည်းကောင်း၊ အခြားလျှပ်ကူးပစ္စည်းများဖြင့် လည်းကောင်း ပြုလုပ်ထားရာ အလွယ်တကူ လောင်ကျွမ်းပွန်းစားမသွားစေရန် အရည်အသွေးမြင့် သတ္တု၊ သတ္တုစပ်တို့ကို ရွေးချယ်သုံးစွဲရန်လိုပေသည်။ ဈေးကွက်စီးပွားရေး၏ သဘောသဘာဝအရ သူ့ထက်ငါ ဈေးနှုန်းသက်သာသည့် ကုန်ချောပစ္စည်းများ ဈေးကွက်ထဲသို့ ထုတ်လုပ်ထိုးဖောက်လျက်ရှိရာ ပစ္စည်းအရည်အသွေးကို လျှော့ချ၍ (တစ်နည်းအားဖြင့် ဈေးနှုန်းသက်သာစေရန်) ထုတ်လုပ်ရောင်းချနေခြင်းကြောင့် ကုန်ချောပစ္စည်းကိရိယာ၏ ရေရှည်ခံနိုင်စွမ်း လျော့ကျသွားရုံသာမက သက်တမ်းထက်ဝက်ခန့်မျှတွင် ယိုယွင်းပျက်စီးသွားတတ်ပေသည်။
မြန်မာနိုင်ငံအတွင်းသို့ လက်ရှိတင်သွင်း သုံးစွဲနေကြသည့် တစ်ဖက်နိုင်ငံမှ လျှပ်စစ်ပစ္စည်း ကိရိယာများသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း တိကျမှန်ကန်သောသတ္တု၊ သတ္တုစပ်ဖြင့် ပြုလုပ်ထားသည့် အရည်အသွေးမြင့် ကုန်ချောပစ္စည်း ဖြစ်မဖြစ်ဆိုသည်ကို မပြောဘဲ သိရှိပြီးဖြစ်ပါလိမ့်မည်။ တစ်ဖက်နိုင်ငံကလည်း ထိုစံမမီသည့် ပစ္စည်းအား ထုတ်လုပ်ရကောင်းလားဟု အပြစ်တင်မစောသင့်၊ ဝယ်ယူသူရှိ၍ ရောင်းသူရှိခြင်းဖြစ်သည်ဟူသော စီးပွားရေးဥပဒေသကို မမေ့သင့်။ ပြီးတော့ သုံးစွဲသူ၊ လက်သင့်ခံသူရှိ၍ကြောင့်လည်း ဖြစ်သည်။
ထိုတစ်ဖက်နိုင်ငံမှပင် အခြားနိုင်ငံများသို့ တင်သွင်းသော ပစ္စည်းကိရိယာများမှာ စံချိန်စံညွှန်းမီနေသည်ကို အံ့သြဖွယ်တွေ့ရ ပြန်သည်။ မည်သည့်အတွက်ကြောင့်နည်း။ ထိုထိုသောအခြားနိုင်ငံတို့သည် ၎င်းတို့နိုင်ငံတွင်းသို့ ပစ္စည်းကိရိယာများ တင်သွင်းခွင့်မပြုမီ တင်ကြို၍ သတ်မှတ်ထားသည့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ အတတ်ပညာရှင်အဖွဲ့ဖြင့် ကြပ်မတ်စစ်ဆေးပြီးမှ ခွင့်ပြုချက်ပေးသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်းသို့ တစ်ဖက်နိုင်ငံက “ပေါချောင်ကောင်း” ပစ္စည်းကိရိယာများ တင်သွင်းသလို အခြားနိုင်ငံများသို့ အလွယ်တင်သွင်းခွင့် မရသောကြောင့် “ပေါချောင်ကောင်း” ပစ္စည်းများအား မထုတ်လုပ်ကြတော့ပေ။
ချုပ်ရလျှင် လက်ခံဝယ်ယူသူရှိ၍ ထို “ပေါချောင်ကောင်း” ပစ္စည်းများ ဤနိုင်ငံတွင်း၌ တွင်ကျယ်ပျံ့နှံ့နေခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် ပေါပြီးချောင်လျှင် မည်သည့်နည်းနှင့်မျှ အရည်အသွေးကောင်းစရာ အကြောင်းမရှိနိုင်သည်ကို သတိချပ်မိချိန်တန်ပြီ ဖြစ်သည်။










