ပန်းချီဆရာကြီး ဦးသက်ဝင်းကို ၁၉၀၂ ခုနှစ်တွင် မော်လမြိုင်မြို့ ထားဝယ်စုရပ်၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးaမာင်မောင်၊ ဒေါ်မြမိုး တို့ဖြစ်ကြသည်။ ဦးသက်ဝင်းသည် ငယ်စဉ်ကပင် ပန်းချီဝါသနာပါခဲ့သူဖြစ်ပြီး ရန်ကုန်အစိုးရ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်သောအခါ ဘားမားကလပ်ကို စတင်တည်ထောင်သူ တစ်ဦးဖြစ်သည့် စကောက်မင်းကြီး မစ္စတာကင့်ချ်နှင့် တွေ့ဆုံခဲ့သည်။ မစ္စတာကင့်ချ်နှင့် ဦးသက်ဝင်းသည် တင်းနစ်ရိုက်ဖော်များလည်း ဖြစ်သူဖြင့် မစ္စတာကင့်ချ်က ဦးသက်ဝင်းအား ပန်းချီပညာကို စနစ်တကျ သင်ပြပေးခဲ့သည်။ ထို့နောက် ဦးသက်ဝင်းသည် ၁၉၂၃ ခုနှစ်မှစ၍ ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းတွင် ပုံဆွဲဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ဦးသက်ဝင်းသည် လူပုံဆွဲရာတွင် နာမည်ကြီးပြီး ပန်းချီနီးဝေးမြင် စနစ်ကိုလည်း အထူးနိုင်နင်းခဲ့သည်။ ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းတွင် ပုံဆွဲဆရာအဖြစ် အမှုထမ်းရင်း မြန်မာပြည်ပန်းချီအသင်း (ဘားမားအက်ကလပ်) တွင်လည်း ပန်းချီဟောပြော သင်ကြားပို့ချပေးခဲ့သည်။ မြန်မာပြည်ပန်းချီအသင်း၏ အမှုဆောင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် လန်ဒန်တော်ဝင် ပန်းချီသိပ္ပံသို့ သွားရောက်၍ ပန်းချီပညာသင်ကြားရန် ဦးဘဇော်၊ မစ္စတာဒေါ်နယ်၊ မစ္စတာဆင်မြူရယ်တို့နှင့် ယှဉ်ပြိုင်ခဲ့ရာ ထိုစဉ်က ဦးဘဇော် ရွေးချယ်ခံခဲ့ရသည်။
ဦးသက်ဝင်းသည် ကျောင်းတွင် ပုံဆွဲဆရာ တာဝန်ထမ်းဆောင်နေရင်း စာနယ်ဇင်းများတွင်လည်း ပန်းချီ၊ ကာတွန်းများ ရေးဆွဲခဲ့သည်။ ကလေးပုံပြင်များနှင့် ကာတွန်းပုံများကို ရေးဆွဲပေးခဲ့သည်။ မင်တစ်ကြောင်းဆွဲပုံများကို နိုင်နင်းသူဖြစ်သည်။ ဦးသက်ဝင်း၏ ကာတွန်းပုံများမှာ လစ်ဘာတီမမြရင်၏ ရွှေစာရံကို သွားမလို့ စီစဉ်သီချင်း၊ မကြည်အောင်၏ ကိုလူလယ်သီချင်း စသည်တို့ကို ကာတွန်းပုံများဖြင့် သရုပ်ဖော်ရေးဆွဲရာ လူကြိုက်များခဲ့သည်။ ကာတွန်းရွှေတလေးမှာ ရယ်ရွှင်ဖွယ် အခန်းဆက်ကာတွန်းများ ရေးခဲ့သော်လည်း ဇာတ်လမ်းအခန်းဆက် သရုပ်ဖော်ရေးဆွဲရာတွင် ဦးသက်ဝင်းသည် မြန်မာပြည်တွင် ပထမဆုံးဖြစ်သည်ဟု သိရသည်။ မြန်မာကာတွန်းလောကတွင် ပထမဦးစွာ ဓာတ်ပြားသီချင်းများကို ကာတွန်းဖြင့် သရုပ်ဖော် အသက်သွင်းခဲ့သူလည်း ဖြစ်လေသည်။
သီချင်းသရုပ်ဖော် ကာတွန်းများကို ကဝိမျက်မှန်မဂ္ဂဇင်းတွင် လစဉ်ရေးဆွဲကာ ‘ဉာဏ်ကုန်ဖွင့်၍ ရှုလင့်မှတ်သား၊ လူအများ’ ဟူသော သီဟိုဠ် သံအမတ်ကြီးဟောင်း ဦးတင့်ဆွေ ရေးသားသည့်စာတမ်းကို ကာတွန်းခေါင်းစီးအဖြစ် တင်ထားခဲ့သည်။ ၁၉၂၈ ခုနှစ်တစ်ဝိုက်တွင် အမေရိကန် ရုပ်ရှင်ကားများတွင် ကိုကိုကာတွန်းဟု အမည်ပေးလျက် မြန်မာသီချင်းကို ပထမဆုံးကာတွန်းနှင့် ဖော်ပြခဲ့ကြသည်။ ဦးသက်ဝင်းက ထိုစဉ်က ခေတ်စားလျက်ရှိသော အဆိုတော် မကြည်အောင် သီဆိုသည့် နောက်ပိုးသီချင်းကို ကာတွန်းဖြင့် သရုပ်ဖော်ခဲ့သည်။ ကိုကိုကာတွန်းအောက်တွင် အင်္ဂလိပ်စာဖြင့် (Ko Ko Cartoon by Thet Win) ဟုလက်မှတ်ထိုးခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဦးသက်ဝင်း၏ တပည့်ဖြစ်သော ကာတွန်းဦးဟိန်စွန်းက တက္ကသိုလ်ကျောင်းသားဘဝတွင် ဦးကလိန်သီချင်းကို ကာတွန်းရုပ်ရှင်အဖြစ် ပထမဆုံး ရိုက်ကူးပြသခဲ့သည်။ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဦးဘစိန်၊ ဦးဘလုံ၊ ဦးအုန်းလွင်၊ ဦးမောင်တို့က စီပီယာဖြင့် ရေးဆွဲ၍ လက်စွမ်းပြနေချိန်တွင် ဦးသက်ဝင်းကလည်း ပီမိုးနင်း၏ ချမ်းသာလို့ ဆင်းရဲသူဆိုသည့် ဝတ္ထုကို စီပီယာဖြင့်ရေးဆွဲ၍ လက်စွမ်းပြခဲ့သည်။
ဦးသက်ဝင်းသည် ပန်းချီဝါသနာပါသော ကျောင်းသူ ကျောင်းသားများအတွက် ရည်ရွယ်၍ ပုံဆွဲနိသျည်း ပထမအဆင့်ကို စစ်ကြိုခေတ်က ရေးသားပြုစုခဲ့သည်။ စစ်ကြီးဖြစ်ပွားခဲ့သဖြင့် ဒုတိယကမ္ဘာစစ်ပြီးမှသာ ထုတ်ဝေနိုင်ခဲ့သည်။ လွတ်လပ်ရေးခေတ်တွင် ဦးသက်ဝင်းသည် နိုင်ငံခြားသို့ ပန်းချီပညာသင်ယူရန် ရွေးချယ်ခံရသော်လည်း ကျန်းမာရေး မကောင်းသဖြင့် မသွားရောက်ခဲ့ရပေ။ ထို့နောက် ဦးသက်ဝင်းသည် ကံဘဲ့ဆရာအတတ်သင် သိပ္ပံကျောင်းတွင် ပန်းချီကထိကအဖြစ် အမှုထမ်းခဲ့သည်။ ကျောင်းသားများကို အခြေခံပန်းချီနှင့် ပတ်သက်၍ Perspective သီဝရီများကို အသေးစိတ် သင်ကြားပေးခဲ့သည်။ ထို့ပြင် ကျောင်းသင် ပန်းချီပညာနှင့် ပတ်သက်၍လည်း တပည့်များကို စနစ်တကျ ပို့ချပေးခဲ့သည်။ ပန်းချီဆရာကြီး ဦးလွန်းကြွယ်က “ဆရာအတတ်သင်သိပ္ပံမှ ဆရာကြီးဦးသက်ဝင်းက အခြေခံပန်းချီနှင့် ပတ်သက်၍ Perspective သီဝရီများကို အသေးစိတ် သင်ကြားပေးခဲ့သည်။ ကလေးပန်းချီ ဆိုသည်မှာ ကလေးစိတ်ပညာ အလိုအရ လတ်ဆတ်သော ကလေးအတွေးအခေါ်များကို ဂရုစိုက်ရန် လမ်းပြသည်။ လူကြီးပန်းချီလို သဘာဝကို ကူးရေးသော အဆင့်မျိုးမဟုတ်။ ကလေးများ၏ စိတ်ကူးစိတ်သန်းကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်အောင် သင်ပေးရကြောင်း နားလည်လာခဲ့သည်” ဟုအမှတ်ရခဲ့သည်။ ပန်းချီပညာ သင်ကြားပေးရုံသာမက ကျောင်းကပွဲများတွင် ဇာတ်ကွက်၊ ဇာတ်လမ်း၊ ဇာတ်စင်ပြင်ဆင်မှု၊ ဝတ်စားဆင်ယင်မှု၊ အဆိုအက၊ အတီးများကိုပါ လက်တွေ့ညွှန်ကြား ပြသခဲ့သည်။ ရပ်ဝေးမှ ကျောင်းသားများကိုလည်း မိဘသဖွယ် စောင့်ရှောက်ခဲ့သည်။ ပန်းချီပညာ သင်ကြားပေးရာတွင်လည်း စေတနာထား၍ သင်ကြားပေးလေသည်။ လွတ်လပ်ရေးရပြီးနောက် ပြည်တော်သာ စီမံကိန်းကို အကောင်အထည်ဖော်သည့်အခါ နိုင်ငံတော်ကျောင်းများတွင် ပန်းချီအနုပညာကို သင်ကြားပေးရန် ပြဌာန်းလိုက်သည်။ ယခင် ပုံဆွဲဆရာအစား ပန်းချီအနုပညာဆရာဟု ပြောင်းလဲပြင်ဆင် သတ်မှတ်ခဲ့သည်။ ဦးသက်ဝင်းပြုစုခဲ့သော စာအုပ်သည် နိုင်ငံတော်ကျောင်းများတွင် အသုံးပြုရန် ပညာရေးဌာနကပင် ပြဌာန်းပေးခဲ့ရသည်။ ဦးသက်ဝင်းက “…ပုံဆွဲနိသျည်း စာအုပ်တစ်အုပ်ဖြစ်မြောက်နိုင်ရန် ပဌမဦးစွာ ကျွနု်ပ်ကို စိတ်ရောကိုယ်ပါ အားပေးတိုက်တွန်း နှိုးဆော်သောပုဂ္ဂိုလ်မှာ ယခုလက်ရှိ ပညာမင်းကြီး စည်သူဦးကောင်း (M.A London, B.E.S.,1) ပင်ဖြစ်ပါသည်” ဟုစာအုပ်၏ ရည်ရွယ်ချက်ကို ဖော်ပြရာတွင် ထည့်သွင်း မှတ်တမ်းတင်ခဲ့သည်။
ဦးသက်ဝင်းသည် ဆရာအဖြစ်ထမ်းဆောင်ရင်း ရှုမဝမဂ္ဂဇင်းတွင် သူရဲကောင်းလေးယောက် ကာတွန်းသရုပ်ဖော် ရုပ်ပြဇာတ်လမ်းကို လစဉ်အခန်းဆက် ရေးဆွဲခဲ့သည်။ စာပေဗိမာန် မဂ္ဂဇင်းတွင်လည်း အခြေခံပန်းချီပညာ ခေါင်းစီးဖြင့် ပန်းချီရေးဆွဲနည်းများကို ပုံကြမ်းများနှင့် ဖော်ပြ၍ ဆောင်းပါးများရေးခဲ့သည်။ ဆရာဦးသက်ဝင်းသည် ရင်အောင့်ရောဂါ ဖိစီးနေသော်လည်း ဆေးသောက်နှိပ်နယ်ခံပြီးလျှင် တပည့်များကို ချက်ချင်းပြန် သင်ပြလေ့ရှိသည်။ ဦးသက်ဝင်း ပန်းချီဝန်ထောက် ဖြစ်လာသောအခါ ပန်းချီနည်းပြဆရာအဖြစ် ရေးဖြေစာမေးပွဲကို ယခင်က အထက်တန်း ပန်းချီနည်းပြဆရာအဖြစ် အဆင့်တစ်မျိုးတည်းသာ ထားရှိခဲ့သော်လည်း ဦးသက်ဝင်းက အလယ်တန်း ပန်းချီနည်းပြ ဆရာအဆင့်ကိုပါ ပြဌာန်းပေးခဲ့သည်။ “လူတစ်ဦးရဲ့ ထမင်းအိုးကို တည်ပေးရတာ ကုသိုလ်လည်း ရပါတယ်” ဟုပြောကြားခဲ့လေသည်။
ဦးသက်ဝင်းသည် ၁၉၆၂ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက် ရုပ်စုံစာစောင်ကို ထုတ်ဝေခဲ့သည်။ ယင်းရုပ်စုံစာစောင်တွင် ဦးသက်ဝင်း၏ အခန်းဆက် သရုပ်ဖော် ကာတွန်းဇာတ်လမ်းကို ဖော်ပြသည့်ပြင် ကာတွန်းဦးဟိန်စွန်းနှင့် ပန်းချီဦးသုခတို့၏ လက်ရာများကိုလည်း ထည့်သွင်းဖော်ပြပေးခဲ့သည်။ လူငယ်များ ဇာတိသွေး ဇာတိမာန် တက်ကြွစေရန် မြန်မာသူရဲကောင်း ရုပ်ပြဇာတ်လမ်းများကိုလည်း ရေးဆွဲခဲ့သည်။ ထိုသို့ ရုပ်ပြဇာတ်လမ်းများ ရေးဆွဲလျက်ရှိစဉ် ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။ ယနေ့ခေတ် ပန်းချီကာတွန်းဆရာများ၏ ဆရာများဖြစ်ကြသော ကာတွန်းဦးဟိန်စွမ်း၊ ပန်းချီဦးသုခ၊ ပန်းချီဦးလွန်းကြွယ်စသော ပန်းချီဆရာကြီးများသည် ဦးသက်ဝင်းထံမှ ပန်းချီပညာများကို လေ့လာဆည်းပူးခဲ့ကြသူများ ဖြစ်လေသည်။ ထို့ကြောင့် ကာတွန်းဦးဘထွေးက ‘ပန်းများကိုပွင့်စေသူ’ ဟုတင်စားခဲ့ခြင်းဖြစ်သည်။ ပန်းချီဦးလှတင်ထွန်းက ‘ဆရာကြီး ဦးသက်ဝင်းရေးသော ပုံဆွဲနိသျည်း စာအုပ်ထဲက ပန်းချီရေးနည်းတွေ အဲဒီ ၁၀ တန်းနှစ်ကတည်းက ကျွန်တော့်လက်စွဲစာအုပ် ဖြစ်ရုံမျှမက ဆရာကြီးကို ကျွန်တော့်ဆရာအဖြစ် လေးစားရိုသေခဲ့ပါသည်။ ဆရာကြီး ဦးသက်ဝင်းသည် ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်တော်အေးရိပ်သာ လမ်းထောင့်တွင် နေပါသည်။ ထိုစဉ်က ဆရာစီးသောကားမှာ မောရစ်မိုင်နာ အပြာရောင်လေးဖြစ်ပြီး တစ်ခါတစ်ရံ ဆရာကြီး၏ ကားလေး စက်နှိုးမရသည့်အခါ ကျွန်တော်တို့ တွန်းပေးခဲ့ရသည်ကို မှတ်မိနေပါသည်” ဟုအမှတ်ရခဲ့သည်။ ယခုအခါ ပန်းချီဆရာကြီး ဦးသက်ဝင်းနှင့်ဒေါ်မြယဉ်တို့၏ သားဖြစ်သူ ဆရာကြီးဦးကျော်ဆန်း (သုခိအောင်) သည် အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကန်တော့ခံ သက်ကြီးစာပေပညာရှင် တစ်ဦးလည်း ဖြစ်ပါသည်။ ရည်ညွန်း- ဘထွေးစာစုများ (ဘထွေး) - စာနယ်ဇင်းသမိုင်းစာတမ်းများ (ဒုတွဲ) - ပန်းချီဦးလှတင်ထွန်း၏ ပြောကြားချက်များ










