ချီးမြှောက်သင့်သူများကို ချီးမြှောက်ခြင်း

ချီးမြှောက်သင့်သူများကို ချီးမြှောက်ခြင်း
Published 24 December 2016
ဒေါက်တာခင်မောင်ညို

(၁)
ကျွန်တော်ငယ်ငယ်က စာဖတ်တဲ့မိဘတွေ စာဖတ်တဲ့အဘိုးတွေကြောင့် စာတွေအတော့်ကို ဖတ်မိတယ်။
အဓိက, ကတော့ လူကြီးစကားဝိုင်းထဲ ဝင်ဆံ့အောင်လို့ပါပဲ။ ပါဝင်ပြောခွင့်မရပေမယ့် သူတို့ပြောတာကို နားလည်ဖို့ စာဖတ်ထားရပါတယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ဇဝန၊ သော်တာဆွေ၊ တင့်တယ်၊ ဒဂုံရွှေမျှား၊ မင်းသုဝဏ် စတဲ့စာရေးဆရာတွေကို သိထားပြီး သူတို့ရဲ့စာတွေကို ရင်းနှီးခဲ့တယ်။
သို့သော် တက္ကသိုလ်ရောက်တဲ့အခါ သိပ္ပံဘာသာတွဲ ယူခဲ့ပါတယ်။ ဘာသာရပ်တိုင်းဟာလည်း အင်္ဂလိပ်လိုဖြစ်နေတော့ အတော်ကြိုးစားယူရပါတယ်။ စာမေးပွဲကျမှာ ကြောက်တယ်။ ဒါကြောင့်လည်း မြန်မာစာပေနဲ့ အနေဝေးခဲ့ပါတယ်။ 
ဒါပေမဲ့ ဒုတိယနှစ်မှာ တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းမှာ ဝတ္ထုဝင်ရေးခဲ့တယ်။ တတိယနှစ်မှာ ကာနယ်ဇင်းမဂ္ဂဇင်းမှာ ဝတ္ထုတိုတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။
စာမေးပွဲ အဆင့်ဆင့်အောင်ပြီး ဘွဲ့ရတော့ တက္ကသိုလ်မှာ သရုပ်ပြဆရာဖြစ်လာတယ်။ ကျွန်တော် တက္ကသိုလ်မှာ ဆရာပေါက်စ ဘဝက တက္ကသိုလ်ဆရာအများအပြားနဲ့ ရင်းနှီးခဲ့ရာမှာ မြန်မာစာဆရာတွေ အဓိကပါဝင်တယ်။ အဲဒါကလည်း မော်လမြိုင်ကောလိပ် ရောက်နေလို့ပဲဖြစ်တယ်။ မော်လမြိုင်ကောလိပ်ဆိုတာ တောကြိုအုံကြားထဲ ရောက်နေတယ်လို့ ဆိုနိုင်တယ်။ ဟိုခေတ်က မြို့လယ်ကောင်နဲ့ သုံးလေးမိုင်ဝေးတဲ့ နေရာဟာ တောကြီးမျက်မည်းထဲရောက်နေသလို ညဘက်အဆက်အသွယ် ပြတ်တော့တာပဲ။ ဒါကြောင့် အဆောင်က ဆရာတွေဟာ ဘယ်မှမသွားနိုင်ဘူး။ တစ်နေရာစုပြီး စကားဝိုင်းဖွဲ့ကြပါတယ်။
အထူးသဖြင့် ဆရာဦးအောင်သင်းက စကားဝိုင်းကို ဦးဆောင်ပါတယ်။ တက္ကသိုလ် မင်းမော်၊ ဇော်ဇော်အောင်၊ ဦးဟုန်ဝမ် စတဲ့ ဆရာတွေဟာ နောက်ပိုင်းမှာ နာမည်ကြီးစာ ရေးဆရာတွေ ဖြစ်လာကြသူတွေပါ။ သူတို့ရဲ့ အတွေးအခေါ် အပြောအဆိုတွေကို သဘောကျတယ်။
နောက်ပိုင်း ကျွန်တော်ရဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ကျောင်းသုံးစာအုပ်မှာ ပြဋ္ဌာန်းခဲ့တယ်။ ဒီတော့ စာရေးချင်စိတ်ပိုးတွေ ပိုပြီးဝင်ခဲ့ပါတယ်။ ဆိုးတာက ကျွန်တော်ရေးတဲ့ဝတ္ထုတိုကို ကျောင်းသုံးစာအုပ်မှာ ပြဋ္ဌာန်းပေမယ့်လည်း ကျွန်တော့်နာမည် (ကလောင်နာမည်) လည်းပါမလာဘူး။ ဘယ်သူမှလည်း အသိအမှတ် မပြုဘူး။ ကိုယ့်သားသမီးကို တစ်ယောက်ယောက် ခေါ်သွားပြီး မွေးစားသလို ခံစားရတယ်။ ကျွန်တော်မေးကြည့်တော့ဒါ ပေါ်လစီ လို့ပြောတယ်။ ကျောင်းသုံးစာအုပ်တွေမှာ စာရေးသူတွေရဲ့အမည်ကို ဖော်မပြဘူး။ ဒါဟာ မှားနေမလားလို့ ကျွန်တော်ယူဆခဲ့တယ်။
ဒါပေမဲ့ ကျွန်တော့်လိုလူတစ်ယောက်ဟာ ပြောလို့လည်း မထိရောက်ဘူးဆိုပြီး ဒီအတိုင်း နေလိုက်ပါတယ်။  တကယ်လည်း ကျွန်တော်ရဲ့ စာရေးတဲ့ရည်ရွယ်ချက်ဟာ မျှဝေပေးခြင်းသာဖြစ်လို့ သိပ်လည်းမပြောဖြစ်ပါဘူး။
(၂)
ဒါပေမဲ့ ကြီးလာတဲ့အခါ ဒီအကြောင်း နဲ့ပတ်သက်ပြီး စာတွေဖတ်ကြည့်တော့ ဒီလိုလုပ်ရပ်တွေဟာ မှားနေတယ်ဆိုတာကို မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ကောင်းမွန်တဲ့လုပ်ရပ်ကို အသိအမှတ်ပြုဖို့ လိုတယ်ဆိုတာ သဘောပေါက်လာတယ်။
လောကကောင်းကျိုး တစ်စုံတစ်ခုပြု လုပ်တာကို အသိအမှတ်ပြုမှသာလျှင် သူ့ကို လေးစားရာရောက်တယ်။ ဒီလိုအသိအမှတ်ပြုရုံသာမက ချီးမြှောက်တယ်ဆိုရင် ပိုပြီးကြိုးစားမယ်။ ဒီလိုကြိုးစားရင် တိုင်းပြည်လည်း တိုးတက်မှာပဲလို့ ဆက်စပ်တွေးမိပါတယ်။ ဒီအကြောင်းတွေကို အနောက်တိုင်းက စာရေးဆရာတွေက ဝေဖန်ထောက်ပြထားတယ်။
“မိုက်ကယ် ဖာရာဒေ” ကို ဥပမာအနေနဲ့ ဖော်ပြချင်တယ်။ ဖာရဒေးဟာ ပညာတတ် တစ်ယောက်မဟုတ်ပါဘူး။ သုတေသနလုပ်ရင်း သိပ္ပံပညာအတွက် အကျိုးပြုမှုတွေများစွာကို ဆောင်ရွက်ခဲ့သူဖြစ်တယ်။ သူဟာ လျှပ်စစ်မော်တာရော လျှပ်စစ်ဂျင်နရေတာ (မီးစက်) ကိုပါ တီထွင်ခဲ့တယ်။
တကယ်တော့ လျှပ်စစ်နဲ့လောကကြီးကို တိုးတက်အောင် လုပ်ကြတဲ့နေရာမှာ အရေးကြီးဆုံး ပစ္စည်းသုံးမျိုးပါဝင်တယ်။ အဲဒါတွေကတော့ လျှပ်စစ်မော်တာရယ်၊ လျှပ်စစ်ဂျင်နရေတာ (မီးစက်) ရယ်၊ လျှပ်စစ်မီးသီးတို့ပါပဲ။ ပထမနှစ်မျိုးကို ဖာရာဒေတီထွင်ခဲ့ပြီး ကျန်တစ်မျိုးဖြစ်တဲ့ မီးသီးကို သောမတ်စ်အက်ဒီဆင်က တီထွင်ခဲ့တယ်။ မီးသီးတီထွင်တဲ့ သောမတ်စ်အက်ဒီဆင်ဟာ ချမ်းသာသွားတယ်။ အများကလည်း အသိအမှတ်ပြုကြတယ်။ ဘာကြောင့်လဲ သူကအမေရိကန် ဖြစ်လို့ပဲတဲ့။ ဖာရာဒေးဟာ အင်္ဂလိပ်လူမျိုးဖြစ်တော့ အဆင့်အတန်း ခွဲခြားတဲ့အင်္ဂလန်မှာ ဘွဲ့မရထားတဲ့ ဖာရာဒေးဟာ လူရာမဝင်ဘူးလို့ အချို့ကဆိုတယ်။ ဘယ်လိုဖြစ်ဖြစ် သူဟာ သောမတ်စ်အက်ဒီဆင်တို့လို မချမ်းသာဘူးဆိုတာတော့ အသေအချာပဲ။
သူ့နောက် သက်သေပြနိုင်သူကတော့ ဘင်ဆီမာဆိုသူပါပဲ။ ဘက်ဆီမာဟာလည်း အင်္ဂလိပ်လူမျိုးပါ။ သူက သံကို သံမဏိအဖြစ် ပြောင်းပေးတဲ့နည်းစဉ်ကို တီထွင်နိုင်တယ်။ သူရဲ့ဘက်ဆီမာပြောင်းအိုး (Bessemer Converter) ဟာ သံမဏိလောကကြီး တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာပါပဲ။ အမေရိကန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂီဟာ ဘက်ဆီမာဆီလာပြီး နည်းပညာရယူ သွားတာပါ။ အင်ဒရူးကာနက်ဂီဟာ ဘီလျံနာသူဌေးကြီး ဖြစ်သွားပါတယ်။ ဘက်ဆီမာကတော့ တစ်သက်လုံးမချမ်းသာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘက်ဆီမာဟာ ပညာတတ်မဟုတ်လို့ပါပဲ။ အင်္ဂလန်က  သူရဲ့ပညာရှင်တွေကို အသိအမှတ်မပြုလို့ အမေရိကန်လို မတိုးတက်တာလို့ဆိုတယ်။
(၃)
ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိဖို့လိုပါတယ်။ စွန့်ဦး တီထွင်ရတာ သိပ္ပံမှာတင်မကပါဘူး။ ဝိဇ္ဇာ ပညာရပ်တွေမှာလည်း ရှိပါတယ်။ သူတို့ကို လည်းလေးစားရမယ်၊ အသိအမှတ်ပြုရမှာပါပဲ။ ဥပမာ ဦးဖေမောင်တင်ပါ။ ယနေ့ ရန်ကုန်တက္ကသိုလ်ကြီး ၉၆ နှစ်ရှိပါပြီ။ မြန်မာစာ ဌာနဟာလည်း ၇၅ နှစ်မြောက် အထိမ်းအမှတ်ကို ဒီဇင်ဘာလမှာ ကျင်းပခဲ့ပါတယ်။ မြန်မာစာဌာနကို အင်္ဂလိပ်တွေနဲ့ အတိုက်အခံလုပ်ပြီး စတင်ထူထောင်သူမှာ ဦးဖေမောင်တင် ဖြစ်ပါတယ်။
ဦးဖေမောင်တင်ဟာ ၁၉၃၅ ခုနှစ်က  ရန်ကုန်တက္ကသိုလ်မှာ ကျောင်းအုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာလူမျိုးထဲကဆိုလျှင် ပထမဦးဆုံး ကျောင်းအုပ်ကြီးဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ယနေ့သူ့ကို ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဂုဏ်ပြုတဲ့ဓာတ်ပုံကို မချိတ်ထားထားပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ အဲဒီကာလက ပါမောက္ခချုပ်မဟုတ်ဘဲ ကျောင်းအုပ်ကြီးပဲဖြစ်နေလို့တဲ့။ အမှန်တော့ သေသေချာချာမစဉ်းစားကြလို့ပါ။ ပထမဦးဆုံး ဒေါက်တာဘွဲ့ကို ဘယ်သူချီးမြှင့်သလဲ။ ဒေါက်တာဘွဲ့ မရသေးတဲ့သူကသာ ချီးမြှင့်တာဖြစ်တယ်။သူဟာ အရှေ့တိုင်းပညာဌာနမှူး ဖြစ်ခဲ့တဲ့အတွက် မြန်မာစာဌာနကလည်း အသိအမှတ်မပြုဘဲ နေလို့မရပါဘူး။ ယနေ့ဆိုရင် ဦးဖေမောင်တင်ကြေးရုပ်ကို တည်ဆောက်ဖို့ စိုင်းပြင်းနေကြပါတယ်။ ဦးဖေမောင်တင် ကြေးရုပ်ကို ရန်ကုန်တက္ကသိုလ်တစ်နေရာမှာ ထားကြမှာပါ။
အဓိက, ကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်များအား လေးစားသမှုရှိကြောင်း ဖော်ပြဖို့ပဲဖြစ်တယ်။
(၄)
ကျွန်တော်တို့တစ်တွေဟာ သမိုင်းကိုလည်း အလေးထားဖို့လိုတယ်။ မိမိဟာဘာလဲဆိုတာကို ပြောချင်ရင် သမိုင်းက အဓိကကျတယ်။ ဒါကြောင့် စင်ကာပူတို့ အမေရိကန် ပြည်ထောင်စုတို့ဟာ သူတို့သမိုင်းကြောင်းကို သူတို့အများကြီး အလေးထားနေကြတာ ဖြစ်တယ်။
မကြာသေးမီက သူတို့ရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ( WTC ) အဆောက်အအုံကို ပြန်လည်ဆောက်လို့ ပြီးစီးသွားတယ်လို့ ဆိုတယ်။ ကုန်သွယ်ရေးစင်တာဆိုတာ၂၀၀၁  ခုနှစ်က အိုစမာဘင်လာဒင် ဦးစီးဖွဲ့ပေးတဲ့ အဖွဲ့က လေယာဉ်ဖြင့်တိုက်ကာ ဖြိုဖျက်ခဲ့တယ်။ ဒီအမြွှာညီနောင် မျှော်စင်နေရာကို သူတို့က အရင်ကပုံစံအတိုင်း အဆောက်အအုံအသစ် ပြန်မဆောက်ပါဘူး။ လူတွေလေ့လာလို့ရတဲ့ အမှတ်ရအဆောက်အအုံကိုပဲ တည်ဆောက်တာဖြစ်တယ်။
ဒီအတိုင်းပါပဲ ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ဖို့ စိုင်းပြင်းနေတယ်လို့ သိရတယ်။ ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်အအုံဟာ ၁၉၆၂ ခုနှစ်က ဦးနေဝင်း အစိုးရတက်ကာစမှာ ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်။ဒီအဆောက်အအုံကို ပြန်ဆောက်ဖို့မခက်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တကယ်တမ်း သမဂ္ဂအဆောက်အအုံကိုဆောက်ပြီး ကျောင်းသားသမဂ္ဂရုံးခန်းတွေ ပြန်လုပ်ဖို့ မသင့်တော်ပါဘူး။ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို တစ်နေရာမှာ ဆောက်ပေးလို့ရပါတယ်။ ဒီနေရာမှာတော့ ပြတိုက်သဘောမျိုး မှတ်တမ်းတွေထားရှိဖို့ အတွက် လုပ်ဆောင်သင့်ပါတယ်။ ဒီလို အမှတ်တရနေရာကို စာတန်းတွေချိတ်ဆွဲကာ ရန်ကုန်တက္ကသိုလ်ကို အလည်အပတ်လာသူများအားလုံး ဝင်ရောက်လေ့လာစရာတွေ ကိုထားပေးရင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ ဦးသန့်တို့ကို ဂုဏ်ပြုရာရောက်ပါတယ်။ ဒီလိုပုံစံမျိုးကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာလည်း တွေ့နိုင်တယ်။ သူတို့က ငြိမ်းချမ်းရေး အမှတ်တရနေရာကိုသာ ထားရှိပါတယ်။
(၅)
ကျွန်တော်တို့ဟာ ဘယ်ဟာကအရေး ကြီးလဲဆိုတဲ့ တန်ဖိုးကိုမသိကြဘူး။ လေးစားရကောင်းမှန်းလည်း မသိကြပါဘူး။ အမှတ်တရတွေ နာမည်တွေ ဂုဏ်ပြုတာတွေဟာ နောင်လာနောက်သားတွေကို နှိုးဆွပေးတာပါပဲ။ ကျွန်တော်တို့က ဒါတွေကို မေ့နေကြတယ်။ ဒါကြောင့်လည်း လူငယ်တွေ ကြိုးစားချင်စိတ်တွေကို နှိုးဆွပေးနိုင်မှုတွေ အားနည်းတာပေါ့။
ဒီတော့ ကျွန်တော့်ဆီကနေ တိုင်းပြည်အကျိုးပြုတီထွင်မှုတွေ ဘာမှထွက်မလာတာပဲလို့ ယူဆကြမှာဖြစ်တယ်။ မကြာသေးမီက  ကျွန်တော်ရွာလွတ်ကို ရောက်တော့ လမ်းဆုံလမ်းခွမှာ ဆေးတန်ပုံကိုပဲ ပြထားပါတယ်။ ဆေးတန်ကို ပထမဆုံး တီထွင်ထုတ်လုပ်တဲ့ ဦးညွန့်အထိမ်းအမှတ်ကို မတွေ့ရပါဘူး။ ကျွန်တော်တို့ ဦးညွန့်ကို တစ်နည်းနည်းနဲ့ ဂုဏ်ပြုရပါမယ်။ သူ့ကိုမေ့ထားရင် ကျေးဇူးရှင်ကို မေ့ထားသလိုပါပဲ။
မန္တလေးတက္ကသိုလ်မှာ ရာဇတ်ခန်းမ ဆိုတာရှိတယ်။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ကိုဂုဏ်ပြုတာပါ။ ရန်ကုန်မှာ မင်းသုဝဏ်တို့၊ ဆရာဇော်ဂျီတို့၊ ဦးဖေမောင်တင်တို့ ဒေါက်တာမောင်မောင်ခတို့ စွန့်ဦးတီထွင် သူတွေအများကြီးအတွက် ဘယ်လိုဂုဏ်ပြုမလဲ။ မော်လမြိုင်တက္ကသိုလ်မှာ ဗညားဒလတို့၊ သမိန်ဗရမ်းတို့ကို ဂုဏ်ပြုအမည်ပေးတဲ့ အဆောက်အအုံတွေရှိသလို ဦးတိုးအောင်တို့၊ ဒေါက်တာဖေသောင်းတို့၊ ဦးလှရွှေတို့၊ ဒေါက်တာမောင်ဒီ၊ တက္ကသိုလ်ဘုန်းနိုင်တို့ရဲ့ အမည်တွေကိုလည်း သုံးလို့ရပါတယ်။ တကယ်တမ်း ပြည်သူတွေ လေးစားသူတွေကို အသိအမှတ်ဂုဏ်ပြုကြကာ တိုင်းပြည်အကျိုး စီးပွားဆောင်ရွက်နိုင်သူများ တိုးတက်များပြားလာစေဖို့ ဆောင်ရွက်နိုင်ကြပါစေ။

Most Read

Most Recent