ယခုနှစ်ဟာ လက်တင်အမေရိက လက်ဝဲသမားများအတွက် အခက်အခဲတွေ ကြုံတွေ့ရတဲ့နှစ် ဖြစ်ပါတယ်။ လက်ဝဲသမားတို့ရဲ့ ခေါင်းဆောင်ကြီးဖြစ်သူ ဖီဒယ်ကက်စထရို ကွယ်လွန်ခဲ့ပြီး လက်ယာဝါဒီ ဒေါ်နယ်ထရန့် အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရရှိမှုကြောင့် လက်တင်အမေရိက နိုင်ငံတွေအနေနဲ့ အခက်အခဲ တွေကြုံတွေ့ရဖို့ ရှိလာပါတယ်။
သမဂ္ဂခေါင်းဆောင်တွေ၊ ပြောက်ကျား တော်လှန်ရေးသမားထွက်တွေနဲ့ လူထုအုံကြွမှု ဖြစ်ပေါ်စေအောင် လှုံ့ဆော်ပေးတဲ့ လက်ဝဲဝါဒီတွေ ရှိနေတဲ့ လက်တင်အမေရိကတိုက်ဟာ စီးပွားရေး ကျဆင်းနေမှုနဲ့အတူ လူထုထောက်ခံမှုလည်း လျော့ကျစ ပြုလာခဲ့ပါပြီ။
အနီရောင်စစ်စစ် မဟုတ်ဘဲ ပန်းနုရောင်သမ်းနေတဲ့ လက်ဝဲသမားများ ကြီးစိုးရာ လက်တင်အမေရိကတိုက်က ၁၅ နိုင်ငံဟာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှာ တော်လှန်ရေး ဒီရေမြင့်သစ်တွေ ပေါ်ထွန်းခဲ့တယ် ဆိုပေမယ့် ကနေ့အချိန်မှာတော့ လက်ဝဲခေါင်းဆောင်ဟာ ရှစ်ဦးပဲ ကျန်ရှိပါတော့တယ်။
ဗင်နီဇွဲလားနိုင်ငံက ချားဗက်၊ ဘရာဇီးနိုင်ငံက ဒါဆေးလ်ဗားဟာ လူငယ်မျိုးဆက်သစ်တွေကို နေရာလွှဲပြောင်းပေးခဲ့ရပါပြီ။ ထို့ပြင်လွန်ခဲ့တဲ့ တစ်နှစ်ခန့်က လက်ယာခေါင်းဆောင်တွေဟာ အာဂျင်တီးနား၊ ပီရူးနဲ့ ဘရာဇီးနိုင်ငံတို့မှာ အာဏာရရှိခဲ့ကြပါတယ်။ လက်ယာ တိမ်းညွှတ်တဲ့ အတိုက်အခံ ခေါင်းဆောင်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ အနိုင်ရရှိခဲ့ပါတယ်။ ဘိုလစ်ဗီးယားနိုင်ငံက မိုရာလေးစ်ကတော့ စတုတ္ထအကြိမ် အာဏာရယူဖို့အတွက် လူထုဆန္ဒခံယူပွဲမှာ မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၇ ကျရင် လက်ဝဲခေါင်းဆောင်တွေဟာလည်း ရာထူးမှ နုတ်ထွက်ပေးရမယ့် အနေအထား ရှိနေပါတယ်။
အီကွေဒေါနိုင်ငံမှာ သဘောထား တင်းမာတဲ့ စီးပွားရေးသမား ရာဖဲလ်ကိုရီယာဟာ ၁၀ စုနှစ်တစ်ခုအကြာ အာဏာရခဲ့ပေမယ့် ပြည်သူလူထုက မကျေနပ်တဲ့အတွက် နုတ်ထွက်ခဲ့ရပါတယ်။ ချီလီနိုင်ငံမှာလည်း ပြောင်းလဲမယ့် အရိပ်အငွေ့တွေ တွေ့ကြုံနေရပါပြီ။ လူကြိုက်နည်းတဲ့ သမ္မတ ဘာချီလက်ဟာ သက်တမ်းမကုန်ဆုံးမီ အကျင့်ပျက် ခြစားမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး သူ့နေရာ ဆက်ခံရမယ့်သူကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
“တချို့နိုင်ငံတွေမှာဆိုရင် ဥပမာ-ဘိုလီဗီးယားနဲ့ အီကွေဒေါ နိုင်ငံမှာဆိုရင် လက်ဝဲခေါင်းဆောင်တွေဟာ ရာထူးမှ နုတ်ထွက်ခဲ့ပြီး နောက်ပိုင်းမှာ သူတို့ဟာ အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ် ကြိုးစားခဲ့ကြပါတယ်” လို့ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှ ခရစ္စတိုဖာဆာဘာတနီက မှတ်ချက်ချပါတယ်။
“ပန်းနုရောင်ဒီလှိုင်းဟာ နောက်ဆုတ်သွားခဲ့ပါပြီ” လို့ မိုက်ကယ်ရှစ်ဖတာက ပြောကြားခဲ့ပါတယ်။ သူက ဝါရှင်တန်အခြေစိုက် သုတေသန အဖွဲ့အစည်းဖြစ်တဲ့ Inter-American Dialogue ရဲ့အကြီးအကဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ကက်စထရို သေဆုံးမှုဟာ သမိုင်းစာမျက်နှာသစ် တစ်ခုစတင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကက်စထရိုဟာ လက်တင်အမေရိကတိုက်မှာ တရားမျှတမှုရှိရေးနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ လက်ဝါးကြီးအုပ်မှုကို ဆန့်ကျင်ရေးအတွက် ထင်ရှားတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ နောက်လာမယ့် တော်လှန်ရေး မျိုးဆက်သစ်တွေရဲ့ လေးစားအားထားရခြင်းကို ခံခဲ့ရတဲ့ လက်တင်အမေရိကတိုက် လူငယ်တွေဟာ ကျူးဘား တော်လှန်ရေးပုံစံမျိုးကို တုပပြီး လက်ယာဝါဒီ အာဏာရှင်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်တွေဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ အာဏာလုပွဲလို့ခေါ်ရမယ့် စစ်ရေးတိုက်ပွဲကာလရဲ့ ဖြစ်စဉ်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ကျူးဘားနိုင်ငံရဲ့ သြဇာဟာ လက်တင်အမေရိကတိုက်မှာ ကျဆင်းခဲ့ပါပြီ။ ရေနံကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရပါပြီ။ ဗင်နီဇွဲလားဟာ ကျူးဘားနိုင်ငံရဲ့ စီးပွားရေးအရ မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။
ကက်စထရို ကွယ်လွန်ပြီးသည့်နောက် သူ့ရဲ့ညီရာအူးလ် ကက်စထရိုဟာ စိန်ခေါ်မှုနှစ်ခုကို ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ စီးပွားရေး ပုံစံဟောင်းဖြစ်တဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ပြုပြင်ဖာထေးပြီး ဆက်လက် ကျင့်သုံးမှာလားဆိုတဲ့ ပြဿနာ၊ နောက် ပြဿနာတစ်ခုကတော့ သူ့အနေနဲ့ အနားယူဖို့ ၁၅ လသာ ကြာမြင့်တော့မှာဖြစ်ပြီး သူ့နေရာကို အစားထိုးဖို့ မျိုးဆက်သစ် တစ်ယောက်ကို ရှာဖွေထားရှိ ပြီးပြီလားဆိုတဲ့ ပြဿနာဖြစ်ပါတယ်။
ကျူးဘားနိုင်ငံဟာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အရေးပါတဲ့ အနေအထားမှာ မရှိတော့ပါဘူး။ အဲဒီအချက်ကို ဖီဒယ်လ်ကက်စထရိုရဲ့ ဈာပနာ အခမ်းအနားကို တက်ရောက်တဲ့ နိုင်ငံတကာ ခေါင်းဆောင်များကို ကြည့်ရင်သိသာတယ်။ အဲဒီအချက်က ကျူးဘားနိုင်ငံရဲ့ အနေအထား ကျဆင်းနေတယ်ဆိုတာကို ဖော်ပြနေတယ်လို့ ကျူးဘားနိုင်ငံရဲ့ ဗြိတိသျှ သံအမတ်ဟောင်း၊ ဘော့စတွန် တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာန ပါမောက္ခ ပေါလ်ဝက်စတာဟာရေက မှတ်ချက်ချပါတယ်။
ကက်စထရို ကွယ်လွန်ပြီး၊ ထရန့် အနိုင်ရရှိခြင်းတို့ဟာ လက်တင်အမေရိကတိုက်အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ပြုလုပ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
ထို့အတူ ထရန့်အနေနဲ့ ယခင်အမေရိကန် ခေါင်းဆောင်ဟောင်းတွေ တည်ရှိတဲ့ သဘောထားမျိုးနဲ့ လက်တင်အမေရိကနိုင်ငံကို ဆက်ဆံမယ်ဆိုရင် ပဋိပက္ခတွေ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထရန့်ဟာ လက်ဝဲခေါင်းဆောင်သစ်တွေအတွက် နည်းလမ်းသစ်တွေကို ဖော်ဆောင်ပေးမယ်လို့ မျှော်လင့်ရပါတယ်။









