မိုးတွင်းကာလဖြစ်တဲ့ သြဂုတ်လဆန်းပိုင်းတွေမှာ မြစ်ရေကြီးခြင်းတွေကို မလွှဲသာ နှစ်စဉ်နီးပါး ကြုံတွေ့လာရပြီးတော့၊ နွေရာသီ ကာလလယ်ဖြစ်တဲ့ ဧပြီလနဲ့ မေလတွေမှာလည်း နှစ်စဉ်သောက်သုံးရေ ရှားပါးပြတ်လပ်ခြင်းကို မြစ်ဝကျွန်းပေါ် ဧရာဝတီသားတွေဟာ အစဉ်အလာတစ်ခုလို ကြုံတွေ့နေရတာ ကြာမြင့်ခဲ့ပါပြီ။
ယခင်အချိန်များက မြစ်ရေကြီးခြင်း ရေကြီးနစ်မြုပ်ခြင်းဆိုသည်ကို သုံးနှစ်လျှင် တစ်ကြိမ်ခန့်သာ ကြုံတွေ့ခဲ့ရတဲ့ ဧရာဝတီဟာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလများမှာ နှစ်စဉ်နီးပါးကို ဆက်တိုက်ကြုံတွေ့ရင်ဆိုင်နေရပါပြီ။ ၂၀၁၆ ခုနှစ် စံချိန်တင် မြစ်ရေချိန် တိုးမြင့်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ မြို့နယ် ၁၈ မြို့နယ်တွင် ရပ်ကွက် ၇၄ ခု၊ ကျေးရွာအုပ်စု ၅၀၇ စု၊ အိမ်ထောင်စုပေါင်း ၁၁၉၈၃၂ စု၊ လူဦးရေ ၄၈၅၂၆၅ ဦးမှာ ရေဘေးသင့်မှုကို ကြုံတွေ့ခဲ့ရပြီး၊ လယ်ဧကပေါင်း ၁၄၀၀၆၂ ဧက၊ သီးနှံစိုက်ပျိုးထားသည့် မြေဧကပေါင်း ၂၀၃၁၉ ဒသမ ၅ ဧက၊ ငါးမွေးမြူရေးလုပ်ငန်းပေါင်း ၁၁၆၁၇ခု ပျက်စီးရှုံးဆုံးခဲ့ကာ ကျွဲနွား ၁၉ ကောင်၊ ကြက်၊ ဝက်၊ ဘဲနှင့် ဆိတ်ကောင်ရေ ၂၈၉၁၆ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။ ရေဘေးကြောင့် အိမ်အလုံးရေ ၁၈၀၄လုံး၊ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၆၂ကျောင်း၊ တိုက်နယ်ဆေးရုံနှစ်ခု၊ ကျေးလက်ကျန်းမာရေးဆေးခန်း ၂၁ ခု၊ စေတီတစ်ဆူ၊ ဘုန်းကြီးကျောင်း ၁၅ ကျောင်း၊ ဆည်နှင့်တာတမံ ၁၅၀ ၊ တံတားပေါင်း ၂၂ စင်းနှင့် စုစုပေါင်း လမ်းပိုင်းအရှည် မိုင် ၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာပြည် အထက်ပိုင်းဒေသတွေမှာ ရေကြီးလို့ အထက်မှရေများ အောက်သို့စီးဆင်းလာပြီးတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ရေကြီးရပါတယ်လို့ လွယ်ကူတဲ့ မှတ်ချက် တစ်ခုနှင့် ကျွန်တော်တို့ ကျေနပ်နေဖို့တော့ မဖြစ်နိုင်ပါဘူး။ အထက်မှ ရေများ ဧရာဝတီကို စီးဆင်းလာပြီဆိုရင်လည်း မြစ်ဝကျွန်း ပေါ်ဒေသမှာ ရေလွှမ်းမိုးခြင်းမရှိရလေအောင် ဆည်မြောင်းတာတမံများကောင်း မွန်ခြင်းရေများလွယ်ကူစွာ စီးဆင်းသွားလာ နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်းများ ရှိနေဖို့လိုနေပါပြီ။ လက်ရှိအချိန်မှာ အစိုးရဌာန အသီးသီးမှ တာတမံများ တူးဖော်ခြင်းပြုပြင်ခြင်း၊ မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်းခြင်းများကို လုပ်ဆောင်နေသည်မှာလည်း နည်းပါးမှုများရှိနေသည်ကို လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဝေဖန်မှုများလည်း ရှိနေပါတယ်။ မြစ်ဝကျွန်းပေါ်ရဲ့ နောက်ဆုံး ရေထွက်ပေါက်တစ်ခုဖြစ်တဲ့ ဟိုင်းကြီးကျွန်းနှင့် လိပ်ကျွန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ သောင်ခုံပြင်တစ်ခုကို တူးဖော်ပြီးတော့ အခြားနိုင်ငံများကို သဲရောင်းချနေခြင်းဟာ မြစ်ဝကျွန်းပေါ်ဒေသ ရေလွှမ်းမိုးမှုကို လျော့နည်းသွားစေလိမ့်မယ်လို့ အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုဟာ မည်မျှသေချာသည်ကို နောက်နှစ်များမှာ ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ်ပေါ်နိုင်သည် မဖြစ်ပေါ်လာနိုင်သည်နဲ့ စောင့်ကြည့်ရမည့် အချက်တစ်ချက်လည်း ဖြစ်ပါတယ်။
ရေကြီးနစ်မြုပ်မှုဟာ ကြိုတင်ခန့်မှန်းထားခြင်း မပြုနိုင်တဲ့ သဘာဝဘေးအန္တရာယ် တစ်ခုလို့ သတ်မှတ်လို့ရတာကြောင့် ရေကြီးနစ်မြုပ်မှုကို လုံးဝမဖြစ်ပွားနိုင်သည်အထိ အစိုးရအဖွဲ့က လုပ်ဆောင်ပေးဖို့ မဖြစ်နိုင်တာကိုတော့ ပြည်သူများက လက်ခံယုံကြည်ပေးနိုင်ပေမယ့် ပူပြင်းခြောက်သွေ့တဲ့ ရာသီရောက်တိုင်း သောက်သုံးရေများ ရှားပါးပြတ်လပ်တဲ့ ဘေးကိုတော့ ကာကွယ်ဖြေရှင်းပေးဖို့ဆိုတာ အရမ်းခက်ခဲတဲ့ ကိစ္စတစ်ခုတော့ မဖြစ်နိုင်တာ သေချာလွန်းပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ နှစ်စဉ်သောက်သုံးရေ ရှားပါးပြတ်လပ်လေ့ရှိတဲ့ ဒေသများဟာ မများလှပါဘူး။ အဓိကအားဖြင့် သောက်သုံးရေ ရှားပါးပြတ်လပ်သည့် ဒေသများဟာ ပင်လယ်ကမ်းနီးဒေသများဖြစ်တဲ့ လပွတ္တာမြို့နယ်၊ ငပုတောမြို့နယ်များပါပဲ။ အခြားသော မြို့နယ်များမှာလည်း သောက်သုံးရေ ရှားပါးပြတ်လပ်လေ့ရှိသည့် ဒေသများရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲခြင်းမရှိတာကြောင့် လိုအပ်သည့် သောက်သုံးရေကို သွားရောက်ပို့ဆောင် ပေးဖို့ဆိုတာ သိပ်မခက်ခဲလှပါဘူး။
မြေအောက်ရေချို မရရှိဘဲ ရေချိုမြစ်များမရှိသည့် ပင်လယ်ကမ်းနီးဒေသများမှာ သောက်သုံးရေ ရရှိနိုင်ဖို့ဆိုသည်မှာ မိုးရေလှောင်ကန်များ တူးဖော်ပေးခြင်းပါပဲ။ ကျေးရွာများအလိုက် လုံလောက်စွာ တူးဖော်ပေးထားနိုင်ခြင်း မရှိသေးသည့် ရေကန်များနှင့် တူးဖော်မှု အရည်အသွေးမပြည့်မီသည့် ရေကန်များကြောင့် လက်ရှိအချိန်ထိ ပြည်သူများမှာ မိုးရာသီကာလ ရောက်တိုင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ကြုံတွေ့နေရဆဲပဲ ဖြစ်ပါတယ်။ အစိုးရပိုင်းက ယခုလုပ်ငန်းစဉ်များအတွက် ပိုမိုအားထုတ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
ဧရာဝတီတိုင်းဒေသကြီးရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းလျာထားချက်ကို အတည်ပြုနိုင်ဖို့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အတွင်းမှာ ဆွေးနွေးခဲ့စဉ်က ဘက်ဂျက်အတွင်း ပြည်သူများရဲ့ အခြေခံလိုအပ်ချက်များကို နည်းပါးစွာထည့်သွင်းရေးဆွဲထားဆိုတဲ့ အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးပြီးပဲ ဖြစ်ပါတယ်။
“အစိုးရဌာနတွေမှာ ကားတွေယာဉ်တွေ ဆိုင်ကယ်တွေ ကွန်ပျူတာတွေ ပရိုဂျက်တာတွေ ဒါမျိုးတွေဝယ်တဲ့စာရင်းတွေက အများဆုံးတွေ့ရှိရပြီးတော့ ပြည်သူလူထုရဲ့ တကယ့်ထိရောက်မယ့် လုပ်ငန်းတွေမှာ အားနည်းနေတယ်လို့ ကျွန်မကမြင်ပါတယ်။ ကျွန်မတို့ပြည် သူတွေဟာဆိုလို့ရှိရင် အခုနွေရာသီ အယ်လ်နီညိုရောက်တဲ့ ကာလမှာဆိုရင် သောက်သုံးရေတောင်မှ အင်မတန်ရှားပါးနေတဲ့ ဒေသတွေမှာ ကျွန်မတို့မြို့နယ်တွေအတွက် သောက်ရေရရှိဖို့ ဖော်ထုတ်ပေးဖို့အတွက် ရေအရင်းအမြစ်ကနေပဲဖြစ်ဖြစ် ကျေးလက်ကနေပဲဖြစ်ဖြစ် ရတဲ့ရေတွင်းပမာဏဟာ ကျေးရွာတစ်ရွာကို တစ်တွင်းတောင်မရပါဘူး။ အဲဒီလိုမျိုး အခြေအနေမှာ ကျွန်မတို့ဌာနတွေဟာ အသုံးအဆောင် ပစ္စည်းတွေကို တောင်းဆိုနေမယ် ဆိုလို့ရှိရင် ကျွန်မတို့ပြည်သူတွေရဲ့ မျက်နှာကို ကိုယ်စားပြုပြီး ကြည့်ပေးပါလို့ အစိုးရကို တိုက်တွန်းပြောကြားလိုပါတယ်” ဟု မြောင်းမြမြို့နယ်မဲဆန္ဒနယ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက လွှတ်တော်အတွင်းမှ ဝေဖန်ပြောကြားခဲ့ရပါတယ်။
ကျေးလက်ဒေသများ သောက်သုံးရေရရှိရေးအတွက် အဓိကအားဖြင့် လုပ်ဆောင်ပေးနေရတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်အတွက် သောက်သုံးရေများ ရရှိနိုင်ရေး ဘက်ဂျက်ခွဲဝေမှုမှာလည်း ယခင်ကထက် အဆများစွာ နည်းပါးနေတာကို တွေ့ မြင်နေရပါတယ်။ ပြည်သူများ သောက်သုံးရေချို လုံလောက်စွာ သောက်ရှိနိုင်ရေးဟာ ဝေးကွာနေဆဲပါ။ သောက်သုံးရေကန်များစွာ ရှိနေပြီး ရေမသုံးရတဲ့ ကျေးရွာများစွာလည်း ရှိနေတာကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ သောက်သုံးရေကန်လား ကျွဲလူးအိုင်ငယ်လား ခွဲခြားမရတဲ့ ရေကန်တွေဟာ ကျေးရွာအနှံအပြားမှာ ရှိနေပါတယ်။ အစိုးရဌာနများကနေ လုပ်ငန်းများကို တင်ဒါဆွဲယူပြီးတော့ လုပ်ဆောင်တဲ့ ကုမ္ပဏီများရဲ့ အားနည်းချက်လား၊ စိစစ်မှုမရှိတဲ့ အစိုးရဌာနများရဲ့ အားနည်းချက်လားဆိုတာ မေးခွန်းထုတ်စရာပါ။ ပြည်သူ့အတွက် အကျိုးမရှိဘဲ ပြည်သူ့အခွန်ဘဏ္ဍာတွေ ဆုံးရှုံးရမှုတွေမဖြစ်ပေါ်စေဖို့ စစ်ဆေးဆောင်ရွက်ဖို့ လိုပါတယ်။ ဒါတွေဟာ ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာပါလို့ ပြောဆိုလို့ရပေမယ့် အစိုးရသစ်လက်ထက်မှာ လုပ်ဆောင်မယ့် ရေတွင်းရေကန်များရဲ့ လျာထားကုန်ကျစရိတ်ဟာလည်း လွန်စွာများပြားနေတာကို တွေ့မြင်ရပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်ဒေသများ သောက်သုံးရေရှိရေးအတွက် တင်ဒါခေါ်ယူရာမှာ ပေ ၁၀၀ ပတ်လည် အနက်သုံးပေရှိတဲ့ မြေသား ရေလှောင်ကန်တစ်ခု တူးဖော်ခြင်းကို ကျပ် ၇၂ သိန်းအထိ အသုံးပြုတာကို ဘတ်ဂျက်စာရင်းများအရ တွေ့မြင်ရပါတယ်။ ပေ ၁၀၀ ပတ်လည် အနက်သုံးပေရှိတဲ့ မြေသားရေ လှောင်တစ်ခုကို တူးဖော်မယ်ဆိုရင် မြေကျင်း ပေါင်း ၃၀၀ တူးဖော်ရပါတယ်။ ကျေးလက်ဒေသတွေမှာ အမြင့်ဆုံးသော မြေတူးဖော်ခဟာ မြေသားတစ်ကျင်းကို ကျပ်တစ်သောင်းပါ။ မြေသားကျင်းသုံးရာအတွက် ကျပ်သိန်း ၃၀ သာကျသင့်ပါတယ်။ တူးဖော်ပြီးရေကန်ကို ခြံစည်းရိုးကာရံခြင်း၊ ရေတုံကင်များတပ်ဆင်ခြင်းဟာ ငွေကျပ် ၁၀ သိန်းထပ်ပိုမို မကုန်ကျပါဘူး။ မမျှော်မှန်းနိုင်သော ကုန်ကျစရိတ်များ ထည့်သွင်းပေါင်းစပ်ရင်တောင်မှ ပေ ၁၀၀ ပတ်လည် သောက်သုံးရေကန် တစ်ခုဟာ ကျပ်သိန်း ၅၀ အထက် ဘယ်လိုနည်းနဲ့မှ ပိုမိုသုံးစွဲခွင့်ပေးဖို့ လိုအပ်မယ်လို့မထင်ပါဘူး။ Eleven Media Group နှင့် စေတနာရှင်ပြည်သူများရဲ့ ပေ ၂၀၀ ပတ်လည် အနက် သုံးပေ၊ ကန်ပေါင်အမြင့် ငါးပေတူးဖော်လှူဒါန်းခဲ့တဲ့ မြေသားသောက်သုံးရေကန်များရဲ့ ကုန်ကျစရိတ်ဟာ အမြင့်မားဆုံး ကုန်ကျစရိတ်အဖြစ် ကျပ်သိန်း ၆၀ ကျော်သာ ကုန်ကျခဲ့မှုနှင့် နှိုင်းယှဉ်လျှင် အဆများစွာ ကွာဟနေတာကို မြင်ရပါလိမ့်မယ်။ ပြည်သူများအတွက် ရေကန်သုံးကန်ရရှိနိုင်မယ့် အခွင့်အရေးဟာ ရေကန်နှစ်ကန်နဲ့တင် ရပ်တန့်နေခဲ့ရခြင်းကိုလည်း ပြင်ဆင်ပြီးတော့ လုပ်ဆောင်သင့်ပါတယ်။
ရေကြီးနစ်မြုပ်မှုကို ရှောင်လွှဲနိုင်ဖို့ဆိုတာ ခက်ခဲပေမယ့် ပြည်သူများရဲ့ ရေကြည်တစ်ပေါက်သောက်ရဖို့ အခွင့်အလမ်းကိုတော့ ပြည်သူ့အစိုးရဟာ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ ဒုတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေးမှာ ဝါးခယ်မ မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ထောက်ပြဝေဖန်ခဲ့သလို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တကယ်မဖြစ်မနေလို အပ်ခြင်းမရှိတဲ့ အသုံးစရိတ်တွေကို တစ်နှစ်ခန့် သည်းခံချွေတာပြီးတော့ ပြည်သူများနှစ်စဉ် ကြုံတွေ့နေရတဲ့ ရေကြီးနစ်မြုပ်မှုတွေက ကာကွယ်နိုင်ဖို့ တာတမံများပြုပြင်ခြင်း၊ ရေနုတ်မြောင်းများ၊ ချောင်းများ၊ မြစ်များ တူးဖော်ပြုပြင်ခြင်းကို လုပ်ဆောင်မယ်ဆိုလျှင်ပဲ ဧရာဝတီတိုင်းဒေသကြီးရဲ့ ရေကြီးနစ်မြုပ်ဘေးများကို အတော်အသင့် ကာကွယ်လျှော့ချနိုင်ပါလိမ့်မယ်။
နှစ်စဉ်လိုလို သောက်သုံးရေ ရှားပါးပြတ်လပ်နေတဲ့ ကျေးလက်ဒေသနေ ပြည်သူများအတွက် အရည်အသွေး တကယ်ပြည့်မီတဲ့ သောက်သုံးရေကန်များ တူးဖော်ပေးခြင်း၊ အမှန်တကယ် ကုန်ကျနိုင်တဲ့ အသုံးစရိတ်များနဲ့သာ ဘတ်ဂျက်များလျာထားပြီးတော့ အသုံးပြုခြင်းနဲ့ ပြည်သူများရဲ့ သောက်သုံးရေကြည်တစ်ပေါက် သောက်သုံးရဖို့ အခွင့်အရေးကိုလည်း ပြည်သူ့အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့လိုပါတယ်။
ယခုဆိုလျှင် နွေရာသီကာကို မကြာခင်မှာ ရောက်ရှိလာပါတော့မယ်။ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေကို ပြည်သူများ မကြာခင်မှာ ရင်ဆိုင်လာရပါတော့မယ်။ ယခုနှစ်အတွက် ရှောင်လွှဲဖို့ အချိန်ရရှိမှု နည်းပါးခဲ့သည်ဆိုလျှင်တောင်မှ နောင်နှစ်များမှာ ပြည်သူများ သောက်သုံးရေကြည် ဖူလုံရေးအတွက် စတင်ပြင်ဆင်သင့်ပါပြီ။ မိုးရာသီ မရောက်ရှိမီ နွေရာသီကာလအတွင်းမှာလည်း မိုးတွင်းကာလ ရေကြီးနစ်မြုပ်မှုများ ကင်းဝေးစေဖို့အတွက် ကြိုတင်လုပ်ဆောင် နေသင့်ပါပြီလို့ နွေရာသီမှာဆိုရေရှား၊ မိုးရာသီမှာ ရေကြီးနစ်မြုပ်လေ့ရှိတဲ့ မြစ်ဝကျွန်းပေါ် ဧရာဝတီအတွက် အစိုးရအဖွဲ့ကို တိုက်တွန်းလိုပါတယ်။










