သတင်းများ

သတင်းများ
Published 25 December 2016
ဆောင်းေ၀ (နတ်မောက်)

ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်ဘဝထဲမှာ သတင်းများနှင့် အမြဲတမ်း ပတ်သက်နေကြရပါသည်။ နည်းပညာ ထွန်းကားနေသော ယနေ့ခေတ်ထဲတွင် လူတစ်ယောက်အနေဖြင့် ဘာသတင်းအချက်အလက်မျှမရှိဘဲ တစ်ယောက်တည်း ရပ်တည် နေထိုင်ဖို့ဆိုသည်မှာ မလွယ်ကူသော ကိစ္စဖြစ်ပါသည်။ နေ့စဉ်ဘဝထဲမှ မရှိမဖြစ်သော အရာများထဲတွင် သတင်းအချက်အလက်များလည်း တစ်ခုအပါအဝင် ဖြစ်မည်ထင်ပါသည်။
သတင်းဆိုသော အရာထဲတွင် နိုင်ငံရေးသတင်း၊ ပညာရေးသတင်း၊ စီးပွားရေးသတင်း၊ အားကစားသတင်း စသဖြင့် အရာအားလုံး အကျုံးဝင်နိုင်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် စကားပြောခြင်း၊ သတင်းစာနှင့် ဂျာနယ်များဖတ်ခြင်း၊ ရုပ်သံမီဒီယာများ အသုံးပြုခြင်း၊ အွန်လိုင်းပေါ်ရှိ လူမှုကွန်ရက်များနှင့် ဝက်ဘ်ဆိုက်များ အသုံးပြုခြင်း စတာတွေဟာ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်လိုခြင်းနှင့် အပန်းဖြေလိုခြင်းကြောင့် ဖြစ်သလို သတင်းလိုအပ်ချက်ကြောင့်ဟု ဖြစ်သည်ဆိုလျှင်လည်း ရမည်ထင်ပါသည်။ ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ဖို့အတွက် ကုန်ဈေးနှုန်း အတက်အကျ သတင်းများနှင့် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများ အစရှိတဲ့ သတင်းအချက်အလက်များသိဖို့ နေ့စဉ်ကြိုးစားနေကြရပါသည်။ သတင်းကောင်းများကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ကြရတာရှိသလို သတင်းဆိုးများကြောင့် စိတ်မချမ်းမသာ ဖြစ်ရတာလည်း ရှိနိုင်ပါသည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သတင်းများသည် ကျွန်တော်တို့အားလုံး၏ နေ့စဉ်ဘဝနှင့် အနာဂတ်အတွက် အသုံးဝင်နေသည်သာ ဖြစ်ပါသည်။
ကျွန်တော်ငယ်ငယ်တုန်းက သတင်းနှင့် ပတ်သက်လျှင် တစ်ရွာလုံးမှ လူအားလုံးက ရေဒီယိုကိုသာလျှင် အားကိုးကြရပါသည်။ ရေဒီယို အစီအစဉ်များထဲတွင် ပြည်တွင်းအသံလွှင့် ဌာနများမှ ထုတ်လွှင့်သော သတင်းများပါသလို နိုင်ငံခြားရှိ သတင်းဌာနများမှ ထုတ်လွှင့်လေ့ရှိသော သတင်းများလည်း ပါဝင်ပါသည်။ တောရွာနယ်ဘက်မှာဆိုတော့ လတ်တလော ဖြစ်ပျက်နေသော သတင်းအများစုက အချိန်မီ ရောက်လေ့မရှိသလို ရောက်လာလျှင်လည်း အချိန်အတော်ကြာ နောက်ကျပြီးမှ ရောက်လေ့ရှိသောကြောင့် တောသူ တောင်သားများ၏ ဘဝမှာ သတင်းနှင့် ပတ်သက်လျှင် ရေဒီယိုကိုပဲ အားကိုးအားထား ပြုခဲ့ကြရပါသည်။ ညနေခင်းနေဝင်လို့ အမှောင်ရိပ် သန်းလာပြီဆိုလျှင် ရေဒီယိုရှိသောအိမ်မှာ ရပ်ရွာထဲရှိ သက်ကြီးရွယ်အို လူကြီးများ စုဝေးကြပြီး ရေနွေးကြမ်းအိုးရှေ့ချကာ ရေဒီယိုမှလာသော သတင်းများကို နားထောင်လေ့ရှိကြပါသည်။ သတင်းအစီအစဉ် ပြီးဆုံးပြီဆိုလျှင် လူကြီးများ တစ်ယောက်တစ်လှည့် ကိုယ်ထင်တာကိုယ် ပြောလေ့ရှိကြတာကိုလည်း သတိရမိပါသည်။ ကျွန်တော်တို့ ကလေးတွေကတော့ ဘာမှအထွေအထူး စိတ်ဝင်စားခြင်းမရှိဘဲ အိမ်ကလူကြီးတွေ ပြောတာကိုပဲ ဘေးကနေ ပါးစပ်အဟောင်းသားဖြင့် နားထောင်ခဲ့ကြရပါသည်။
လူကြီးတွေက ခေတ်ကြီးက ဘာဖြစ်တော့မည်၊ ကမ္ဘာကြီးက ဘာဖြစ်နေပြီဆိုတဲ့အခါ ကျွန်တော်တို့ကလေးတွေက ဘာမျှနားမလည်သော်လည်း ကျောင်းရောက်တဲ့အခါ အိမ်မှာ လူကြီးတွေပြောလို့ ကြားခဲ့ရတာတွေကို ကိုယ့်သူငယ်ချင်း အပေါင်းအဖော်တွေကို ပြန်ကြွားပြောဆိုလေ့ ရှိကြပါသည်။ အခုအရွယ်ရောက်လာလို့ အင်တာနက်နှင့် လူမှုကွန်ရက်များကို အသုံးပြုဖြစ်လာတဲ့အခါ သတင်းအချက်အလက်များ၏ အရေးပါပုံကို သတိထားမိလာပါသည်။ ကိုယ့်ပတ်ဝန်းကျင် ကြည့်လိုက်တဲ့မှာလည်း သူငယ်ချင်းမိတ်ဆွေများ အပါအဝင် ဆက်ဆံပတ်သက်နေရတဲ့ လူအများစုသည် အချင်းချင်းတွေ့တဲ့အခါ နေ့စဉ်သတင်းများကို စောင့်ကြည့် လေ့လာနေကြ၊ ပြောဆိုလေ့ ရှိကြတာကိုလည်း မကြာခဏ တွေ့မြင်ရလေ့ပါသည်။
ယနေ့ခေတ် အနေအထားမှာ အရင်နှစ်များနှင့်စာလျှင် ဂျာနယ်၊ သတင်းစာများနှင့် စာအုပ်များ ပိုမိုများပြားစွာ ထုတ်ေ၀ ထွက်ရှိလာကြတာ မြင်တွေ့လာရပါသည်။ ကျွန်တော်တို့ နေထိုင်သည့် လမ်းထိပ်တွင် လမ်းဘေးမှာ ခုံငယ်လေးတစ်ခုနှင့် ရောင်းသော ဆိုင်ငယ်တစ်ခုရှိပြီး မနက်ခင်းဆိုလျှင် ဂျာနယ်များနှင့် သတင်းစာများ မြောက်မြားစွာ ရှိနေတတ်ပြီး ညနေခင်းဆိုလျှင် ကုန်နေတတ်တာ မကြာခဏ တွေ့ရတတ်ပါသည်။ သတင်းဖတ်သူ၊ စောင့်ကြည့်သူနှင့် နားထောင်သူများကို အချို့က သတင်းစားသုံးသူဟု သုံးနှုန်းလေ့ရှိကြပြီး သတင်းစာဂျာနယ်များ အမြဲဖတ်လေ့ရှိပေမယ့် အင်တာနက် အသုံးမပြုသော ကျွန်တော့် ဆရာတစ်ယောက်က လူကိုတွေ့လျှင် “ခုတလော အင်တာနက်မှာ ဘာသတင်းတွေထူးလဲ ပြောစမ်းပါဦး” ဟု မကြာခဏ မေးလေ့ရှိပါသည်။ ကျွန်တော်တို့ ကျင်လည်နေထိုင်နေကြတဲ့ ပတ်ဝန်းကျင်မှာ ဆိုင်ရာဆိုင်ရာ သတင်းများသည် သက်ဆိုင်ရာ အလုပ်များကို အထောက်အကူပြုလေ့ ရှိကြပါသည်။ လွန်ခဲ့တဲ့ တစ်နှစ်က သူငယ်ချင်းတွေနဲ့အတူ နယ်ဘက်ကို ပညာရေးကိစ္စ တစ်ခုဖြင့် တစ်နှစ်ခန့် သွားရောက် နေထိုင်ရတဲ့အချိန် အင်တာနက်လိုင်းကလည်း မကောင်းတဲ့နေရာမှာဆိုတော့ သတင်းစာနှင့် ဂျာနယ်များကိုသာ အားကိုးရပါသည်။ သူငယ်ချင်းတွေစုပြီး သတင်းစာတစ်စောင် နေ့စဉ်ယူကြသလို တစ်ပတ်တစ်ခါထုတ် ဂျာနယ်တစ်စောင်ကိုလည်း ဝယ်ယူလေ့ ရှိကြပါသည်။ ထိုသတင်းစာကို အလှည့်ကျ ဖတ်ကြရပြီး တစ်ခါတစ်ရံ ကိုယ့်အလှည့်မကျရင် နောက်ရက်မှ ဖတ်ရတာလည်း ရှိပါသည်။
ယနေ့ခေတ်တွင် သတင်းများသည် ကျွန်တော်တို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အရာများထဲတွင် ပါဝင်နေသည်ဟု ထင်ပါသည်။ အရင်ခေတ်များနှင့်စာလျှင် ယနေ့အခြေအနေသည် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အရာရာ မြန်ဆန်လွန်းလှသည်ဟု ထင်မိပါသည်။ သတင်းများကလည်း အမြဲတမ်း ပြောင်းလဲလှုပ်ရှား နေတတ်ပါသည်။ ဒေါ်လာဈေးနှင့် ရွှေဈေးများမှာ အချိန်နှင့်အမျှ ပြောင်းလဲနေကြသလို ပြည်တွင်းစစ်ပွဲ သတင်းများဆိုလျှင် မကြားမမြင်ချင်သော်လည်း အချိန်နှင့်အမျှ စောင့်ကြည့် နားထောင်နေကြရပါသည်။ ယနေ့ခေတ်တွင် လူငယ်များနှင့်အတူ အသက်အရွယ် ကြီးရင့်သူများပါ လူမှုကွန်ရက်များ အသုံးပြုလာကြသည်ကို တွေ့လာရပါသည်။ အိမ်ရှင်မများကလည်း ကုန်ဈေးနှုန်း အတက်အကျသတင်း၊ လုပ်ငန်းရှင်များကလည်း စီးပွားရေးနှင့် ပတ်သက်သောသတင်း၊ လူငယ်များကလည်း အလုပ်ခေါ်စာနှင့် ပတ်သက်သောသတင်း၊ နိုင်ငံရေးသမားများကလည်း မိမိသိလိုသော သတင်း စသဖြင့် နယ်ပယ်ပေါင်းစုံမှ လူများသည် သတင်းများကို နေ့စဉ်စောင့်ကြည့် လေ့လာနေကြပါသည်။ သတင်းများ၏ အခန်းကဏ္ဍသည် အရေးကြီးသလိုပင် မှန်ကန်သော သတင်းရအောင် ဖော်ထုတ်သူနှင့် တင်ဆက်သူများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ သတင်းစုံစမ်း ဖော်ထုတ်သူများနှင့် သတင်းမီဒီယာသမားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ ကြားရလျှင် စိတ်မကောင်းဖြစ်ရပါသည်။ သတင်းသမားများ မတရားသတ်ဖြတ်ခံ၊ အနှိပ်စက်ခံ၊ အခွင့်အရေး ချိုးဖောက်ခံရခြင်းစတဲ့ သတင်းများ ကြားရလျှင် ထိုသတင်းသမားနှင့် သူ၏မိသားစုတင် သာမကဘဲ သတင်းစားသုံးသူ ပြည်သူများပါ နစ်နာကြရသည်ဟု ထင်မိပါသည်။ သတင်းရှာဖွေသူနှင့် တင်ဆက်သူများ အခြားတစ်စုံတစ်ရာသော ကိစ္စများကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းစသော ကိစ္စများ ကြုံရကြားရလျှင် ကျွန်တော်တို့လို သာမန်သတင်း စားသုံးသူများအနေဖြင့် စိတ်မကောင်းဖြစ်ရပါသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်က ပြင်သစ်နိုင်ငံရှိ ချာလီဟက်ဘ်ဒို အမည်ရသော မဂ္ဂဇင်းတိုက်တစ်ခုကို အကြမ်းဖက်သမားတစ်စုမှ တိုက်ခိုက်ခံရချိန်တွင် ပြင်သစ်ပြည်သူများ နှင့်အတူ ကမ္ဘာအရပ်ရပ်မှ အမှန်တရား မြတ်နိုးသူများက ထိုမဂ္ဂဇင်းတိုက် နာမည်ကိုရေရွတ်ကာ ‘ငါတို့သည် ချာလီများ ဖြစ်ကြသည်’ ဟုအဓိပ္ပာယ်ရသော စာတမ်းများ ကိုင်ဆောင်ကြကာ ဆန္ဒဖော်ထုတ်ကြခဲ့ကြတဲ့ သတင်းကိုလည်း မီဒီယာများထက်တွင် ဖတ်ရှုခဲ့ရဖူးပါသည်။ ထို့အတူပင် သတင်းရှာဖွေ တင်ဆက်သူများ အကြမ်းဖက်ခံရခြင်း အကြမ်းဖက်ခံရလျှင် မည်သည့် နိုင်ငံကပင်ဖြစ်စေ သူတို့ဘက်က ဝင်ရောက် ထောက်ခံကြတဲ့ သတင်းများကို ကမ္ဘာ့နိုင်ငံများရှိ သတင်းအသီးသီးတွင် မကြာခဏ ကြားရတတ်ပါသည်။ သတင်းအဟောင်းများသည် သင်ခန်းစာ ယူစရာများကိုပေးပြီး သတင်းအသစ်များသည် အနာဂတ်မှာ ဘာလုပ်သင့်သလဲဆိုသည်ကို လမ်းညွှန်ပြသ ပေးလေ့ရှိသည်ဟု ထင်ပါသည်။ သတင်းဆိုသည်မှာ မျက်စိဖြင့်မြင်ရသော သတင်းများရှိသလို နားဖြင့်ကြားရသော သတင်းများလည်း ရှိပါသည်။
မည်သို့ပင်ဆိုစေ သတင်းများကိုတော့ နေ့စဉ်လိုအပ်နေကြဆဲ ဖြစ်ပါသည်။ သတင်းရှာဖွေခွင့်နှင့် လွတ်လပ်စွာ ဖြန့်ဝေခွင့်များနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၁၉ တွင် ‘လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် ရှိပါသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်ပါသည်’ ဟုတွေ့ရပါသည်။ ဤစကားရပ်များကို ကြည့်လျှင် သတင်းရှာဖွေ ဖော်ထုတ်သူနှင့် သတင်းစားသုံးသူများ၏ အခွင့်အရေးများကို တွေ့မြင်ရသလို သတင်းများ၏ အရေးကြီးပုံကိုလည်း တွေ့မြင်ရပါသည်။ သုတနှင့်ရသများအပြင် ကျွန်တော်တို့မျက်လုံး၊ နားများဖြင့် မြင်ရကြားရသော အရာများသည် သတင်းစကားပင် ဖြစ်သည်ဟု ယူဆမိပါသည်။
လူဆိုသည်မှာ တစ်ယောက်တည်းနေလို့မရဘဲ လူ့အဖွဲ့အစည်းအတွင်း လူအများနှင့် ဆက်ဆံပတ်သက်ကြရလေ့ ရှိသောကြောင့် ကိုယ့်ကိစ္စအပြင် အခြားသူများနှင့် ပတ်သက်သော သတင်းများကိုလည်း နားစွင့်နေရမည်သာ ဖြစ်ပါသည်။ သတင်းလွတ်လပ်ခွင့်နှင့် သတင်းတန်ဖိုးကို သိကြသလို သတင်းရှာဖွေသူ တင်ဆက်သူများ၏ တန်ဖိုးများကိုလည်း ကျွန်တော်တို့ လေးစားကြရလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်တို့လို သာမန်သတင်း စားသုံးသူများအနေဖြင့် ထိုသို့ သတင်းရှာဖွေ တင်ဆက်သူများရှိမှသာလျှင် အချိန်နှင့်တစ်ပြေးညီ သတင်းများရရှိနေမည် ဖြစ်ပါသည်။
မည်သူမဆို ဝမ်းသာပျော်ရွှင်စရာကောင်းသော သတင်းစကားများကိုသာလျှင် လိုချင်ကြားချင်ကြပြီး ဝမ်းနည်း နာကျင်စရာကောင်းသော သတင်းများကို ကြားချင်ကြမည်မထင်ပါ။ ဆုံးရှုံးနစ်နာကြရသော သတင်းများကို နားမထောင်ချင်ကြဘဲ ပျော်ရွှင်ဝမ်းမြောက်ရပြီး စိတ်အားတက်ကြွဖွယ် ကောင်းသော သတင်းစကားများကိုပဲ ကြားချင် မြင်ချင်ကြမည် ထင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် သတင်းအသစ်များကို နေ့စဉ်သိရှိ လက်ခံရရှိနေကြရပါသည်။ သတင်းများသည် ကျွန်တော်တို့ နေထိုင်နေသော ပတ်ဝန်းကျင်နှင့် ဖြတ်သန်းနေသော ခေတ်အခြေအနေတို့ကို ပြောပြနေသည်ဟု ထင်ပါသည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းရှိ မရှိမဖြစ် အရေးပါသော အရာများထဲမှာ သတင်းအချက်အလက်များလည်း တစ်ခုအပါအဝင် ဖြစ်မည်ထင်ပါသည်။
ကျွန်တော်ကတော့ နောက်ရက်တွေမှာ ဘာသတင်းအသစ်တွေ ကြားရမလဲဆိုတာကို စိတ်ဝင်စားနေမိပါသည်။

Most Read

Most Recent