မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှု လေးလပြည့်ပြီ ဖြစ်သော်လည်း ထူးခြားမှု မရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲသာဖြစ်ကြောင်း သိရ

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှု လေးလပြည့်ပြီ ဖြစ်သော်လည်း ထူးခြားမှု မရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲသာဖြစ်ကြောင်း သိရ
Published 22 December 2016
သန့်ဇင်ကျော်

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရဲအရာရှိဟောင်း အပါအဝင် မိသားစုလေးဦး အသတ်ခံရမှုမှာ လေးလပြည့်ပြီ ဖြစ်သော်လည်း ထူးခြားမှု မရှိသေးဘဲ လက်ရှိအချိန်အထိ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်က မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
“ဒီဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ စီအိုင်ဒီက တာဝန်ရှိသူတွေ ပူးပေါင်းပြီး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ လက်ရှိအချိန်အထိတော့ ထူးခြားမှု မရှိသေးပါဘူး။ အိမ်ကို ဓာတ်ပုံလာရိုက်တဲ့လူ သုံးဦးနဲ့ ပတ်သက်ပြီးတော့လည်း ထူးခြားမှု မရှိသေးပါဘူး။ ကျူးလွန်သူကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်အောင် ဆောင်ရွက်နေပါတယ်”ဟုမြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်မှာ သြဂုတ် ၂၀ ရက်တွင်ဖြစ်ပြီး အခင်းဖြစ်ပြီးနောက် သေဆုံးသူများနှင့် ပတ်သက် ဆက်နွှယ်သူများအား ခေါ်ယူစစ်ဆေးခဲ့သော်လည်း ကျူးလွန်သူကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် အခင်းဖြစ် နေအိမ်အနီးသို့ အခင်းမဖြစ်ပွားမီ ရက်ပိုင်းအလိုက လာရောက်အကဲခတ်ကာ ဓာတ်ပုံလာရိုက်သူ သုံးဦးကို ရဲတပ်ဖွဲ့မှ ဓာတ်ပုံနှင့်တကွ သံသယရှိသူများ ဖြစ်ကြောင်းနှင့် တွေ့ရှိပါက ဆက်သွယ်သတင်းပေးရန် ထုတ်ပြန်ထားပြီး တစ်နိုင်ငံလုံးရှိ ရဲစခန်းများကိုလည်း သံသယရှိသူသုံးဦး၏ ဓာတ်ပုံများကို ဖြန့်ကြက်ကာ စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၀ ရက် နံနက် ၆ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်း လမ်းသွယ် (၂)၊ နဝရတ်လမ်းထောင့်နေ ဒေါ်.....(၅၄ နှစ်) သည် ရွှေပြည်သာမြို့နယ်ရှိ ဆွေမျိုးများနေအိမ်မှ ပြန်လာစဉ် နေအိမ်ခြံဝင်းတံခါးနှင့် နေအိမ်တံခါးမကြီးမှာ ပိတ်ထားသည်ကို တွေ့ရှိရသဖြင့် နေအိမ်တွင်ကျန်ခဲ့သည့် သမက်ဖြစ်သူ ရဲအရာရှိဟောင်း ကိုစိုးနောင် (၃၇ နှစ်) ၏ဖုန်းနှင့် သမီးဖြစ်သူ မချယ်ရီပွင့် (၃၃ နှစ်)၏ ဖုန်းကို ဆက်သွယ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆက်သွယ်စဉ်မရသဖြင့် အနီးပတ်ဝန်းကျင်ရှိ လူနှစ်ဦးအားခေါ်ပြီး နေအိမ်ပြတင်းပေါက် မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုခိုင်းခဲ့ပြီး နေအိမ်တံခါးအားဖွင့်ရာ နေအိမ်အတွင်း၌ သမက်ကိုစိုးနောင် (၃၇ နှစ်)၊ မြေးကြီး မောင်ဟန်သူရ (၁၃ နှစ်)၊ မြေးငယ်ဖြစ်သူ မောင်စွမ်းထက်မြက် ရှစ်နှစ်၊ သမီးဖြစ်သူ မချယ်ရီပွင့် (၃၃ နှစ်) တို့မှာ ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။                         

Most Read

Most Recent