လုံ့လ

လုံ့လ
Published 23 December 2016
မြေနီသစ္စာ

စင်စစ် အလုပ်ကိစ္စ ဟူသမျှသည် လုံ့လကြောင့်သာ ပြီးမြောက်ကြရကုန်၏။ လုံ့လ မပါဘဲ စိတ်အလိုအတိုင်း ပြီးမြောက်နိုင်ကြသည် မဟုတ်ကုန်။ တစ်အိပ်တည်း အိပ်၍သာနေသော ခြင်္သေ့ခံတွင်းဝသို့ မည်သည့်သားကောင်မျှ အလိုအလျောက် ရောက်လာကြမည် မဟုတ်ကုန်။
ယင်းသည် ဟိတောပဒေသကျမ်းစာ အဆိုအမိန့်ပင်။
ပြင်သစ်စာရေးဆရာကြီး အလက်ဇန္ဒားဒူးမားသည် လုံ့လနှင့် စိတ်အလိုကို ခွဲခြားနားလည်သူဖြစ်၏။ အလွန်ကျော်ကြားသော သူ၏ Count of Monte Cristo ဝတ္ထုသည် ကာလပေါ် မြန်မာ့ဝတ္ထုအစ ‘မောင်ရင်မောင် မမယ်မ’ ဝတ္ထုဖြစ်ပေါ်လာအောင် မြန်မာစာရေးဆရာ ဂျိမ်းစ်လှကျော်ကို စိတ်ကူးကောင်းပေးနိုင်ခဲ့လေသည်။ ဂျိမ်းလှကျော်၏ မောင်ရင်မောင် မမယ်မသည် မွန်တီခရစ်တိုမြို့စားကြီး ဝတ္ထုဖတ်ရင်းက ရရှိလာသော အတွေးစိတ်ကူးတို့ဖြင့် မောင်ရင်မောင် မမယ်မဝတ္ထု ဖြစ်ပေါ်လာခဲ့ခြင်းပင်။
အကယ်၍သာ စာရေးဆရာ ဂျိမ်းစ်လှကျော်သည် လုံ့လကို အားမစိုက်ခဲ့ပါက ဒူးမား၏ မြို့စားကြီး မွန်တီခရစ်တိုဝတ္ထုကို ဖတ်ခဲ့လိမ့်မည်မဟုတ်။ ဖတ်ခဲ့နိုင်သော လုံ့လရှိခြင်းအားဖြင့် သူဖတ်ပြီးသော မြို့စားကြီးဝတ္ထုက ဂျိမ်းစ်လှကျော်ကို မောင်ရင်မောင် မမယ်မ ဝတ္ထုရေးရန် နှစ်သက်ဖွယ် စိတ်ကူးကို ဆင့်ပွားများပြားနိုင်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ယင်းကြောင့် လုံ့လသည် အလုပ်ဟူသမျှကို ရွေ့လျားသက်ရောက်နိုင်သည့် အမြုတေရတနာ တစ်ပါးဖြစ်၏။
ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာရန်အတွက် ဘုရားသခင်က မောင်အောင်ဆန်း မင်း ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေသတည်းဟု မန်းမှုတ်အသက်သွင်း တန်ခိုးဖန်ဆင်း၍ ဖြစ်လာသည်မဟုတ်ပေ။ တစ်ခုခုကို စမ်းလုပ်လိုက်တိုင်း မောင်အောင်ဆန်းသည် လူကဲ့ရဲ့ ရယ်စရာ ဖြစ်ခဲ့ရပုံတို့ကို အကြိမ်ကြိမ် အဖန်ဖန် လွန်မြောက်ကျော်လွှားအပြီးကာမှ စတင် အောင်မြင်သော အောင်ဆန်းကလေး ဖြစ်လာခဲ့ခြင်းပင်။
အောင်မြင်မှုကို တစ်စတစ်စ ရလာခဲ့သော အောင်ဆန်းသည် ဝီရိယနှင့် ဇွဲလုံ့လ အရင်းခံကာ ဆက်ကာဆက်ကာ မအောင်မြင်မချင်း ကြိုးစားခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းဘ၀ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဘဝသို့ ရောက်လာခဲ့ခြင်းဖြစ်၏။
ထန်းသီးကြွေခိုက် ကျီးနင်းလိုက်ဆိုသကဲ့သို့ မိမိရှေ့နားသို့ အလိုအလျောက် ပေါ်ပေါက်လာသော ရွှေအိုးကို မြင်နေပါလျက်လည်း ကံက အလိုလိုယူ၍ ပေးနိုင်သည် မဟုတ်။ မိမိတို့လုံ့လဖြင့် အားစိုက်၍ ကောက်ယူမှသာ ရရှိနိုင်ပေ၏။
မြန်မာ့တော်လှန်ရေးအတွက် နိုင်ငံခြားထွက်၍ လက်နက်နှင့် အင်အားရှာရန် လျှို့ဝှက်အစည်းအဝေး တစ်ခုကို နယ်ချဲ့ဗြိတိသျှ အစိုးရဘက်က မသိအောင် တိတ်တဆိတ် ပြုလုပ်ဖို့အတွက် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်လှဖေ (ဗိုလ်လကျ်ာ) နှင့် သခင်လှမောင် (ဗိုလ်ဇေယျ) တို့သည် တစ်နေကုန် နေရာရှာ၏။
နယ်ချဲ့ပုလိပ်တို့၏ တော်လှန်ရေး စက်ကွင်းလွတ်သောနေရာကို မတွေ့နိုင်ဘဲ ရှိနေ၏။ ယင်းမှာ သခင်ဗဟိန်းက တွေ့ပြီဟေ့ တွေ့ပြီဟု နည်းနည်းအသံကျယ်လျက် ပြော၏။ ကိုအောင်ဆန်းက ဘယ်မှာလဲ ဘယ်မှာလဲဟု အားရပါးရမေး၏။ ညသန်းခေါင်မှာ ဖယောင်းတိုင်မီးနဲ့ လုပ်လို့ရတဲ့ နေရာဟေ့ဟု ပြုံးချိုနေသော သခင်ဗဟိန်းကို ဘယ်နေရာလဲ၊ ဘယ်နေရာလဲဟု ကိုအောင်ဆန်းက အငမ်းမရ မေးနေတော့ရာ ‘သမဂ္ဂ၊ သမဂ္ဂ’ ဟု အော်ပြောလိုက်မှ အားလုံးသဘောပေါက်သွားကြတော့၏။
ထို ၂၁-၇-၁၉၄၀ ညသန်းခေါင်က သမဂ္ဂ အဆောက်အအုံမှာ ဖယောင်းတိုင်မီးဖြင့် သခင်အောင်ဆန်း ကိုဗဟိန်းတို့ ခေါင်းဆောင်သော တော်လှန်ရေးရဲဘော် ၁၁ ယောက်သည် လျှို့ဝှက်အစည်းအဝေးကို လုံ့လဝီရိယ သတိမပြတ်ထားလျက် ကျင်းပနိုင်ခဲ့လေသည်။ ယင်းအစည်းအဝေးသည် နောင်ရှစ်နှစ်ခန့် ကြာသောအခါ မြန်မာ့လွတ်လပ်ရေး ရရှိလာသည်အထိ စွမ်းဆောင်နိုင်ခဲ့၏။
တစ်နေ့တွင် နောင်နိုဗယ်ဆုရ ကမ္ဘာကျော် သတင်းစာဆရာ၊ စာရေးဆရာကြီး ဟဲမင်းဝေးဖြစ်လာသော သတင်းထောက် လူငယ်လေးသည် သတင်းထောက်ကလေးဘ၀ ထူးခြားသော သတင်းတစ်ပုဒ်ကို ရရှိအောင် ဘောင်းဘီနှင့် အင်္ကျီတို့ မီးအလောင်ခံ၍ အထူးခြားဆုံး သတင်းတစ်ပုဒ်ကို ရယူနိုင်ခဲ့လေသည်။
အကယ်၍သာ လုံ့လဝီရိယအားစိုက်၍ ဤမီးလောင်သည့် သတင်းကို ထူးထူးခြားခြား မရယူနိုင်ခဲ့ပါလျှင် ကမ္ဘာကျော်သတင်းစာဆရာ၊ စာရေးဆရာကြီးတစ်ဦး ဖြစ်လာခဲ့မည် မဟုတ်ချေ။ လုံ့လကြီးစွာထားခြင်း၏ ရလဒ်သည် ဟဲမင်းဝေးဘဝ၏ အသက်ဘဝပင်။
ကမ္ဘာကျော် သိပ္ပံပညာရှင်ဖြစ်လာသူ ဂယ်လီလီယိုသည် ငယ်စဉ်ကပင် လုံ့လဝီရိယရှိ၏။ နာမည်ကြီးသောပုဂ္ဂိုလ်၏ ပြောစကားဖြစ်စေ ပြောတိုင်းယုံသူမဟုတ်။ စဉ်းစားဆင်ခြင်မှုကို လုံ့လပြု၍ အားထုတ်၏။ အမှန်တရားကို ရှာဖွေရာတွင် စူးစမ်းလေ့လာမှု မပြုဘဲ ယုံကြည်ခြင်းကို ဂယ်လီလီယို ဆန့်ကျင်၏။ ထိုမျှမက လက်တွေ့စမ်းသပ်မှုပြုမှသာ တိကျသေချာစွာ သိနိုင်ကြောင်းကို ဂယ်လီလီယို ယုံကြည်၏။
ဓမ္မပဒတွင် ဗုဒ္ဓဘုရားတို့မည်သည် သွန်သင်ဆုံးမ လမ်းပြသည့် ဆရာများသာ ဖြစ်ကြကုန်၏။ အကျိုးသက်ရောက်ရန်မူကား မိမိတို့ကိုယ်တိုင် လုံ့လဝီရိယထားလျက် ကျင့်ကြံအားထုတ်ကြရ၏။ လုံ့လကြိုးကုတ် အားထုတ်ခြင်းသည် ထာဝစဉ် မပျောက်ပျက်သော လမ်းဖြစ်သည်ဟု ဆိုမိန့်ထားပေသည်။
မိမိသည် မိမိအတွက် မီးအိမ်ဖြစ်ပါလေ။ မိမိကိုယ်သည်သာ မိမိခိုလှုံရာဖြစ်ပါလေ။ တရားဓမ္မကို မီးအိမ်အဖြစ် မြဲမြံစွာ စွဲကိုင်ထားပါလေ။ တရားဓမ္မကို ခိုလှုံရာအဖြစ် မြဲမြံစွာ စွဲကိုင်ပါလေ။ မိမိမှတစ်ပါး အခြားသောသူအား ခိုလှုံရာအဖြစ် မဖွေရှာပါလေနှင့်။ ဗုဒ္ဓ၏ လမ်းညွှန်ချက် အတိုင်းသာ လုံ့လဝီရိယ အရင်းခံလျက် လိုက်နာကျင့်ကြံပါက တရားဓမ္မကို မုချမသွေ ရရှိကြပေမည်။
လုံ့လပြုလျက် အမှန်တရားကို ရှာကြံရန် ဗုဒ္ဓဘုရားက လမ်းညွှန်ထားပါသည်။ လုံ့လမပါဘဲနှင့် ဘာမျှဖြစ်မလာနိုင်ပါ။ အမိုက် အမှောင်ကို ဖယ်ရှားလျက် တရားဓမ္မတည်းဟူသော အလင်းရောင်ကို ရရှိအောင် ဇွဲလုံ့လဝီရီယဖြင့် ရှာကြံဆောင်ရွက်ကြရန် မြတ်ဗုဒ္ဓက အစဉ်အမြဲ ဟောပြညွှန်ကြားခဲ့ပါသည်။
လောကနီတိတွင် လုံ့လဝီရိယ ကင်းမဲ့သော ပျင်းရိသောသူတို့အတွက် သင်ခန်းစာ ယူဖွယ်ရာများကို ပြဆိုထားပေသည်။
ဖျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။
အတတ်ပညာ မရှိသောသူအား ဥစ္စာ အဘယ်မှာရအံ့နည်း။
ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာ ရအံ့နည်း။
အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာရအံ့နည်း။
ချမ်းသာမရှိသောသူအား ကောင်းမှု အဘယ်မှာ ပြုအံ့နည်း။
ကောင်းမှု မရှိသောသူအား နိဗ္ဗာန် အဘယ်မှာရအံ့နည်းဟု ဆိုမိန့်ထား၏။
လောကနီတိပါ ယင်းသင်ကြားချက်တို့သည် လုံ့လကင်းသော ပျင်းရိခြင်း၏ မကောင်းသော အကျိုးဆက်များကို ဖော်ပြထားပေသည်။ ပျင်းလျှင် အတတ်ပညာမရ။ အတတ်ပညာမရလျှင် ဥစ္စာမရ။ ဥစ္စာမရလျှင် မိတ်ဆွေမရ။ မိတ်ဆွေမရလျှင် ချမ်းသာခြင်းမရ။ ချမ်းသာခြင်းမရှိလျှင် ကုသိုလ်မရ။ ကုသိုလ်မရလျှင် နိဗ္ဗာန်ရောက်မည် မဟုတ်ဟူ၍ အပျင်းကြောင့် လုံ့လကင်းမဲ့မှုကြောင့် မကောင်းကျိုး အဆိုးတို့ ရနိုင်သည်ဆိုခြင်းပင်။
ယင်းကြောင့် ဗုဒ္ဓဘုရားရှင်နှင့် ပညာရှိတို့၏ တတ်သိထွန်းကား ညွှန်ကြားချက်တို့ကို လေးစားလိုက်နာကာ ဘာပဲလုပ်လုပ် လုံ့လ ဝီရိယကို အခြေပြုလျက် ကြိုးကုပ်အားထုတ်ကြပါရန် မွန်မြတ်သော စိတ်ထားဖြင့် လေးစားစွာ တင်ပြလိုက်ရပါသည်။ လုံ့လ၏ အကျိုးတရားကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ရယူနိုင်ကြပါစေ။

Most Read

Most Recent