‘နည်းပညာဆိုင်ရာ စိတ်ကူးယဉ်လောက’ (Techno-utopianism) လို့ခေါ်တဲ့ အိုင်ဒီယိုလိုဂျီ အမြင့်ဆုံးအမှတ်ကို ရောက်နေပြီလို့ အနာဂတ်မျိုးဆက်တွေအနေနဲ့ ရှုမြင်လာနိုင်တဲ့ ၂၀၀၉ ခုနှစ်မှာ ဂေါ်ဒွန်ဘရောင်းဟာ TED ကွန်ဖရင့်စင်မြင့်ပေါ် ရောက်လာပါတယ်။ အိုင်တီလောကရဲ့ အတွေးအခေါ်ဆိုင်ရာပွဲကို ဗြိတိန်မှာပြုလုပ်ပြီး ဘရောင်းက နိုင်ငံရေး၊ နည်းပညာနဲ့ (သူ့အခေါ်) စစ်မှန်တဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်း ဖန်တီးရေးဆိုတာတွေကို ပြောဖို့ရောက်လာတာပါ။
သူက အလွန်အားကောင်းတဲ့ မက်ဆေ့ချ်တစ်ရပ်ကို ဖြန့်ဝေခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အသိတရားရဲ့ ပါဝါက ဆက်သွယ်ရေးဆိုင်ရာ ပါဝါနဲ့ မဟာမိတ်ပြုခဲ့ပါတယ်။ နိုင်ငံတကာကို စည်းရုံးနိုင်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည်နဲ့အတူ ကမ္ဘာကို အခြေခံအုတ်မြစ်ကနေ ပြောင်းလဲလိုက်ပါတယ်” လို့ ဘရောင်းက ဆိုပါတယ်။ ဒါဟာ နည်းပညာနဲ့ဆိုင်တဲ့ လူအစုအဝေးကို နိုင်ငံရေးသမားတစ်ယောက်က ပြောလိုက်တဲ့ စကားပါ။ ဘရောင်းရဲ့ သဘောတရားကတော့ “လူတွေဟာ မရှိမဖြစ်သဘောအရကို ကောင်းမွန်တဲ့သူတွေပါ၊ ကျွန်တော်တို့နဲ့ ဘဝတူ လူတွေအတွက် ခံစားနိုင်ပြီး နည်းပညာဟာ ပိုမိုကောင်းမွန်မှုတွေကို ဆောင်ရွက်ပေးနိုင်တဲ့ အရာပါ၊ နည်းပညာက ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ အကောင်းဆုံးကို ကြိုးကိုင်ပေးပါလိမ့်မယ်” ဆိုတာပါပဲ။
ဘရောင်းဟာ ခပ်ပိန်းပိန်း လူတစ်ယောက် မဟုတ်သလို ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးလည်း မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့အားလုံး ယုံကြည်ထားတဲ့အရာ ပါ။ ၂၀၀၉ ခုနှစ်ဟာ အီရန်နိုင်ငံရဲ့ “Facebook တော်လှန်ရေး” နှစ်ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့“You Tube တော်လှန်ရေး” လို့လည်း ခေါ်ပါတယ်။ နောင်များစွာကြာမှ “Twitter တော်လှန်ရေး” ဖြစ်လာတာပါ။ဘရောင်းက လစ်ဘရယ်ကျတဲ့ တိုးတက်မှုတွေက ဖန်တီးလိုက်တဲ့ နည်းပညာတွေအကြောင်း ပြောနေတာပါ။
အဲဒီ TED ကွန်ဖရင့်မှာဘဲ နောက်ထပ် အသံတစ်သံကို ကြားရပါတယ်။ မထင်မရှား ဘီလာရုစ် လူငယ်ပညာရှင် တစ်ဦးဖြစ်တဲ့ ယဲ့ဂန်နီမိုရိုဇော့ဗ်ရဲ့ အသံပါ။ သူက ကွဲပြားခြားနားတဲ့ မက်ဆေ့ချ်တစ်ခုကို ပေးခဲ့ပါတယ်။ သူကတော့ အာဏာရှင်အစိုးရတွေက နည်းပညာကို သူတို့ရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်တယ်၊ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ “နည်းပညာနဲ့ လွတ်လပ်ခွင့်တို့ဟာ မဖြစ်မနေ အတူယှဉ်တွဲလာတာမျိုး မဟုတ်ခဲ့ဘူး၊ ခင်ဗျားသာ ဘီလာရုစ်မှာ မွေးလာတယ်ဆိုရင် သောက်သုံးမကျတဲ့ဟာကို တစ်မိုင်အကွာ လောက်ကတည်းက အနံ့ရမှာပဲ” လို့ သူက ဆိုပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ဒေါ်နယ်ထရန့်က မကြာသေးမီကပဲ နည်းပညာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ နှုတ်ခွန်းဆက် စကားတွေကိုနားထောင်ဖို့ C-Span Video ကို ပြန်ကြည့်ရပါလိမ့်မယ်။ Cisco ကုမ္ပဏီက ချက်ရော်ဘင်က “ဒီနေရာကို လာရောက်ရတာ စိတ်လှုပ်ရှားပြီး အကူအညီပေးဖို့ လိုလားပါတယ်” လို့ ဆိုပါတယ်။ Alphabet နဲ့ Google ကုမ္ပဏီကို ကိုယ်စားပြုတဲ့ အဲရစ်ရှမစ်ကလည်း အဲဒီလိုပြောတာကို အပြည့်အ၀ သဘောတူပါတယ်တဲ့။ Amazon က ဂျက်ဘီဇော့က “ဒီဟင်းလင်းပြင်ထဲမှာ မွမ်းမံဆန်းသစ်မှုတွေအတွက် ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး အရမ်းအရမ်းကို စိတ်လှုပ်ရှားရပါတယ်” တဲ့။ Alphabet နဲ့ Google ရဲ့ လာရီပေ့ချ်ကလည်း “ဒီကို ရောက်လာရတာ တကယ်ကို ပျော်ပါတယ်” တဲ့။
ဒီကမ္ဘာကြီးပေါ်က အင်အားအကြီးဆုံး ကုမ္ပဏီကြီးတွေဟာ ထရန့်နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ အရမ်းအရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်နေကြပါတယ်။ အိုင်တီလောကမှာ ကုမ္ပဏီတွေက အဓိကမဏ္ဍိုင်ပြုရေးအကြောင်း ပြောကြပါတယ်။ ဒါပေမဲ့ အိုင်တီလောကဟာ အဓိကမဏ္ဍိုင်ပြုနေတာ မဟုတ်ပါဘူး။ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေဟာ သူတို့အမြဲတမ်း လုပ်နေတဲ့ အရာကိုပဲ လုပ်နေကြတာပါ။ သူတို့လုပ်နေကြတာက ထရန့် အမြဲတမ်းလုပ်နေတဲ့ အရာလည်းဖြစ်ပါတယ်။ အဲဒီအရာကတော့ ငွေရှာရေးပါပဲ။ အဓိကမဏ္ဍိုင်ပြုရမယ့် အရာကတော့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ ကျွန်တော်တို့ အဓိကမဏ္ဍိုင်ပြုရမယ့် အရာဟာ ကျွန်တော်တို့ကိုယ်တိုင် ပါဝင်တဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစနစ်ပါ။ အဲဒီနှစ်ခုနဲ့ ပါဝါရဲ့ဆက်နွှယ်ချက်ပါ။
ဒါဟာ နည်းပညာက လုပ်ဆောင်ပေးခဲ့တဲ့ အရာပါ။ နိုင်ငံခြားရေးမူဝါဒဟာ ဘယ်တော့မှ ထပ်တူညီထပ်ပြီး မဖြစ်နိုင်ဘူးရယ်လို့ ဂေါ်ဒွန်ဘရောင်းက ပြောခဲ့ပါတယ်။ ဒါဟာ သိပ်ပြီးတော့ မှန်ပါတယ်။ နည်းပညာက နိုင်ငံခြားရေးမူဝါဒကို ထာဝရ ပြောင်းလဲပစ်ခဲ့ရုံ သာမက နိုင်ငံရေးကိုပါ ထာဝရ ပြောင်းလဲပစ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲတွေကိုလည်း ထာဝရ ပြောင်းလဲပစ်ခဲ့ကြောင်း ၂၀၁၆ ခုနှစ်က ကျွန်တော်တို့ကို သင်ကြားပေးခဲ့ပါတယ်။ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ရုရှားအစိုးရဟာ အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက် စွက်ဖက်နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ စီအိုင်အေ အစီရင်ခံစာက ဒါကို သက်သေပြခဲ့ပါတယ်။
အမေရိကန်ဟာ စီအိုင်အေကို နိုင်ငံရပ်ခြားက ရွေးကောက်ပွဲတွေကို စွက်ဖက်နှောင့်ယှက်ရာမှာ အသုံးပြုခဲ့မှုက ဝဋ်ပြန်လည်တယ်လို့ပဲ ဆိုရပါမယ်။ ဒါပေမဲ့ ဒီထက်အများကြီး ပိုပါသေးတယ်။ ဒီမိုကရေစီကိုယ်တိုင်နည်း ပညာရဲ့ စွက်ဖက်နှောင့်ယှက်ခြင်း ခံခဲ့ရပါတယ်။ မေးခွန်းကတော့ နောက်ပြီး ဘာဆက်ဖြစ်မလဲ၊ ဒီအတိုင်း လက်ခံလိုက်ရမလား ဆိုတာပါပဲ။ Google နဲ့ Facebook ကို ကျွန်တော်တို့ရဲ့ ဘုရင်အသစ်တွေအဖြစ် ရှုမြင်ပြီး ကြောက်နေရတော့မှာလား။ ဘယ်သူ့ရဲ့ အီးမေးလ်မဆို ခိုးယူခံရပြီး ပေါက်ကြားနိုင်တယ်၊ သက်သေအထောက်အထားအဖြစ် ချသုံးလို့ရတယ်၊ ခင်ဗျားကို ဒုက္ခရောက်အောင်လုပ်ဖို့ ခင်ဗျားရဲ့ အီးမေးလ်နဲ့ ခင်ဗျား Facebook အကောင့်ကို သုံးလို့ရတယ် ဆိုတာမျိုးကို လက်ခံရမှာလား။ ဒီလိုအနေအထားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာရော ဖြစ်နိုင်ပါ့မလား။ ကိုယ့်ဘာသာ အနှောင့်အယှက်မရှိ အေးအေးဆေးဆေး မနေနိုင်ဘူး၊ လုံခြုံမှုမရှိဘူး။ ဟက်ကာတွေအနေနဲ့ နည်းလမ်းတစ်ရပ်ရပ်ကို ရှာနိုင်တယ်။ တွေ့လည်း တွေ့နိုင်တယ်။
Facebook ရဲ့ သတင်းအတုတွေဖြန့်တဲ့ ပြဿနာကလည်း မသေးလှဘူး။ Facebook ဟာ သတင်းအတုတွေရဲ့ ကြီးမားလှတဲ့ ဂေဟစနစ် မျက်နှာစာကြီးတစ်ခု ဖြစ်နေပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အယ်လွန်တက္ကသိုလ်က ဆက်သွယ်ရေးပညာ တွဲဖက်ပါမောက္ခ ဂျိုနသန်အောဘရိုက်က တကယ့် သက်ရှိလောကကို တုပထားတဲ့ အဲဒီ ဂေဟစနစ်တစ်ရပ်ဟာ နေ့စဉ်နဲ့အမျှ ကြီးထွားလာ၊ အားကောင်းလာနေတာ ကင်ဆာရောဂါလို ပါပဲတဲ့။
ဒီဇင်ဘာ ၁၂ ရက်သတင်းမှာ ဆီးရီးယားက အလက်ပိုမြို့မှာ အပြစ်မဲ့တဲ့လူတွေ အများကြီး သေကြရတယ်။ အဲဒီသတင်းဟာ Top Story ဖြစ်ပေမယ့် ဂါးဒီးယန်းဝက်ဘ်ဆိုက်မှာ လူကြည့်အများဆုံးကတော့ Apple ရဲ့ Macbook Pro အသစ်အပေါ် သုံးသပ်ချက်ပါတဲ့။ ဘာတွေဆက်ဖြစ်လာမှာလဲ။ နည်းပညာကြောင့် ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အမှောင်ထုကြီးက လွှမ်းမိုးသွားတဲ့အချိန်မှာတောင် ကျွန်တော်တို့ကတော့ ပွတ်ကြည့်စရာဖုန်းတွေ တကိုင်ကိုင်နဲ့ ရှိနေမှာပါ။










