“အစ်ကို ကျွန်တော် အစ်ကိုနဲ့အတူ လိုက်အိပ်ပါရစေ၊ သုံးထောင်ပဲပေးပါ”
ကျွန်မနဲ့ သိကျွမ်းသူတစ်ဦးထံက ကြားသိရတဲ့ စကားကလေးပါ။ ပြီးခဲ့တဲ့ လအနည်းငယ်က သူဘတ်စ်ကား မှတ်တိုင်တစ်ခုမှာ ဘတ်စ်ကားစောင့်နေဆဲ ၁၉ နှစ်အရွယ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်က လာပြောခဲ့တာပါတဲ့။
လိင်လုပ်သားတွေ အကြောင်းက တချို့သူတွေအတွက် သိပြီးသားဖြစ်ရပ်၊ တချို့သူတွေအတွက် အံ့သြနေဆဲ ဖြစ်ရပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံဖြစ်တော့မယ်လို့ တစ်ယောက်နဲ့တစ်ယောက် ရယ်စရာပြောကြတဲ့ အခါတွေမှာ လိင်အလုပ်သမတွေကိုပဲ ပြေးမြင်မိတတ်ကြ ပါတယ်။ ယောက်ျားဆိုတာ ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ စကားကိုလည်း မကြာခဏ အသုံးပြုရင်း ယုံကြည်ဖြစ်ခဲ့ကြတယ် မဟုတ်လား။ တကယ်တမ်းမှာ ကျွန်မတို့ ထင်မှတ်ထားတာတွေ မှားနေခဲ့မှန်း ကျွန်မ စတင်သိခွင့်ရခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလ၊ အိပ်ချ်အိုင်ဗွီတားဆီးကာကွယ်ရေး လုပ်ငန်းခွင်ကို စတင်ဝင်ရောက်တော့မှပါ။
ကျွန်မငယ်စဉ်က အများသူငါလိုပဲ ခေါက်ရိုးကျိုးတဲ့ အတွေးအခေါ်တွေ ရှိခဲ့ဖူးပါတယ်။ အလယ်တန်းကျောင်းသူ ဘဝ၊ ရန်ကုန်မြို့လယ်မှာ နေရစဉ်က ကျွန်မတို့နေတဲ့ လမ်းရဲ့အောက်ဘက်မှာ လိင်အလုပ်သမတွေ အလုပ်လုပ်လေ့ရှိပါတယ်။ အဲဒါကြောင့် ညဘက်စာကျက်ရင်း ဗိုက်ဆာရင် လက်ဖက်သုပ်စားချင်ပေမယ့် အဲဒီဘက်ခြမ်းမှာရှိတဲ့ လက်ဖက်သုပ်ဆိုင်ကို ထွက်မဝယ်ရဲခဲ့ပါဘူး။ လိင်အလုပ်သမတွေကို အမျိုးသမီးတွေ၊ မိန်းကလေးတွေကို ဂုဏ်သိက္ခာ ကျဆင်းစေသူတွေလို့ မြင်ဖြစ်ခဲ့ပြီး ကာလသားရောဂါဆိုတာ ကိုယ်ကျင့်တရားမကောင်းတဲ့ သူတွေမှာပဲဖြစ်တတ်တာဆိုတဲ့ ယုံကြည်ချက်တွေ ရှိခဲ့ဖူးပါတယ်။
ဘဝက ကျီစယ်တတ်တဲ့ သဘောရှိတာကြောင့် အိပ်ချ်အိုင်ဗွီတားဆီးကာကွယ်ရေးကို စိတ်ဝင်စားခဲ့တဲ့ ကျွန်မကို လိင်အလုပ်သမတွေ၊ လိင်လုပ်သားတွေကို အဓိက ဦးတည်ဆောင်ရွက်တဲ့ လုပ်ငန်းခွင်ထဲကို ပို့ပေးခဲ့ပါတယ်။ သူတို့က ဘယ်လိုလူတွေလဲ၊ ကျွန်မတို့နဲ့ ဘယ်လောက်ကွာခြားသလဲ၊ သူတို့ ဘယ်လို အခြေအနေမျိုးတွေမှာ အလုပ်လုပ်ရသလဲ၊ ဘာတွေကို ရင်ဆိုင်ကြုံတွေ့နေရသလဲ။ ကျွန်မ ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့ပါတယ်။
အစားမက်၊ အအိပ်မက်တဲ့ ကျွန်မအတွက် အလွန်ဖြစ်ခေါင့်ဖြစ်ခဲ ကိစ္စရပ်ပါ။ လုပ်ငန်းခွင်ထဲဝင်ပြီး ပထမသုံးလမှာ အိပ်လို့၊ စားလို့ မရသလောက်ပါပဲ။ အလွန်ဆိုးရွားတဲ့၊ လူမဆန်တဲ့ လုပ်ငန်းခွင်ထဲမှာရှိနေတဲ့ သာမန် မိန်းကလေးတွေနဲ့ ဘာမှမကွာခြားလှတဲ့ မိန်းကလေးတွေကို တွေ့ခွင့်ရခဲ့ခြင်းပါ။ သို့ပေမဲ့ ကျွန်မရဲ့တာဝန်က ကျန်းမာရေး အသိပညာပေးဖို့၊ ကျန်းမာရေး အသိပညာပြန်ပေးနိုင်မယ့် ဘဝတူ ပညာပေးသူတွေကို လေ့ကျင့်သင်ကြားပေးဖို့၊ သူတို့ကို သွေးစစ်နိုင်မယ့်နေရာ၊ ဆေးကုသနိုင်မယ့် နေရာတွေကို ဆွဲဆောင်ခေါ်ယူပေးဖို့သာပါ။ အဖြေမရှိသလောက်နီးပါး ဖြစ်နေတဲ့ ပုစ္ဆာတွေကို ဖြေရှင်းပေးဖို့ ဘယ်လိုမှ မတတ်နိုင်တာမို့ တဖြည်းဖြည်းနေသားကျရင်း နှလုံးသားတွေလည်း အသားမာတက်လာခဲ့ပါတယ်။ အရင်က မသိနားမလည်ခဲ့တဲ့ ကန့်လန့်ကာနောက်ကွယ်က ဖြစ်ရပ်တွေနဲ့ လူတွေရဲ့အမှောင်ဘက်ခြမ်းက အကျင့်စရိုက်တွေကိုလည်း ဖြည်းဖြည်းချင်းမြင်လာ၊ သဘောပေါက်လာခဲ့ပါတယ်။
ကျွန်မသိခဲ့တဲ့ လိင်လုပ်သားအများစုက အမ်အက်စ်အမ် (MSM) လို့ အလွယ်တကူ အတိုကောက်ခေါ်ကြတဲ့ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေ ဖြစ်ကြပါတယ်။ MSM ရဲ့အရှည်က Men Sex with Men ဖြစ်ပါတယ်။ MSM တိုင်းက လိင်လုပ်သားတွေ မဟုတ်ကြပါဘူး။ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေက လိင်ကွဲတွေကို လုံးဝစိတ်မဝင်စားဘူးဆိုတဲ့ အယူအဆက မမှန်လှပါဘူး။ ပုံစံအမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိကြပါတယ်။ အားလုံးကို အပြင်ပန်းအမြင်နဲ့ မသိနိုင်ပါဘူး။
ကျွန်မသိခဲ့ဖူးတဲ့ လိင်လုပ်သားအများစုက သူတို့ရဲ့ အဆင်မပြေတဲ့ အခြေအနေတွေကို ဟာသလုပ်ရင်း ပျော်ပျော်နေတတ်သူတွေမို့ သူတို့အတွက် နာကျင်ခံစားရမှုကတော့ နည်းပါးခဲ့ပါတယ်။ သို့ပေမဲ့ ရယ်စရာစကား တွေရဲ့နောက်ကွယ်က သူတို့ခံစားရတဲ့ ဒုက္ခတွေကို သေသေချာချာ ဆန်းစစ်ကြည့်ရင် သေးငယ်လှတာတော့ မဟုတ်ပါဘူး။ ငယ်စဉ်က ဆွေမျိုးရင်းချာရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတာတွေ၊ လိင်တူချင်း စုံမက်မှန်းသိလို့ အိမ်ပေါ်က မောင်းချခံရရာက အလုပ်မရှိ၊ စားစရာမရှိရင်း ဒီလိုဘဝကို ရောက်လာခဲ့တာတွေ၊ ပုံစံမျိုးစုံနဲ့ အနိုင်ကျင့်ခံရတာတွေ၊ အဓမ္မပြုကျင့်ခံရတာတွေ စတဲ့ ဇာတ်လမ်းပေါင်းစုံကို ရယ်စရာစကား တန်ဆာတွေဆင်ရင်း ပြောပြတတ်သူတွေ ဖြစ်ကြပါတယ်။ ကျွန်မတို့ရဲ့ လုပ်ငန်းခွင်ထဲမှာ သူတို့ကြောင့် စိတ်ညစ်ရတဲ့ ကာလတွေရှိပေမယ့် သူတို့ကြောင့် မရယ်ရတဲ့ နေ့ရယ်လို့လည်း တစ်နေ့မှ မရှိသလောက်ပါပဲ။ လိင်လုပ်သားတွေ လိင်အလုပ်သမတွေကို ဦးတည်ပြီး အိပ်ချ်အိုင်ဗွီ တားဆီးကာကွယ်မှုတွေ ဆောင်ရွက်တဲ့ လုပ်ငန်းခွင် နှစ်ခုမှာ ကျွန်မသုံးနှစ်ကျော်ကြာခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အိပ်ချ်အိုင်ဗွီပိုး အသစ်ကူးစက်မှုက တစ်နှစ်ကို ၁၁၁၄၉ ဦး ပတ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ မစစ်ဆေး၊ မသိရှိတဲ့သူတွေ ရှိနေသေးတဲ့အတွက် တကယ့် အစစ်အမှန်ကိန်းဂဏန်းက အဲဒီထက် ပိုများနိုင်ခြေရှိပါသတဲ့။ အသစ်ကူးစက်ခံရသူတွေရဲ့ ရာခိုင်နှုန်း ၇၀ ကျော်က အကြောထဲ မူးယစ်ဆေးထိုးသွင်းသူတွေ၊ လိင်အလုပ်သမတွေ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေ၊ လိင်လုပ်သားတွေရဲ့ လိင်ဆက်ဆံဖော်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ရှိထားတဲ့ သတင်းအချက်အလက်တွေအရ လူ ၁၀၀ အိပ်ချ်အိုင်ဗွီပိုး အသစ်ကူးစက်တိုင်းမှာ အကြောထဲ မူးယစ်ဆေးထိုးသွင်းသူ ၂၉ ယောက်၊ လိင်အလုပ်သမ ခုနစ်ယောက်၊ အမျိုးသားချင်း လိင်တူဆက်ဆံသူ ၁၃ ယောက်၊ လိင် လုပ်သားတွေရဲ့ အမျိုးသားလိင်ဆက်ဆံဖော် ၂၃ ယောက်ပတ်ဝန်းကျင် ပါဝင်တယ်လို့ သိရှိရပါတယ်။
အလွန် စိုးရိမ်စိတ်ပူစရာကောင်းတဲ့ အနေအထားက ယနေ့ မြန်မာနိုင်ငံက လူငယ်တွေရဲ့ အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ အသိပညာအနေအထား ဖြစ်ပါတယ်။ မကြာသေးမီက ထွက်ရှိခဲ့တဲ့ Demo- graphic and Health Survey တွေ့ရှိချက် အရ ယနေ့ မြန်မာနိုင်ငံက ၁၅ နှစ်နဲ့ ၂၄ နှစ် ကြား လူငယ်တွေမှာ အိပ်ချ်အိုင်ဗွီ ကာကွယ် တားဆီးမှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ အသိရှိသူက မိန်းကလေးတွေမှာ ၁၆ ရာခိုင်နှုန်းပဲ ရှိပြီး ယောက်ျားလေးတွေမှာ ၁၈ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။ လူငယ် ၁၀၀ မှာ ပျမ်းမျှ ၁၇ ဦးထဲ ပါ။ ထိတ်လန့်စရာ ကောင်းလှပါတယ်။ အသိမရှိဘဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ခဲယဉ်းပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင် အရွယ်ရောက်ပြီးသူတွေရဲ့ အိပ်ချ်အိုင်ဗွီ ကူးစက်မှုနှုန်းက ၂၀၁၀ နောက်ပိုင်းမှာ လျော့ကျသွားခြင်း မရှိတော့တာကို တွေ့နေရပါသတဲ့။
အိပ်ချ်အိုင်ဗွီပိုး အဓိက ကူးစက်နိုင်တဲ့ နည်းလမ်း သုံးခုရှိကြောင်း ထပ်ပြောချင်ပါတယ်။ သွေးကတစ်ဆင့်၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုက တစ်ဆင့်၊ မိခင်ကနေကလေး ကူးစက်ခြင်းတွေ ဖြစ်ကြပါတယ်။ ယနေ့ကမ္ဘာမှာ ၂၀၁၀ ကနေ လက်ရှိကာလအတွင်း မိခင်ကနေ ကလေးကူးစက်မှုကို ၅၀ ရာခိုင်နှုန်း ပတ်ဝန်းကျင် တားဆီးကာကွယ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သွေးကနေတစ်ဆင့် ကူးစက်မှုမှာလည်း သွေးသွင်းခြင်း၊ ဆေးကုသတဲ့ ပစ္စည်းတွေကနေ ကူးစက်ခြင်းတွေကို မြင့်မားစွာ ကာကွယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သို့ပေမဲ့ မူးယစ်ဆေးအတွက် ဆေးထိုးအပ်ဆေးထိုးပြွန် ပေါင်းသုံးမှုတွေ၊ လိင်မှုကိစ္စတွေကတစ်ဆင့် ကူးစက်မှုတွေအတွက် ပိုမိုကာကွယ်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ကျွန်မတို့ နိုင်ငံမှာ လူငယ်တွေကို လိင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး အသိပညာပေးသင့်တာတွေပေးဖို့ ဝန်လေးနေကြဆဲပါပဲ။ အဲဒါတွေက မလိုလားအပ်တဲ့ ဖြစ်ရပ်တွေကို ပိုမိုများပြားနေစေပါတယ်။ လူငယ်တစ်ယောက်ရဲ့ အိတ်ထဲမှာ ကွန်ဒုံးတွေ့ရင် အထင်ကြီးခံရဖို့ထက် အထင်သေးခံရဖို့၊ ပြဿနာရှာခံရဖို့ အခွင့်အလမ်းပိုများတဲ့ အခြေအနေမှာ ရှိနေဆဲပါပဲ။ လိင်လုပ်သားတွေ လိင်အလုပ်သမတွေနဲ့ နေ့စဉ်ထိတွေ့နေသူတွေထဲမှာ လူငယ်တွေပါဝင်နေသလို အဲဒီလူငယ်တွေထဲကပဲ လိင်လုပ်သားတွေ၊ လိင်အလုပ်သမတွေ ဖြစ်နေကြသူတွေလည်း ရှိပါတယ်။ တိုက်ရိုက်ထိတွေ့မှု မရှိပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ကူးစက်သွားမှုတွေလည်း ရှိနိုင်ပါတယ်။ ကူးစက်မှုတွေက အပြန်အလှန်လည်း ဖြစ်နိုင်ပါတယ်။
အချို့သော ကိစ္စရပ်တွေက အဖြေရှာဖို့ အလွန်ခက်ခဲပေမယ့် အချို့သောကိစ္စရပ်တွေအတွက် အဖြေက လက်တစ်ကမ်းမှာ ရှိနေပါတယ်။ ရှိနေတာတွေကို မရှိဘူးလို့ ငြင်းပယ်နေခြင်း၊ ဖြစ်နေတာတွေကို မဖြစ်ဘူးလို့ ငြင်းပယ်နေခြင်းတွေက ကြီးမားတဲ့ အတားအဆီးတွေထဲက တစ်ခုဖြစ်ပါတယ်။
လိင်မှုကိစ္စတွေကို အမှန်တကယ် ရှောင်ကြဉ်နိုင်ရင် အလွန်ကို ကောင်းမွန်ပါတယ်။ ဒါက မှားယွင်းတဲ့ ကိစ္စတစ်ရပ် မဟုတ်ပါဘူး။ မိမိ အမှန်တကယ် ရေရှည်လက်တွဲမယ့်သူနဲ့ မတွေ့မချင်း စောင့်စည်းဖို့ဆုံးဖြတ်ခြင်းကလည်း ခေတ်မမီတော့တဲ့ အယူအဆမဟုတ်ပါဘူး။ တစ်လင် တစ်မယားစနစ်ကို ကျင့်သုံးပြီး တစ်ဦးအပေါ်တစ်ဦး သစ္စာရှိခြင်းကလည်း နှစ်ဦးနှစ်ဖက် အမှန်တကယ်ဆောင်ရွက်နိုင်ရင် အလွန်ကို သင့်လျော်ကောင်းမွန်ပါတယ်။ သို့ပေမဲ့ မလုပ်နိုင်တာကို လုပ်နိုင်တယ်လို့ လိမ်ညာဖုံးကွယ်ပြီး မိမိကိုယ်မိမိ ကာကွယ်မှု မရှိတာက မိမိကိုယ်တိုင်အတွက်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ တာဝန်မဲ့ခြင်း ဖြစ်ပါတယ်။
လူငယ်တွေအတွက် လုံလောက်တဲ့ အသိပညာနဲ့ ရွေးချယ်ခွင့်တွေရှိစေဖို့ ကျွန်မတို့ရဲ့ စိတ်မသက်မသာ ဖြစ်မှုတွေကိုဘေးချပြီး ပြောသင့်တာတွေကို ပြောပြပေးကြရမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမ စတဲ့ အနီးကပ်သင်ကြားပေးနိုင်သူတွေ အတွက်လည်း လုံလောက်စွာ အသိပညာပေးရဲတဲ့၊ ပေးနိုင်တဲ့ ပတ်ဝန်းကျင်တွေကို ဝိုင်းဝန်းဖန်တီးပေးကြဖို့ လိုအပ်မယ်လို့ ယူဆမိပါတယ်။
(Ref: Myanmar Ministry of Health and Sports, UNAIDS, Myanmar Demo- graphic and Health Survey 2015-2016)










