နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် စော်ကားသည့်ပို့စ် တင်သည့်အတွက်ဟု ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသူ ကိုဇော်ဇော် (ခ) ငဖာ အကောင့်ပိုင်ရှင်အား စစ်ဆေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် စော်ကားသည့်ပို့စ် တင်သည့်အတွက်ဟု ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသူ ကိုဇော်ဇော် (ခ) ငဖာ အကောင့်ပိုင်ရှင်အား စစ်ဆေး
Published 22 December 2016
သက်မင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်တွင် စော်ကားသည့်ပို့စ် တင်သည့်အတွက်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ကိုဇော်ဇော်  (ခ) ငဖာ အကောင့်ပိုင်ရှင်အား မြောက်ဒဂုံမြို့နယ်တရားရုံးတွင် ဒီဇင်ဘာ ၂၁ ရက်က စစ်ဆေးမေးမြန်းခဲ့သည်။
တရားစွဲဆိုခံရသူ ကိုဇော်ဇော်က နာမည်ရင်း ကိုဇော်ဇော် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စော်ကားသည့်ပို့စ် တင်သည့်အတွက်ဟုဆိုကာ တရားစွဲခံရသောပို့စ်သည် သူများဆီက ကူးယူပြီး တင်ခြင်းသာဖြစ်ကြောင်း၊ တိုင်ကြားသူ တရားလိုနှင့် တရားလိုပြသက်သေများကို ယခင်က သိရှိခဲ့ခြင်းမရှိကြောင်း၊ နိုင်ငံရေးပါတီများတွင်လည်း ပါဝင်ပတ်သက်ဖူးခြင်း မရှိကြောင်း၊ အကောင့်အမည်မှာ ဇတေ ဇတေ (ဦးဖာ)ဖြစ်ကြောင်း၊ Facebook ကို ၂၀၁၀ ပြည့်နှစ်ခန့်က စတင်သုံးစွဲခြင်းဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသဖြင့် Facebook ပေါ်တွင် တင်ခဲ့ခြင်းများ ရှိကြောင်း၊ စခန်းတွင် အမှုဖွင့်စဉ်က ဓာတ်ပုံအများအပြားကို တရားလိုက ရဲစခန်းတွင် တင်ပြထားသော်လည်း အဓိကပုံမှာ ဈေးဗန်းခေါင်းရွက်သည့် ဓာတ်ပုံဖြစ်ကြောင်း၊ ကူးယူဖော်ပြသည့် ဓာတ်ပုံပါ အမျိုးသမီးမှာ မည်သူဟု မသိရှိကြောင်း၊ ထိုပုံကို ကူးယူဖော်ပြခြင်းမှာ မြန်မာနိုင်ငံတွင် ဆင်းရဲသားခေါင်းရွက် ဗျက်ထိုးဈေးသည် အများအပြားရှိနေခြင်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရန်အတွက် အထောက်အကူဖြစ်စေရန် ကူးယူဖော်ပြခြင်းသာ ဖြစ်ကြောင်း၊ အဆိုပါပုံကို ဖော်ပြသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေရန် အကြောင်းမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သိရှိသူမဟုတ်သည့်အပြင် ကူးယူဖော်ပြသည့် ဓာတ်ပုံမှာ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပုံဖြစ်ကြောင်း မည်သူမျှမသိရှိသည်ကို တရားလိုနှင့် လိုပြသက်သေများက ဒေါ်စုပုံဟုပြောဆိုနေကြခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖမ်းဆီးခံနေရသည့်အတွက် မိသားစု စားဝတ်နေရေးခက်ခဲပြီး ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာကျဆင်းနေရကြောင်း၊ အဆိုပါ ဓာတ်ပုံကို ကူးယူဖော်ပြမိသည့်အတွက် အပြစ်ရှိသည်ဆိုပါက Comment လုပ်သူ၊ Like လုပ်သူ ၁၀၀၀၀ ခန့်ရှိနေသဖြင့် ထိုသူများကိုလည်း ဖမ်းဆီးသင့်ကြောင်း ရုံးတော်တွင် ထွက်ဆိုသည်။
ဥပဒေအရာရှိ၏ မေးမြန်းမှုများကိုလည်း အဆိုပါပို့စ်ကို ကူးယူပြီး တင်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသရေပျက်စေရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ ပို့စ်တင်ပါက ရှယ်သည့်အကျင့် မရှိ၍ ကူးယူပြီး ပြန်တင်ခြင်းသာဖြစ်ကြောင်း စသည်ဖြင့် ထွက်ဆိုသွားခဲ့သည်။
အဆိုပါအမှုအား စစ်ဆေးနေစဉ်အတွင်း လာရောက်နားထောင်သူ လူဦးရေ ၄၀ ခန့် ရှိပြီး တရားဥပဒေစိုးမိုးရေး ကူညီတည်ဆောက်သူများ တူညီဝတ်စုံ ဝတ်ဆင်ထားသူအချို့လည်း ပါဝင်ကြောင်း သိရသည်။ တရားသူကြီးက နောက်တစ်ကြိမ်ရုံးချိန်းကို ဒီဇင်ဘာ ၃၀ ရက်သို့ ချိန်းဆိုလိုက်သည်။
ငဖာအကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မြောက်ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော ကိုနေမျိုးကျော်သည် နေလင်းအောင် အကောင့်ပိုင်ရှင်ကိုလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့်ပင် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ တရားစွဲဆိုထားကြောင်း သိရသည်။                                               

Most Read

Most Recent