ကားငှားစီးသည့် အမျိုးသမီးနှစ်ဦးထံမှ လက်ဝတ်ရတနာများကို ဓားထောက်လုယက်သည့် အငှားယာဉ်မောင်းနှင့် အမျိုးသားတစ်ဦးအား ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိ

ကားငှားစီးသည့် အမျိုးသမီးနှစ်ဦးထံမှ လက်ဝတ်ရတနာများကို ဓားထောက်လုယက်သည့် အငှားယာဉ်မောင်းနှင့် အမျိုးသားတစ်ဦးအား ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိ
Published 24 December 2016
သီဟအောင်

ကားငှားစီးသည့် အမျိုးသမီးနှစ်ဦးထံမှ လက်ဝတ်ရတနာများကို ဓားထောက် လုယက်ခဲ့သည့် အငှားယာဉ်မောင်းနှင့် အမျိုးသား တစ်ဦးအား ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ဒီဇင်ဘာ ၂၂ ရက် ည ၇ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဒေါ်.... သည် တူမဖြစ်သူနှင့်အတူ အင်းစိန်မြို့နယ်မှ နေအိမ်သို့ပြန်ရန် အမှတ် (၄၈) အထူးယာဉ် လိုင်းကားဂိတ်အနီးမှ မက်ဇာအမျိုးအစား အငှားယာဉ်အား ငှားရမ်းပြန်လာခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လာစဉ် အဆိုပါယာဉ်မှာ ဒေါ်.... နေထိုင်သည့် ဗိုလ်ချုပ်လမ်းထဲသို့ ချိုးကွေ့ မောင်းနှင်ခြင်းမရှိဘဲ သံဒင်းလမ်းအတိုင်း မောင်းနှင်သွားကာ ဝါးတစ်ရာ စက်မှုဇုန်ရှိ စက်ရုံတစ်ရုံရှေ့ အရောက်တွင် ယာဉ်မောင်းဖြစ်သူ၏ နံဘေးခုံတွင် ထိုင်နေသည့် အမျိုးသားတစ်ဦးက ဒေါ်....အား ဓားဖြင့်ထောက်ပြီး ယာဉ်မောင်းက “ရှိတာအကုန်ထုတ်ပေး” ဟု ခြောက်လှန့် ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ပြောဆိုသည့်အတွက် ဒေါ်....က ၎င်းဝတ်ဆင်ထားသည့် ပုလဲနားကပ်တစ်ရံ၊ နီလာလက်စွပ် တစ်ကွင်းနှင့် တူမဖြစ်သူ ဝတ်ဆင်ထားသည့် ကျောက်စိမ်းနားကပ်တစ်ရံနှင့် လက်စွပ်တစ်ကွင်းတို့အား ပေးခဲ့ကြောင်း သိရသည်။
ထိုသို့လုယူသွားသူ အငှားယာဉ်မောင်းနှင့် အမျိုးသားတစ်ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံ စုံစမ်းဖမ်းဆီးရာ ၎င်းတို့နှစ်ဦးအား အခင်းဖြစ်ပွားသည့် ည ၁၁ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် (ဏ/၁၄) ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် အမျိုးသားနှစ်ဦးအား စစ်ဆေးရာ ယာဉ်မောင်းမှာ ရွှေပြည်သာမြို့နယ်နေ မြတ်သူ (၂၂ နှစ်) နှင့် ဓားထောက်ခဲ့သည့် အမျိုးသားမှာ ချစ်ထူး (၁၉ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးရမိသူ နှစ်ဦးအား လှော်ကားနယ်မြေရဲစခန်းက (ပ) ၆၉၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားပြီး အခြားလုယက်မှုများ ကျုးလွန်ထားခြင်းရှိ၊ မရှိအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent