မနက်စောစော အိပ်ရာက နိုးနေတတ်တဲ့ ကျွန်တော်ဟာ အဲဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့် တစ်ဦးတည်းသော သားကလေး အိပ်နေတဲ့ အိပ်ရာဘေးကို ရောက်သွားမိပါတယ်။ စာမေးပွဲနီးလို့ ညကနောက်ကျမှ အိပ်ရာဝင်သွားတဲ့သားဟာ အသက်မှန်မှန်ရှူလို့ အပြစ်ကင်းစွာ အိပ်စက်နေပါတယ်။ အသက် (၁၂) နှစ်ကျော်သာ ရှိသေးပေမယ့် ကျွန်တော့်အရပ်ကို မှီနေတဲ့သားက မျက်နှာလေးသာဖော်ပြီး တစ်ကိုယ်လုံး စောင်ကိုလုံအောင်ခြုံထားပါတယ်။ ညက စာမပြီးမချင်း မအိပ်ဘဲ မရရအောင်ကျက်ပြီးမှ အိပ်ရာဝင်သွားတဲ့ နှစ်တိုင်း ဆုပေးပွဲတွေမှာ ထူးချွန်ဆုတွေရ စာကြိုးစားတဲ့သားကို အားရပေမယ့် ပင်ပန်းလွန်းလို့ သနားနေမိပါတယ်။
အတွေးတွေဟာ သိပ်ကိုမြန်ဆန်ပါတယ်။ ဟိုးအတိတ်လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က သားသူငယ်တန်း ဆုပေးပွဲကို ပြန်ရောက်သွားခဲ့ပါတော့တယ်။ ဆုပေးပွဲမှာ သူရတဲ့ဆုကြီးကို ကိုင်ပြီးပျော်နေတဲ့ သားဆီကို သူသူငယ်တစ်နှစ်လုံး အားရင်အားသလို လာကြည့်ပေးတတ်တဲ့ သူတို့အတန်းတာဝန်ခံ အလုပ်သမား အမျိုးသမီးရောက်လာပါတယ်။ သားတို့ကျောင်းမှာ သူငယ်တန်းတွေအတွက် အတန်းအလိုက် အလုပ်သမားတွေ ရှိနေတာဟာ မိဘတွေအတွက် အင်မတန် အဆင်ပြေလှပါတယ်။ သက်ဆိုင်ရာ အလုပ်သမားတွေကို အပ်ထားပြီး စားရေး၊ သောက်ရေး အပေါ့အလေးသွားတာကအစ စိတ်ချရအောင် စီမံထားရပါတယ်။ သားဆိုလည်း ချွေးအရမ်းထွက်တတ်တော့ အင်္ကျီအပိုထည့်ပေးပြီး သူ့နာနီ (အလုပ်သမား) ကို အင်္ကျီချွေးစိုမစို သွားစမ်းပေးဖို့ ချွေးစိုရင် လဲပေးဖို့မှာထားရပါတယ်။
သူ့ကို အင်္ကျီလဲပေးရင်းနှင့် ရင်းနှီးနေတဲ့ အလုပ်သမားအမျိုးသမီးဟာ သူဆုရတာကို အားရဝမ်းသာဖြစ်နေပါတယ်။ သားလေးကိုလည်း ပြောပါတယ်။ သားဆရာဝန်ကြီးလုပ်နော်။ အန်တီ့ကို ကြီးလာရင် ဆေးကုပေးသိလား။ အန်တီ့မေမေတုန်းကလည်း ဒီကျောင်းမှာပဲလုပ်တာ။ ခုနေမကောင်းလို့ ဆေးရုံတက်တော့ သူငယ်ငယ်က ကြည့်ပေးတဲ့ ဆရာဝန်လေးတွေက ပြန်ကုပေးတာ သားရဲ့လို့ ခံစားချက်ပါပါ သားကိုပြောနေပါတယ်။ သားရဲ့ကျောင်းကို အရောက်အပေါက်နည်းလို့ အဲဒီအမျိုးသမီးကို ခုချိန်လမ်းမှာတွေ့ရင် မမှတ်မိတော့မယ့် ကျွန်တော်ဟာ သူပြောခဲ့တဲ့စကားကိုတော့ မှတ်မိနေပါတယ်။ သားကြီးလာလို့ ဆရာဝန်ကြီးဖြစ်ရင် အန်တီ့ကို ဆေးကုပေးပါတဲ့...။
ကျွန်တော်တို့ ဟိုးဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် ဘဝကတည်းက လက်ဦးဆရာဆိုတဲ့ မိနှင့်ဖနှင့် သွန်သင်မှုကို ခံယူခဲ့ရပါတယ်။ လူ့ဘောင် လူ့ရွာဆိုတာ လုပ်ဆောင်ရန် ပြုလုပ်ရန် သိမှတ်စရာတွေ အလွန်ကိုများပြားလှတာမို့ တစ်ဦးတည်း လေ့လာရုံ တစ်မိသားစုတည်း အချင်းချင်းမျှဝေရုံနှင့် ရပ်တည်နေထိုင်ရန် မလုံလောက်တော့ပါဘူး။ ဆရာဆရာမတွေရဲ့ အကူအညီ သင်ကြားမှုတွေကြောင့် ယနေ့အချိန်လို လူလားမြောက်ကာ လောကအလယ် တင့်တင့်တယ်တယ် နေနိုင်တာပဲ ဖြစ်ပါတယ်။ ကိုယ်ရင့်တထူ ဖြစ်နေတဲ့ ကာလတွေမှာ အိုမင်းမစွမ်းဖြစ်နေတဲ့ ဆရာဆရာမတွေကို တကူးတက ပင့်ဖိတ်ကန့်တော့ တွေ့ဆုံကြကာ ငယ်ငယ်ကလို သြဝါဒခံယူရတာ အင်မတန်ကို မင်္ဂလာရှိလှတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဆရာကန်တော့ပွဲ အစီအစဉ်တွေဟာ ကျောင်းတော်တော်များများ တက္ကသိုလ်အသီးသီးများမှာ ခြိမ့်ခြိမ့်သဲကျင်းပကြပါတယ်။ တကယ့်ကို ဆရာနှင့်တပည့် ပျော်ရွှင်စွာ ငယ်မူပြန်တွေ့ဆုံပြီး အကျိုးရှိရှိဖြစ်မြောက်သွားတဲ့ ပွဲတွေရှိသလို ဆရာကန်တော့တာ အကြောင်းပြ ပျော်ပွဲရွှင်ပွဲသာသာဖြစ်ခဲ့ရတဲ့ ဝေဖန်ခံရတဲ့ ပွဲတွေလည်း ရှိခဲ့ပါတယ်။
ဆရာကန်တော့ပွဲအပြီးမှာ သူငယ်ချင်းတွေ ပြန်လည်တွေ့ဆုံပွဲတွေလည်း ဆောင်ရွက်တတ်ကြတာမို့ အရွယ်ကြီးမှ အပျော်လွန်ကာ ဝေဖန်ခံခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ ဆရာကန်တော့တာ နည်းနည်း ပျော်ပွဲအတွက် ကုန်တာများများဆိုတာတော့ မဖြစ်သင့်လှပါဘူး။
ကျွန်တော်အခြေခံပညာ အလယ်တန်းအောင်သည်အထိ တက်ရောက်ခဲ့တဲ့နယ်က အထက်တန်းကျောင်းမှာဆိုရင် သူငယ်ချင်းတွေ နှစ်စဉ်ဆရာကန်တော့ပွဲ စီစဉ်တာ စနစ်ကျလှပါတယ်။ ရသမျှ အလှူငွေတွေကို ဆရာဆရာမတွေ အတွက်သာ အကုန်အကျခံကြပါတယ်။ ညဘက်မှာ ကိုယ့်အုပ်စုအလိုက်သာ ကိုယ်ပိုင်သီးသန့် ပိုက်ဆံလေးတွေ စုထည့်ပြီး ပျော်ကြ စကားပြောကြ စားကြပါတယ်။ ဆရာကန်တော့ ရန်ပုံငွေကို လုံးဝမထိကြပါဘူး။ ဆရာဆရာမတွေအတွက် လှူထားတဲ့အထဲက ပိုငွေကို ဘဏ်မှာအပ်ထားပြီး ရတဲ့အတိုးနှင့် ဆရာဆရာမတွေရဲ့ နာမကျန်းမှု ရန်ပုံငွေအဖြစ် ထားရှိထားပါတယ်။ ဆရာဆရာမများ နာမကျန်းဖြစ်ရင် အဖွဲ့ဝင်တွေက ထုတ်လှူပေးပါတယ်။ ပြုစုကုသကြပါတယ်။ ခုဆို ရန်ပုံငွေ တောင့်တင်းလာလို့ အပတ်စဉ် စနေနေ့/တနင်္ဂနွေ တစ်ရက်ရက်ကို အပတ်စဉ်တိုင်း အငြိမ်းစားဆရာ ဆရာမကြီးများအတွက် အခမဲ့ဆေးကုခန်း ဖွင့်ပေးချင်တယ်။ ဆေးခန်းဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အနုစိတ် စီမံချက်ရေးပါဆိုပြီး ခိုင်းလာလို့ ရေးပေးလိုက်ရပါတယ်။
စီမံခန့်ခွဲမှု ကောင်းသူများအတွက် အောင်မြင်မှုတွေက အစီအရီ၊ သာဓုခေါ်သံတွေက ဝေေ၀စည်စည်ပါပဲ။ မိဘနှင့် ဆရာသမားဆိုတာ ဘုရားနှင့် နှိုင်းတစ်ဂိုဏ်းတည်း ထားရလောက်အောင် ကျေးဇူးကြီးမားကြသူတွေပါ။ ပူဇော်သင့် ပူဇော်ထိုက် ကိုးကွယ်ဆည်းကပ် ထိုက်သူတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပညာသင်ကြားရာ ကာလတွေမှာ ဆရာဆရာမတွေလို ကိုးကွယ်ရာ မထိုက်ပေမယ့် အကူအညီရခဲ့တဲ့ အညတရ ဝန်ထမ်းတွေလည်း ရှိသေးတယ်ဆိုတာကို သားကိုလာနှုတ်ဆက်တဲ့ အလုပ်သမား အမျိုးသမီးအကြောင်း ပြန်စဉ်းစားမိရင်း သတိရသွားပါတော့တယ်။ ငယ်ငယ်တုန်းက ကျောင်းခန်းထဲမှာ မေ့ကျန်ခဲ့တဲ့ ကွန်ပါဘူးကို အိမ်အထိ လိုက်လာပေးဖူးတဲ့ (မေမေက ကွန်ပါဘူးမှာ နာမည်ထိုးပေးထားပါတယ်)၊ နောက်ပြီး အတန်းကြီးက ကျောင်းသားတွေက အနိုင်ကျင့်ရင် ကာကွယ်ပေးတတ်တဲ့ နယ်ကျောင်းက ကျောင်းစောင့်ကြီးကို သတိရမိပါသေးတယ်။ ကျွန်တော့်ကို အဲဒီတုန်းက ကျောင်းလာကြိုနေကျ ဖေဖေ့ဆေးရုံက တပည့်တွေကတော့ ကျောင်းစောင့်ကြီးကို ပျင်းလို့ ကျောင်းစောင့်လုပ်တာလို့ပြောတာ မှတ်မိပါသေးတယ်။ ယခု ရန်ကုန်ကသားတို့ ကျောင်းတွေလို အစစအရာရာ ပြည့်စုံတဲ့ ကျောင်းမဟုတ်လေတော့ ကျွန်တော်တို့ငယ်ငယ်က ကျောင်းတွေဟာ ဆရာဆရာမတောင် မနည်းစုံလင်အောင် သင်ရတာမို့ သားတို့ခေတ်ကလိုတော့ ပံ့ပိုးမယ့် အလုပ်သမားတွေနှင့် သိပ်မတွေ့ခဲ့ရပါဘူး။ ဆရာဆရာမ မဟုတ်တဲ့ ဝန်ထမ်းတွေရှိတော့ ရှိခဲ့တယ်။ ဒါပေမဲ့ ဘယ်အခြေအနေတွေ ရောက်နေတယ်ဆိုတာ မသိတော့သလို သူတို့နှင့်ပတ်သက်တဲ့ အကြောင်းအရာတွေကလည်း ခုနက ငပျင်းလို့ ခေါ်ခံထိတဲ့ ကျောင်းစောင့်ကြီးကလွဲလို့ ဝိုးတိုးဝါးတားပါပဲ။
ဒါပေမဲ့ တက္ကသိုလ်ကို ရောက်ခဲ့တဲ့အခါမှာတော့ ကျွန်တော်ဟာအဲဒီ အညတရဝန်ထမ်းတွေရဲ့ ပံ့မိုးမှုတွေကို ကောင်းကောင်း ရခဲ့ပါတယ်။ ပထမနှစ် စမ်းသပ်ခန်းတွေထဲမှာ၊ ဒုတိယနှစ် အလောင်းခွဲစိတ်တဲ့နေရာ၊ နောက်ပိုင်းနှစ်တွေရဲ့ စမ်းသပ်ခန်းတွေ ဓာတ်ခွဲခန်းတွေ အတွင်းမှာ အာစရိယဂိုဏ်းမဝင်ပေမယ့် ကျွန်တော်တို့ ပညာတတ်မြောက်ရေးကို တတ်စွမ်းသမျှ ထောင့်အသီးသီးကနေ ကူညီပေးခဲ့တဲ့ ဝန်ထမ်းတွေကို သတိရမိပါတယ်။ တက္ကသိုလ်ရဲ့ လူမှုရေး လှုပ်ရှားမှုတွေမှာ အမြဲပါဝင်ဆောင်ရွက်တတ်တဲ့ ကျွန်တော့်အတွက်တော့ ရင်းနှီးတဲ့ဆရာမဟုတ်တဲ့ တက္ကသိုလ်ဝန်ထမ်းတွေက များလှပါတယ်။ သူတို့တွေရဲ့ အကူအညီနှင့် နှစ်စဉ်တက္ကသိုလ်ရဲ့ ဝါဆိုသင်္ကန်းကပ်ပွဲတွေ ကထိန်ပွဲတွေ အားကစားပွဲတွေကို ခြိမ့်ခြိမ့်သဲ ဆောင်ရွက်ခဲ့ဖူးပါတယ်။ ကျွန်တော်ငယ်ရွယ်စဉ် အတွေ့အကြုံမရှိသေးတဲ့ ကာလရဲ့ စီမံခန့်ခွဲမှု ဦးဆောင်မှုကို စမ်းသပ်ခံတွေပမာ မငြိုမငြင် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ သူတွေလည်းဖြစ်ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ရဲ့ အတွေ့အကြုံမရှိမှုကြောင့် လွဲချော်မှုတွေဖြစ်ရင်လည်း ဆရာဆရာမများရဲ့ အဆူအပူကို သူတို့က ရင်စီးခံပေးသွားကြသူများလည်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဆေးကျောင်းတက်စဉ်ကာလ ကျောင်းမှာ အဲဒီဆရာမဟုတ်ရှာတဲ့ အညတရဝန်ထမ်းတွေနှင့် တွဲဖက်ပြီး ကျောင်းတွင်းလူမှုရေး လှုပ်ရှားမှုတွေ ဆောင်ရွက်ခွင့်ရခဲ့တာဟာ ယနေ့ခေတ် စီမံခန့်ခွဲမှုတွေအတွက် အခြေခံကောင်းတွေ ဖြစ်စေခဲ့ပါတယ်။
မျက်နှာချိုတဲ့ အလိုက်သိတဲ့ ဝန်ထမ်းတွေကတော့ ခင်မင်ရာခင်မင်ရော ဆရာကြီးတွေရဲ့ ဆေးခန်းတွေမှာ အကူအဖြစ် တောက်တိုမည်ရ အလုပ်လုပ်ရင်း ဘဝကိုကျောင်းနိုင်ပေမယ့် အများစုကတော့ ကိုယ်ပင်စင်ယူရင် ကိုယ့်နီးစပ်ရာ သားသမီးဆွေမျိုးတွေကို ကိုယ့်နေရာမှာ ဆက်လုပ်ကာ အလုပ်ရဖို့ကြိုးစားရင်း ဘဝရဲ့ နေဝင်ချိန်တွေကို ကျော်ဖြတ်ရပါတယ်။ ရင်းရင်းနှီးနှီး ဆရာဝန်မရှိခဲ့လို့ ဒါမှမဟုတ် ရင်းနှီးတဲ့သူတွေက ရန်ကုန်မှာ မရှိလို့ သွေးတိုးနေပါလျက် ဆီးချိုဖြစ်နေပါ လျက် ဆေးမကုနိုင်တဲ့ ဆေးတက္ကသိုလ်မှာ အလုပ်လုပ်ဖူးခဲ့တဲ့ ဝန်ထမ်းဟောင်းတွေ ရှိတယ်ဆိုတာ မကြာသေးခင်ကမှ သိခဲ့ရပါတယ်။ ငယ်ငယ်တုန်းက အလှူလုပ်ပြီးတိုင်း ပန်းကန်လာဆေးပေးတတ်တဲ့ သန့်ရှင်းရေး အမျိုးသမီးကြီးရဲ့ ပုံစံကို မှတ်မိနေတဲ့ ကျွန်တော်က မမျှော်လင့်ဘဲ ဆေးတက္ကသိုလ် ပရဝဏ်ထဲမှာ သူနှင့်ရုပ်တူတဲ့ အသက်ငယ်တဲ့ ကောင်မလေးတစ်ယောက်ကို သန့်ရှင်းရေး အလုပ်သမားအနေနဲ့ တွေ့လိုက်ရပါတယ်။ နင်ဘယ်သူ့သမီး မဟုတ်လားဆိုတော့ ဟုတ်ပါတယ်။ ဆရာဘယ်လိုသိလဲလို့ မေးပါတယ်။ နင်က နင့်အမေနဲ့ အတော်တူတာလို့ပြောပြီး အဘွားကြီး အကြောင်းမေးမိတော့ ပင်စင်သွားကာ ဆီးချိုသွေးတိုး ဖြစ်နေပေမယ့် ဆေးမှန်မှန်မသောက်နိုင်တဲ့ အကြောင်းသိခဲ့ရတာပါ။
ဖောင်စီးရင်းရေငတ်ဆိုသလို ထိတ်ထိတ်ကြဲ တစ်တိုင်းပြည်လုံးက အားကိုးရတဲ့ ဆရာဝန်ကြီးတွေနှင့် မလှမ်းမကမ်းမှာ အမြဲရှိနေသူ တစ်ယောက်အတွက် ထိုဆရာကြီးတွေ ပညာပါရမီပြည့်အောင် ဆောင်ရွက်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာက ပါခဲ့သူတွေအတွက် ဒီအဖြစ်မျိုးဟာ စိတ်မကောင်းစရာပါပဲ။ ခဏစောင့်ဦးဆိုပြီး နီးစပ်ရာဆေးဆိုင်က သူ့အမေသောက်နေကျ ဆေးတချို့ ဝယ်လှူလိုက်နိုင်ပေမယ့် ဒါဟာ တစ်ခဏတာသာ အဘွားကြီးအတွက် အဆင်ပြေစေမှာပါ။
ဆေးပညာသင်ကြားပေးတဲ့ တက္ကသိုလ်ကြီးက ပင်စင်စား အညတရဝန်ထမ်းတွေတောင် ဒီလိုမျိုးတွေ့ကြုံရရင် ကျန်တက္ကသိုလ်အသီးသီးက အညတရတွေအတွက်ဆို ပိုလို့ဆိုးတော့မှာပါ။ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ။ မကြာခင်ကာလမှ ကျွန်တော်တို့ဆေးတက္ကသိုလ် (၁) ၂/၉၃ အုပ်စုရဲ့ ဒုတိယအကြိမ်မြောက် ဆရာကန်တော့ပွဲနှင့် သူငယ်ချင်းများ ပြန်လည်တွေ့ဆုံပွဲကို ဆောင်ရွက်ဖို့ တိုင်ပင်နေကြပါတယ်။ အဲဒီမှာ ကျွန်တော်က ခုဆိုခဲ့တဲ့ အညတရဝန်ထမ်းများအတွက် ကျန်းမာရေး ရန်ပုံငွေဆိုတာကိုပါ မတည်ထူထောင်ပေးရန် အဆိုပြုထားပါတယ်။ ဆေးတက္ကသိုလ် (၁) အညတရ ဝန်ထမ်းဟောင်းများအတွက် ကျန်းမာရေး ရန်ပုံငွေလို့ အကြမ်းဖျင်း ခေါ်ဆိုရမှာပါ။ ဆရာတွေကို ကန်တော့မယ်။ ဝေးကွာနေတဲ့ သူငယ်ချင်းတွေနှင့် ငယ်မူပြန်မယ် ငွေကြေးတစ်ရပ်ကို ရန်ပုံငွေထားပြီး အညတရဝန်ထမ်းတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ဆောင်ရွက်ပေးမယ်လို့ ဦးတည်ထားပါတယ်။ ဒီရန်ပုံငွေထဲကနေ သူတို့ဆေးဖိုးတွေ ဆေးကုသစားရိတ်တွေကို တတ်နိုင်သလောက် စည်းကမ်းတကျ ထုတ်ပေးသွားမယ်။ ကူညီမယ်ဆိုရင် ကျေးဇူးဆပ်အပ်သူတွေ အားလုံးကို ကျေးဇူးဆပ်ပြီးရာလည်း ရောက်ပါလိမ့်မယ်။ ပြီးပြည့်စုံသော ဆရာကန်တော့ပွဲ ပြန်လည်တွေ့ဆုံပွဲနှင့် ကျေးဇူးဆပ်ပွဲ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကုသိုလ်ပေါ် ကုသိုလ်ဆင့် သွားတော့မှာပဲ ဖြစ်ပါတယ်။
ကျန်တဲ့နေရာအသီးသီး ကျောင်းအသီးသီး တက္ကသိုလ်အသီးသီးမှာ ဆောင်ရွက်ဆဲ ဆောင်ရွက်လတ္တံ့သော အာစရိယပူဇော်ပွဲနှင့် သူငယ်ချင်းများ မိတ်ဆုံစားပွဲကျင်းပရေး ကော်မတီအသီးသီးကို မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ နည်းနည်းလေး လျှော့စားရအောင် နည်းနည်းလေး လျှော့ပျော်ရအောင် ဒါမှမဟုတ် နည်းနည်းလေးတိုး ကုသိုလ်ပြုရအောင်လို့ပါ။ အဲဒီလိုလျှော့လို့ ဒါမှမဟုတ် ပိုလို့ရလာတဲ့ ငွေကြေးလေးတွေ စုပေါင်းပြီးတော့ သက်ဆိုင်ရာကျောင်း သို့မဟုတ် တက္ကသိုလ်အသီးသီးရဲ့ ဆရာမဟုတ်တဲ့ အညတရ ဝန်ထမ်းဟောင်းများအတွက် လူမှုရေး/ကျန်းမာရေး ရန်ပုံငွေလေးများ ထူထောင်ပေးစေလိုပါတယ်။ ထိရောက်အောင်လည်း အသုံးပြုကြစေလိုပါတယ်။အာစရိယဂုဏ် မထိုက်ရှာတဲ့ အညတရ ပညာရေးဝန်ထမ်းတွေကိုလည်း ပေးပျော်လိုက်ကြရအောင်လားဗျာ...။










