ပညာသည်သာ အခရာ

ပညာသည်သာ အခရာ
Published 24 December 2016
ဘစံကောက်

စစ်လက်နက်ပစ္စည်းတွေနဲ့ တက်သိမ်း စရာမလိုဘူး။ ပညာတတ်အောင်သာလုပ် သူ့ ဟာသူ ကျွန်ခံလာလိမ့်မယ်။
                                                                                                                            လီကွမ်ယု
Wisdom ဟူ၍ ခေါ်သော ဉာဏ်ပညာနှင့် ပတ်သက်၍ သီးခြားစေတသိက်မရှိ။ ‘အမောဟ’ ကိုပင်လျှင် ‘ပညာ’ ဟုခေါ်ကြောင်း တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက သူ့ရဲ့ ‘ကိုယ့်ကျင့် အဘိဓမ္မ’ မှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။
သီတဂူဆရာတော် အရှင်ဉာဏိဿရကမူ ပညာဟူသည် အသေးစိတ်နားလည်ခြင်း “Detil Understanding” ကိုပင် ဆိုလိုခြင်းဖြစ်ကြောင်းနှင့် ကျောင်းတွေ တက္ကသိုလ်တွေက သင်ပေးလိုက်တဲ့ ပညာရပ်အပြင် လောကကြီးကို အမှန်တကယ် မိမိကိုယ်တိုင် လျှောက်လှမ်းတဲ့အခါ ဘဝမှာ ကြုံတွေ့လာတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို သိတာလည်း ‘ပညာ’ လို့ ခေါ်နိုင်တယ်ဆိုပြီး ပညာရဲ့ သဘောကို မိန့်တော်မူပါတယ်။
ဆရာတော် မိန့်ကြားသလိုပဲ လောကမှာ အသိဉာဏ်ပညာနဲ့ ပြည့်စုံသူတွေဟာ သူတို့ ကိုယ်သူတို့လည်း ဘဝလမ်းကြောင်း ဖြောင့်တန်းအောင် လျှောက်နိုင်ကြသလို သူတို့ ဦးဆောင်တဲ့ အသိုက်အဝန်းကိုလည်း ဘေးအန္တရာယ်အပေါင်းက ကင်းဝေးအောင်လည်း စောင့်ရှောက်နိုင်တာလည်း တွေ့ရပါတယ်။ ၅၅၀ နိပါတ်တော်တွေကို ပြန်ပြီးကြည့်ရင်လည်း မြတ်စွာဘုရားရှင်ဟာ ဖြစ်လေရာဘဝမှာ သူ့နောက်လိုက် နောက်ပါ အမျိုးအနွယ် အားလုံးကို ချမ်းသာအောင် စောင့်ရှောက်နိုင်တာဟာ ‘ပညာ’ နဲ့ ပြည့်စုံလို့ပါပဲ။ ဒါကြောင့် ပညာနဲ့ဦးဆောင်ရင် ကိုယ်တိုင်လည်း ချမ်းသာနိုင်သလို ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံလည်း ချမ်းသာအောင် ဆောင်ရွက်နိုင်ပါတယ်။
လက်တွေ့ကိုပဲ ကိုယ့်အနီးအနားက နိုင်ငံတွေကိုကြည့်ရင် ဒီအချက်က ထင်ရှားပါတယ်။ ပမာအားဖြင့် စင်ကာပူနိုင်ငံဟာ ၂၇၈ စတုရန်းမိုင်ပဲ ကျယ်ဝန်းပါတယ်။ မူလက တံငါရွာလေးပါ။ သယံဇာတလည်း ဘာမှမထွက်ပါဘူး။ ရေကိုတောင်မှ မလေးရှားနိုင်ငံက ဝယ်ပြီးသောက်ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ စင်ကာပူနိုင်ငံဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး စင်ကာပူလူမျိုးတွေဟာလည်း ချမ်းသာကြပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ သွားလေသူ ဝန်ကြီးချုပ်ဟောင်း ‘လီကွမ်ယု’ ရဲ့ အမြော်အမြင်နဲ့ တိုင်းပြည်ကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်ခဲ့တဲ့ ပညာကြောင့်ပါပဲ။
သူတို့နဲ့ယှဉ်ပြီး ကျွန်တော်တို့နိုင်ငံကို ပြန်ပြီးကြည့်ရင် သယံဇာတလည်း ကြွယ်ဝပါတယ်။ သောက်စရာ ရေချိုလည်း ပေါပါတယ်။ စိုက်ပျိုးတဲ့မြေတွေကလည်း မျိုးစေ့တွေကို သည်အတိုင်းကြဲချလိုက်ရုံနဲ့ကို အလိုလိုထ ပေါက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဖဆပလ အစိုးရလက်ထက်မှာ အစ္စရေးဝန်ကြီးချုပ် ‘အင်ဂူရီယန်’ မြန်မာနိုင်ငံကို အစိုးရဧည့်သည်တော်အနေနဲ့ အလည်လာတော့ အစိုးရက အစ္စရေးဝန်ကြီးချုပ်ကို ပုဂံဘုရားတွေ လိုက်ပို့ပါတယ်။ ပြီးတာနဲ့ ပုပ္ပားတောင် ရှုခင်းတွေကို ကြည့်ရအောင်ဆိုပြီး ရဟတ်ယာဉ်နဲ့ လိုက်ပို့တော့                     ‘ဘင်ဂူရီယန်’ က ရဟတ်ယာဉ်ပေါ်ကနေ အောက်ကိုငုံ့ကြည့်ရင်းက ‘ဧရာဝတီမြစ်’ ကြီးကိုမြင်တော့ တအံ့တသြနဲ့ “အောက်မှာ ရေတွေစီးနေပါလား အဲဒီရေတွေ ဘယ်ကို စီးသွားကြတာတုံး” လို့ မေးတဲ့အခါ လိုက်ပို့တဲ့သူတွေက “ဟုတ်တယ်။ ရေတွေ စီးနေတယ်။ အဲဒီရေတွေက ဒီလိုပဲ ပင်လယ်ထဲ စီးဝင်သွားတာပါပဲ” လို့ ဖြေတော့ သူ့မှာ နှမြောလွန်းလို့ ရင်ဘတ်ဖိရင်း “တောက် ငါတို့တိုင်းပြည်မှာသာ ဒီလိုမြစ်ကြီး ရှိလိုက်ရင်တော့ကွာ” လို့ ဆိုသတဲ့။
တကယ်လည်း အစ္စရေးနိုင်ငံက သဲကန္တာရနိုင်ငံပါ။ စိုက်ပျိုးစရာမြေကလည်း မရှိတော့ ပလတ်စတစ်ကို အောက်ကခင်းပြီး အပေါ်က မြေကြီးတွေတင်။ အဲဒီမြေကို လောင်းဖို့ ရေချိုတွေရအောင် ကြံဖန်သယ်ယူပြီး သစ်ပင်တွေစိုက်ရတာပါ။ ဒါတောင် အဲဒီအချိန်က အစ္စရေးနိုင်ငံဟာ ကမ္ဘာမှာ သစ်ခွပန်းအတင် ပို့ဆုံးနိုင်ငံအဖြစ်နဲ့ နှစ်စဉ်ဝင်ငွေ အမြောက်အမြားရနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ နောက်တော့ ဖဆပလအစိုးရက အစ္စရေးတွေရဲ့ စိုက်ပျိုးရေးနည်းကို သဘောကျပြီး ကိုယ့်နိုင်ငံနဲ့ သင့်လျော်တဲ့ အပင်တွေစိုက်ဖို့ အစ္စရေးနိုင်ငံက စိုက်ပျိုးရေးပညာရှင်တွေကို နှစ်နှစ်စာချုပ်နဲ့ငှားပြီး ဗထူးတပ်မြို့မှာ စမ်းသပ်စိုက်ပျိုးစေပါတယ်။ ဒါနဲ့ ခြောက်လလောက်နေတော့ အစ္စရေးပညာရှင်တွေက ပြန်ဖို့လုပ်ကြတယ်။ ဒီကလည်း နှစ်မစေ့သေးတော့ ပြန်မလွှတ်ချင်ဘူး ဖြစ်နေတယ်။ ဒီတော့ အစ္စရေး စိုက်ပျိုးရေးပညာရှင်တွေက ပြောတယ်။ “မင်းတို့နိုင်ငံမှာ စိုက်သမျှအပင် အကုန်ထပေါက်နေတဲ့ ဥစ္စာ ငါတို့ကဘာထပ်ပြီး စမ်းသပ်စရာလိုဦးမှာလဲ။ ဆက်နေရင်လည်း ပိုက်ဆံကုန်ရုံပဲရှိမှာပဲ” လို့ ဆိုသတဲ့။
အမှန်တော့ ကိုယ်ရနေတဲ့ အခွင့်အလမ်းကောင်းပေါ်မှာ ပညာမတတ်တော့ လိုသလို အသုံးမချနိုင်ဖြစ်နေတာဟာ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခဟူသမျှရဲ့ ပြဿနာအရင်းအမြစ်ပါပဲ။ တခြားမကြည့်ပါနဲ့ ကမ္ဘာပေါ်မှာ မတ္တမြားထွက်တာ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။ ဒါပေမဲ့ ဖဆပလခေတ် တစ်လျှောက်လုံး ကျောက်မျက်ရတနာပြပွဲကနေ ရောင်းချလို့ရတဲ့ တွင်းထွက်ပစ္စည်းတန်ဖိုးဟာ ထိုင်းကုန်သည်တွေ မြန်မာနိုင်ငံက ပတ္တမြားကို ပြုပြင်ပြီးရောင်းချလို့ရတဲ့ တန်ဖိုးထက်တောင်မှ နည်းနေပါသေးတယ်။ ထိုင်း တွေက မြန်မာနိုင်ငံ မိုးကုတ်မြို့က ထွက်တဲ့ ပတ္တမြားတွေကို ဈေးပေါပေါနဲ့ဝယ်။ သူတို့ လက်ထဲရောက်တဲ့အခါ နည်းပညာတွေနဲ့ ပြန်ပြီးပြုပြင် နိုင်ငံတကာဈေးကွက်မှာတင်ပြီး ရောင်းတဲ့အခါ တန်ဖိုးက အဆမတန် မြင့်သွားပါတယ်။ မြန်မာတွေက တစ်ကျပ်နဲ့ ရောင်းလိုက်တဲ့ ပစ္စည်းတစ်ခုဟာ ထိုင်းတွေ ရောင်းတော့ ထောင်နဲ့သောင်းနဲ့ချီပြီး ရသွားတဲ့ သဘောပါပဲ။ ဒါပေမဲ့ နာမည်ကတော့ ကမ္ဘာကျော် မိုးကုတ်ပတ္တမြားပါပဲ။
ဒီလိုပဲ မြန်မာနိုင်ငံကထွက်တဲ့ ကျွန်းသစ်က ကမ္ဘာကျော်ပါတယ်။ တစ်လောကပဲ Facebook မှာ ကမ္ဘာကျော်သန်းကြွယ် သူဌေးကြီးစီးတဲ့ ဇိမ်ခံသင်္ဘောကြီးဟာ မြန်မာနိုင်ငံကထုတ်တဲ့ ကျွန်းသစ်တွေနဲ့ တည်ဆောက်ထားတာပါ။ သင်္ဘောရဲ့ တန်ဖိုးကလည်း သန်းနဲ့ချီပြီးတန်ပါတယ်။ အဲဒီကျွန်းသစ်တွေကို မြန်မာတွေက အလုံးလိုက်ဒီအတိုင်းထုတ် ရောင်းလိုက်တာကို သင်္ဘောထုတ်လုပ်သူတွေက ခွဲစိတ်ပြုပြင်ပြီး သင်္ဘောဆောက်လိုက်တော့ တန်ကြေးက အဆမတန်မြင့်သွားပါတယ်။ မြန်မာတွေကတော့ သစ်အလုံးလိုက် ရောင်းလိုက်ရတာမို့ ထိုက်ထိုက်တန်တန် မရလိုက်ပါဘူး။ ဒါဟာ ကိုယ်ပညာမတတ်လို့ အညွန့်ခူးစားတာ ခံလိုက်ရတဲ့သဘောပါပဲ။
ကျွန်တော်တို့ငယ်ငယ်ကလည်း ရန်ကုန် ပြည်လမ်းမှာ ပြေးဆွဲဖို့ နိုင်ငံခြားက ရထားသစ်ကြီးတွေ ရောက်လာလို့ သွားပြီးကြည့်တဲ့အခါ မြန်မာနိုင်ငံက ရောင်းလိုက်တဲ့သစ်အရိုင်းတွေကို ပြုပြင်ပြီး တည်ဆောက်ထားတဲ့ ရထားတွဲကြီးတွေဖြစ်နေတာ တွေ့ရပါတယ်။ ရထားတွဲတစ်တွဲရဲ့ တန်ကြေးက မသေးလှပါဘူး။ ကိုယ်တွေက ပညာမတတ်တော့ ကိုယ့်နိုင်ငံကသစ်ကို ဈေးပေါပေါနဲ့ဝယ်။ ပြီးတော့ ရထားတွဲကြီးတွေလုပ်ပြီး ကိုယ့်နိုင်ငံကို ပြန်ပြီးရောင်းသွားတာပါပဲ။ ဒါ့အပြင် ကိုယ့်နိုင်ငံ ရေပြင်ကထွက်တဲ့ ပင်လယ်ငါးတွေကို စည်သွတ်ဘူးလုပ်ပြီး ဈေးကြီးကြီးနဲ့ ကိုယ့်ကိုပြန်ရောင်းတော့လည်း မြန်မာပြည်သူတွေ ဝယ်စားရသလို ကိုယ့်နိုင်ငံကထွက်တဲ့ ပဲတွေ၊ ဂျုံတွေ၊ ပြောင်းတွေကိုဝယ်၊ မုန့်လုပ်ပြီး ကိုယ့်နိုင်ငံထဲကို ပြန်သွင်းတော့လည်း ကိုယ့်နိုင်ငံက ကလေးတွေ ဈေးကြီးပေးပြီး ပြန်ဝယ်စားနေရတာဟာ ကိုယ်တွေညံ့လို့၊ ကိုယ်တွေ ပညာမတတ်လို့ သူများလုပ်စားတာ ခံနေရတာပါပဲ။ ဒါကြောင့် တောင်မြို့ မဟာဂန္ဓာရုံဆရာ တော်ဘုရားကြီး ‘အရှင်ဇနကာဘိဝံသ’ က
‘အို အမျိုးသားတို့ ပညာတတ်နည်းပါးသော နိုင်ငံဟူသမျှသည် အဘက်ဘက်မှ အောက်တန်းကျမည်မှာ ဗေဒင်မေးစရာ မလိုတော့ပါ။ အမျိုးကိုချစ်ခင်ကြသော ကျောင်းဆရာကြီးများကလည်း စွမ်းနိုင်သမျှ နည်းကောင်းလမ်းမှန်များကို ညွှန်ပြကြပါ။ ကျောင်းသူ ကျောင်းသားတို့ကလည်း စိတ်ပါလက်ပါ ကြိုးစားကြပါ။ ဓနရှင်လူကြီးလူကောင်းနှင့် သံဃာတော်ပေါင်းကလည်း ပညာရေးတိုး တက်အောင် အဘက်ဘက်က အားပေးကြပါ။ ဤသို့ တစ်နိုင်ငံလုံး ကြိုးစားမှသာ ယခုဘဝ၌ နာလန်ထူပြီးလျှင် သံသရာအဆက်ဆက်လည်း ထက်မြက်သော ဇာတိပညာရှင်များ ဖြစ်နိုင်ကြပါလိမ့်မည်’ ဆိုပြီး တိုင်းပြည်လူမျိုးနဲ့ချီပြီး ပညာအစွမ်း ထက်ထက်မြက်မြက်နဲ့ တိုးတက်အောင် ကြံဆောင်ကြစမ်းပါလို့ နှိုးဆော်ခဲ့ပေတာပေါ့။

Most Read

Most Recent