ပြီးခဲ့သည့် စနေနေ့က စာမူပို့ရန်အတွက် ရွှေတိဂုံဘုရားလမ်းမှာရှိသည့် ‘အောင်ပင်လယ်’ မဂ္ဂဇင်းတိုက်သို့ ကျွန်တော်ရောက်သွားသည်။
‘အောင်ပင်လယ်’ သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အဓိကဦးစားပေးဖော်ပြသည့် မဂ္ဂဇင်းဖြစ်သည်။ ဆရာမကြီးက သူထုတ်ဝေနေသည့် မဂ္ဂဇင်းနှင့်ပတ်သက်ပြီး ‘သားရေ ဒေါ်လေးကတော့ ဒီမဂ္ဂဇင်းလေးကို တတ်နိုင်သမျှ ကြိုးစားပြီး ထုတ်ဝေနေတာပဲ။ ဒါပေမဲ့ ဒေါ်လေးက အကျိုးအမြတ် အဓိကမထားဘဲ ကိုယ့်ကမ္ဘာမြေ ကိုယ့်ပတ်ဝန်းကျင်အတွက် တတ်နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးတဲ့ သဘောပါကွယ်။ ဒီပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာမျိုးက ရေရှည်အကျိုးမျှော်ကိုးပြီး လုပ်ရတာပဲလေ။ ဒီကရလာတဲ့ အကျိုးကျေးဇူးကို ဒေါ်လေးတို့သားတို့ ခံစားချင်မှခံစားရမယ်။ ဒါပေမဲ့ နောင်လာမယ့် မျိုးဆက်ကတော့ ကောင်းကောင်းခံစားရမှာပေါ့နော်။ အဲဒီလိုမျှော်မှန်းပြီး လုပ်နေတာပဲသားရေ’ ဟု ကျွန်တော့်ကို ပြောသွားသည်။
ကျွန်တော်ကလည်း ဆရာမကြီးစကားကို ထောက်ခံသည့်အနေဖြင့် ‘ဟုတ်တယ် ဒေါ်လေး။ ဒါမျိုးက ခုရေတွင်းတူး ခုရေကြည်သောက်လို့ကတော့ မရဘူးပေါ့။ သားလည်း တစ်ခါတစ်ခါ စဉ်းစားကြည့်တယ်။ သားတို့ လူသားတွေက သေရေရှင်းရေတမျှ အရေးကြီးတဲ့ ကိစ္စမျိုးကျမှ ထိတ်လန့်ကြောက်ရွံ့ကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက တဖြည်းဖြည်း ဆိုးကျိုးဒုက္ခ ခံစားရတာဆိုတော့ ကြောက်ရလန့်ရ ထိတ်ရကောင်းမှန်းမသိဘူး။ ဒါမျိုးက အနာဂတ်မှာ ဖြစ်လာမှာကို တွေးတောပူပန်ပြီး ကြောက်ရမယ့် ကိစ္စမျိုးလေ။ ဆရာမဂျူးရဲ့ ဝတ္ထုတစ်ပုဒ်မှာ ဖတ်ဖူးတယ်။ ကြွက်တစ်ကောင်ကို ပွက်ပွက်ဆူနေတဲ့ ရေနွှေးထဲ ပစ်ထည့်လိုက်။ ချက်ချင်း ခုန်ထွက်လိမ့်မယ်တဲ့။ ဒါပေမဲ့ အပူဓာတ်ကို မသိမသာ တစ်ဆင့်ချင်း တိုးတိုးပေးကြည့် အဲဒီကြွက် သေသွားရော ခုန်ထွက်ဖို့ မစဉ်းစားဘူးတဲ့။ ခုလည်း သားတို့လူသားတွေရဲ့ ဘဝက အပူဓာတ်ကို တစ်ဆင့်ချင်း တိုးတိုးပြီး အပေးခံရသလိုပါပဲ ဒေါ်လေးရယ်’ ဟုပြောလိုက်ပါသည်။
ထိုအခါ ဆရာမကြီးက ‘ဟုတ်တာပေါ့ သားရယ်။ နည်းနည်းတော့ စိတ်ရှည်သည်းခံရတာပေါ့နော်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူတွေသိအောင် နားလည်းအောင် လက်ခံချင်လာအောင် စည်းရုံးနေရတာပါပဲ။ ဒေါ်လေးကတော့ မလျှော့ဘူး။ စိတ်ဓာတ်လည်းမကျဘူး။ ရသလောက်ပြောမယ်။ တတ်နိုင်သလောက်လုပ်မယ်။ မျှော်လင့်ချက် အမြဲထားတယ်’ ဟုဆက်ပြောလေသည်။
ကျွန်တော်က ဆရာမကြီးစကားကို ခေါင်းညိတ်ပြရင်း ‘မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ မိန့်ကြားဖူးတာတစ်ခု မှတ်မိတယ် ဒေါ်လေး။ ဆရာတော်ကြီးက ဘုရားသာသနာတော်နဲ့ ပတ်သက်ပြီး သူရဲ့မျှော်လင့်ချက်ကို တပည့်တွေကို ပြောပြတာပါ။ သာသနာရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုန်းကြီးက နိုင်ငံတော်ကိုပါ ပြုပြင်ချင်တာ။ အကယ်၍ နိုင်ငံတော်ကို ပြုပြင်လို့မရရင် ဘုန်းကြီးရဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကို ရအောင်ပြင်မယ်။ ဆရာတော်ကြီးက သူ့ရဲ့မျှော်မှန်းချက်ကို အဆင့်ဆင့် ချမှတ်ထားရတာ။ ဒါပေမဲ့ မျှော်လင့်ချက်ကိုတော့ လုံးဝမလျှော့ဘူး။ အဲဒီစိတ်ဓာတ်မျိုးက အားကျစရာပဲနော်’
‘ဟုတ်တာပေါ့။ ဒေါ်လေးလည်း အခုတွေ့မြင်နေရတာပဲ။ စိတ်တိုင်းမကျတာ အားမရတာ စိတ်ဓာတ်ကျချင် နေတာမျိုးတွေပေါ့။ ဒါပေမဲ့ ဆက်သွားရမှာပဲ။ အခုလည်း အထိုက်အလျောက်တော့ သိနေကြပါပြီ။ မိတ်ဆွေတွေကလည်း ဒေါ်လေးကို ဝိုင်းဝန်း ကူညီကြပါတယ်။ ဒီလိုပဲဆက်လုပ်ရမှာပဲ သားရေ’
ထိုနေ့က ဆရာမကြီး ဒေါ်ဝီသန့်ဇင်ကို နှုတ်ဆက်ပြီး ပြန်လာသော လမ်းတစ်လျှောက်လုံး ကျွန်တော့်စိတ်ကို မင်းမူနေသည့် စကားလုံးမှာ ‘မျှော်လင့်ချက်’ ဟူသော စကားလုံးဖြစ်သည်။ ကျွန်တော့်၏ လက်ရှိ အပြုအမူကိုပဲ ပြန်စဉ်းစားကြည့်သည်။ မိမိပို့လိုက်သည့် စာမူကို ဘယ်တော့ပါလာမလဲဆိုသည့် မျှော်လင့်ချက် ကျွန်တော့်မှာရှိပါသည်။ ထို့အပြင် မိမိသေချာဂရုတစိုက် ရေးသားထားသည့် စာမူကို မဂ္ဂဇင်းထဲမှာ ပုံနှိပ်စာလုံးအဖြစ် ဖော်ပြခံလိုသည့် မျှော်လင့်ချက်ရှိသည်။ ပြီးတော့ မဂ္ဂဇင်းထဲမှာ ပါလာသည့် မိမိစာမူကို စာဖတ်သူတွေ ကြိုက်ပါ့မလား။ ဘယ်လိုများ တုံ့ပြန်ကြမလဲဟူသည့် မျှော်လင့်ချက်ရှိသည်။ မျှော်လင့်ချက်သည် လှေကားထစ်သဖွယ် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သွားသည့် သဘောမှာရှိသည်။
မျှော်လင့်ချက်သည် ‘အသက်ဓာတ်’ နှင့်တူသည်။ အသက်ဓာတ်ရှိမှ လှုပ်ရှားသွားလာ၍ရမည်။ မိမိစာမူ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြဖို့ မျှော်လင့်ချက်မရှိထားလျှင် မဂ္ဂဇင်းတိုက်ရှိရာသို့ အပင်ပန်းခံလာပြီး စာမူပို့စရာအကြောင်းမရှိ။ မျှော်လင့်ချက်တည်းဟူသော အသက်ဓာတ်ကြောင့်ပဲ ကျွန်တော့်ခြေထောက်တွေ မဂ္ဂဇင်းတိုက်ရှိရာသို့ တရွေ့ရွေ့လှမ်းကာ သွားနေခြင်းဖြစ်သည်။
‘မျှော်လင့်ချက်’ သည် မနက်ဖြန်အတွက် အင်အားဖြစ်စေပါသည်။ ဒီနေ့မှာ ကျွန်တော်တို့ ပြုလုပ်ခဲ့သမျှ အရာရာတိုင်းအတွက် ‘မျှော်လင့်ချက်’ သာမထားဘူးဆိုလျှင် မနက်ဖြန်ကို ဘယ်လိုရင်ဆိုင်ကြမည်နည်း။ တစ်ခုတော့ရှိပါသည်။ ကျွန်တော်ပြောနေသော ‘မျှော်လင့်ချက်’ သည် ကြိုးကြိုးစားစားနှင့် မိမိလုပ်စရာရှိတာကို အားသွန်ခွန်စိုက် လုပ်ကိုင်နေသူများထားရမည့် ‘မျှော်လင့်ချက်’ ကိုပြောခြင်းဖြစ်ပါသည်။ ပျင်းရိလေးကန် ထိုင်းမှိုင်းပြီး ဘာမှမလုပ်ချင် မကိုင်ချင်သူက ‘ငါမနက်ဖြန် သူဌေးဖြစ်ရမည်’ ဟု ထအော်နေသည့် မျှော်လင့်ချက်မျိုးကို မဆိုလိုပါ။ ကောင်းမွန်မြင့်မြတ်သည့် လုပ်ငန်းကို လုပ်ကိုင်နေသူမှာ ကောင်းသောအရာကို ‘မျှော်လင့်ချက်’ ထားသင့်ပါသည်။ ထိုကဲ့သို့သော မျှော်လင့်ချက်သည် တရားသော မျှော်လင့်ချက် ဖြစ်ပါသည်။ ဘာမှမလုပ်ဘဲ မျှော်လင့်ချက်ထားနေသူကတော့ ဗလာမျှော်လင့်ချက်သာ ဖြစ်ပါလိမ့်မည်။
ငယ်စဉ်က ကျောင်းမှာသင်ခဲ့ရသော သစ်ပင်စိုက်သည့် အဘိုးအိုကို သတိရမိပါသည်။ ခြံဝင်းထဲမှာ ပျိုးပင်ပေါက်ကလေးတွေ စိုက်ပျိုးနေသော အဘိုးအိုကို တောကစားထွက်လာသည့် မင်းသားက ‘အဘိုး ဘာတွေစိုက်နေတာလဲ’ ဟုမေးသည်။ အဘိုးအိုက ‘ပျိုးပင်ပေါက်ကလေးတွေ စိုက်နေတာပါ’ ဟုဖြေသောအခါ မင်းသားက ‘အဘိုးရယ် ဒီအပင်ကြီးလာတဲ့အချိန် အဘိုးဘယ်ရှိတော့မှာလဲ။ ဘာလို့အပင်ပန်းခံပြီး စိုက်နေတာလဲ’ ဟုမေးသည်။ ထိုအခါ အဘိုးအိုက ‘အသင်မင်းသား ကျွနု်ပ်အတွက် စိုက်နေတာ မဟုတ်ဘူး။ နောင်လာနောင်သားတွေ အရိပ်ရအောင် စိုက်နေတာပါ’ ဟုပြန်ဖြေလိုက်ပါသတဲ့။ အဆိုပါ အဘိုးအိုသည်။ ‘မျှော်လင့်ချက်’ နှင့်သစ်ပင်စိုက်နေခြင်း ဖြစ်ပါသည်။ ထိုအဘိုးအိုထားရှိသော ‘မျှော်လင့်ချက်’ သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်လျှင် ကျွန်တော်တို့ထားရှိရမည့် မျှော်လင့်ချက်ပင် ဖြစ်ပါသည်။ မိမိရရှိမည့် အကျိုးထက် အနာဂတ်လူသားတွေ ရရှိမည့်အကျိုးကို မျှော်မှန်းပြီး လုပ်ကိုင်နေခြင်း ဖြစ်သည့်အတွက် မျှော်လင့်ချက်တကာထဲမှာ အကောင်းဆုံး အမြင့်မြတ်ဆုံး မျှော်လင့်ချက်ဟု ခေါ်ဆိုရပေလိမ့်မည်။
ကျွန်တော်တို့အားလုံးမှာ မျှော်လင့်ချက် အသီးသီးရှိကြပါသည်။ ထိုမျှော်လင့်ချက် အသီးသီးကိုလည်း မြင့်သထက်မြင့် ရင့်သထက်ရင့်အောင် အဆင့်ဆင့် ချမှတ်ထားကြပါသည်။ မည်သို့ပင် အဆင့်ဆင့် ချမှတ်ထားပါစေ။ နောက်ဆုံးတစ်နေ့မှာတော့ အကောင်းဆုံး အမြတ်ဆုံး မျှော်လင့်ချက် ပန်းတိုင်ဆီကိုတော့ မရောက်ရောက်အောင် လျှောက်လှမ်းကြရပါလိမ့်မည်။










