မြင့်မားတဲ့အမြင် -Vision

မြင့်မားတဲ့အမြင် -Vision
မြန်မာပြည်တွင်းမှ သွားရောက်ရောင်းချကြသည့် ဖရဲသီးကားများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝမ်တိန်ဘက်အခြမ်းတွင် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာပြည်တွင်းမှ သွားရောက်ရောင်းချကြသည့် ဖရဲသီးကားများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝမ်တိန်ဘက်အခြမ်းတွင် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 21 December 2016
ဒေါက်တာခင်မောင်ညို

(၁)၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ပါသည်။ စစ်အပြီးဆိုတော့ ဘာမှမလုံလောက်တဲ့ အချိန်ပါပဲ။ စားစရာ ဝတ်စရာ လုံလုံလောက်လောက် မရှိကြဘူး။ ဒါပေမဲ့ ဆန်ကတော့ပေါတယ်။ ကျွန်တော်တို့အရပ်မှာ ဆန်စက်တွေလည်း မပျက်စီးဘူး။ ဒါပေမဲ့ အစားအသောက်က အာဟာရပြည့်အောင် မစားရဘူး။ ဆပ်ပြာလို တစ်ကိုယ်ရေ သန့်ရှင်းစေတဲ့ ပစ္စည်းတွေမရှိဘူး။
ကလေးတော်တော်များများဟာ ဝဲခြောက်တွေနဲ့။ အဖေက ကျွန်တော်တို့ကို ဆေးရုံခေါ်သွားပါတယ်။ ဆေးရုံက တန်းစီစေပြီး ဆေးထည့်ပေးပါတယ်။ ပြီးစားဆေးလည်းပေးတယ်။“ပိုက်ဆံဘယ်လောက်ပေးရလဲ”“မပေးရဘူး”“ကွန်ပေါင်ဒါဦးကြီးရင်က အဖေနဲ့ခင်လို့လား”“အခမဲ့ဆေးရုံကွ”စစ်အတွင်းက အချို့ကလည်း အိမ်တွေမှာ၊ အချို့ကတော့ ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ကြရပါတယ်။ စစ်မဖြစ်မီက ခရိုက်သစ်မှာ ဆရာစောကျောင်း ဆိုတာရှိတယ်။ ကျောင်းအပ်ရင် ဆန်တစ်ပြည် ငွေတစ်မတ်ပဲ ပေးရတယ်။ လွတ်လပ်ရေးရတော့ ဆရာစောကျောင်းဟာ အစိုးရ မူလတန်းကျောင်း ဖြစ်လာတယ်။ ကျွန်တော့်အစ်မတွေ အစ်ကိုတွေက မူလတန်းကျောင်း အရင်သွားတက်ကြတယ်။ အစ်ကိုဟာ အစ်မထက် နှစ်နှစ်ကြီးပေမယ့် သူတို့ကျောင်းတူတူနေရတော့ အတန်းတူတူပဲပေါ့။ ဒါပေမဲ့ နှစ်တစ်ဝက်လောက်မှာ အစ်ကို့ကို အတန်းကျော်တက်စေလိုက်တော့ အစ်ကိုက အစ်မထက် တစ်တန်းကြီးသွားတယ်။
အစ်ကိုဟာ စာတော်ပါတယ်။ ကျောင်းနေတဲ့ ဘဝတစ်လျှောက်မှာ တစ်ခါမှ ဒုတိယမရဖူးပါဘူး။ အစ်မဟာလည်း ဒီလိုပဲတော်တယ်။ လေးတန်း စကောလားရှစ် ရပါတယ်။ အိမ်မှာတော့ ကျွန်တော်စာအညံ့ဆုံးပါပဲ။ ဒါပေမဲ့ အစ်ကိုတွေ အစ်မတွေ ကြားမှာနေတော့ စာတော့ရသင့်သလောက် ရပါတယ်။ အရွယ်ငယ်ပြီး မသိနားမလည်မှုတွေကြောင့်  အမေက ကျွန်တော့်ကို ပစားမပေးပါဘူး။ ကျွန်တော့်တို့အရပ်တွေမှာ ကျောင်းမနေတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့ဟာ လယ်အလုပ်ကို ကူရတာတွေရှိတယ်။ ကျွန်တော် ခုနစ်တန်းရောက်တော့ အမေက ကျွန်တော့်ကို ကျောင်းမထားချင်တော့ပါဘူး။
ကျောင်းအပ်လို့ မရဘူးဆိုပြီး အိမ်မှာပဲ နေခိုင်းတယ်။ ရဲညွန့်လို့ခေါ်တဲ့ တပ်ထဲကိုဝင်ဖို့ ပြောပါတယ်။ တကယ်တန်းအမေဟာ ကျွန်တော့်ကို ဂရုမစိုက်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်လည်း အလယ်တန်းကျောင်းတစ်ခုမှာ ကိုယ်တိုင် ကျောင်းသွားအပ်ရင်းကနေ ကျောင်းဆက်နေဖြစ်ခဲ့ပါတယ်။ အမှန်တော့ အဖေ့လစာ ကျပ် ၃၀၀ ဆိုတာ ဟိုခေတ်က မဆိုးပါဘူး။ ရွှေတစ်ကျပ်သား ကျပ်၂၀၀ ပဲရှိသေးတယ်။ ခုခေတ်လစာဆိုရင် ၁၂ သိန်းလောက်နဲ့တောင် ညီနေတယ်လို့ ပြောရမယ်။ စီမံခန့်ခွဲတတ်ရင် ကားတောင်ဝယ်စီးနိုင်ပါတယ်။ ဟုတ်ပါတယ်၊ အဖေဟာ ကားတို့ မော်တော်ဆိုင်ကယ်တို့ကို ဝယ်စီးခဲ့ပါတယ်။
(၂)အမှန်တော့ ကျွန်တော်တို့ဟာ လွတ်လပ်ရေးရပြီးနောက် အတွေးအခေါ်နဲ့ မြင့်မားတဲ့အမြင် (Vision) ဆိုတာမရှိကြဘူး။ အလုပ်ဆိုတာလည်း အစိုးရအလုပ်ကိုမှ အလုပ်လို့ထင်တယ်။ ခုနစ်တန်းအောင်ရင် မူလတန်းပြဆရာအဖြစ် လျှောက်လို့ရတယ်။ စာရေးလုပ်မယ်။ ဒါတွေကိုပဲ အလုပ်လို့ထင်တယ်။ မြန်မာပြည်ရဲ့ မိသားစုအများစုဟာ ကျောင်းဆရာတွေပါပဲ။
ဒီတော့ လစာ ၁၂၆ ကျပ်ဆိုတာရတယ်။ ရွှေငါးမူးသားရတာကို ကျေနပ်ကြတယ်။ ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ ဒီလိုအလုပ်တွေကိုပဲ အလုပ်လို့ ထင်နေကြတယ်။ ကျွန်တော်ရွာလွတ်မှာ စီးပွားရေးစစ်တမ်း (လုပ်အားပေး) အနေနဲ့ တစ်ရွာလုံးအတွက် ကောက်ခံဖူးတယ်။ လူတွေပြောတာကို ရေးတာပါပဲ။ ရွာလွတ်တစ်ရွာလုံး လိုလိုဟာ တိုက်ခံအိမ်တွေ သွပ်မိုးပျဉ်ကာတွေနဲ့ ဖြစ်နေကြတယ်။ အဲဒီခေတ်က ကြည့်မြင်တိုင်တို့၊ ရေကျော်တို့ထက် မသာရင်တောင် အောက်မကျဘူး။
ရွာလွတ်က ဘာလုပ်လဲ၊ ခင်ဗျားတို့အားလုံး သိပါတယ်။ ဆေးတန်ထုတ်လုပ်တယ်။ မြန်မာပြည်သား တစ်ယောက်ဟာ သြစတြေးလျသွားပြီး သူငယ်ချင်းအတွက် ဆေးတန်ဝယ်ခဲ့တယ်။ အဲဒီဆေးတန်မှာ (Made in Ywalut) လို့ရေးထားတာကို သူသတိမထားမိလိုက်ဘူးတဲ့။ ဒီအကြောင်းကို ဝတ္ထုရေးတော့ မြန်မာ့အသံက အသံလွှင့်တယ်။ Made in Ywalut ဟာ နာမည်ကြီးသွားပါတယ်။ တကယ်လည်း ရွာလွတ်က ဆေးတန်တွေဟာ နာမည်ကြီးပါတယ်။ ဆေးတန်ကို နောက်ဆုံး အချောတိုက်တာ ကော်ပတ် သုံညနံပါတ်ထက် နူးညံ့တဲ့ သပြုရွက်နဲ့ တိုက်တာဖြစ်တယ်။ အော်ဂဲနစ်အစစ်ပေါ့။
“ကျွန်တော်တို့ ဒီဆေးတန်တွေကို (၃၅ ပြား) နဲ့ ကုန်သွယ်ရေးကို သွင်းရတယ်။ ဒီလို ဆက်သွင်းနေရရင် ကျွန်တော်တို့တစ်ရွာလုံး တိုက်ဆောက်ကုန်မှာပဲ” ဟု ဆေးတန် လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောဖူးပါတယ်။ ဒါပေမဲ့ ဆေးတန်သောက်တာ ကျန်းမာရေးနဲ့မညီဘူးဆိုကာ ကမ္ဘာက အသောက်လျှော့လာကြတယ်။ တစ်ရွာလုံး စီးပွားပျက်သွားတယ်။ ယနေ့ခေတ် ရွာလွတ် ဆေးတန်လုပ်ငန်းဟာ ပြတိုက်မှာထားရမလို ဖြစ်နေပါတယ်။
(၃)ဒီနေရာမှာ (Vision) ကို သတိမထားမိလို့ပါပဲ။ စစ်ကြီးမဖြစ်မီက ရွာလွတ်မှာ ဦးညွန့်ဆိုသူက ဆေးတန်လုပ်ငန်းကို စခဲ့ပါတယ်။ သူက ဆေးတန်လုပ်ပုံလုပ်နည်းကို စာစောင်တစ်ခုထဲမှာ ဖတ်ရတယ်။ ဘာမှခက်တာမဟုတ်ပဲ။ အပိုင်းသုံးပိုင်းပါတယ်။ သစ်သား (အိုး) ရယ်၊ ရော်ဘာနဲ့ပေါင်းထားတဲ့ (ဆေးတန်ရိုး) ရယ်။ ဆေးချေးတွေနဲ့ မပိတ်အောင် အတွင်းမှာထည့်တဲ့ သတ္တု (လေပြန်) ရယ်။ ဒီသုံးခုသာပါတယ်။
သစ်သားကို သူကနိုင်အောင် လုပ်လို့ရတယ်။ အမြောက်အမြား ထုတ်ဖို့အတွက်တော့ သူကတွင်ခုံလေး ဖန်တီးတယ်။ လှည်ဘီးနဲ့ လက်လှည့်တွင်ခုံပါပဲ။ ရော်ဘာအပိုင်းကျတော့ ရာဘာကိုပြုရတယ်။ Vulcanize လုပ်ရတာပေါ့။ ဒီအတွက် ရာဘာ၊ ကာဘွန်ဘလက်နဲ့ ငန့်တို့ကို ရောမီးဖုတ်ရတယ်။
သတ္တုကိုတော့ စစ်အတွင်းက ပျက်စီးသွားတဲ့ အင်ဂျင်ပစ်စတင်တွေ လေယာဉ်ပျက်တွေဆီကနေ ရတယ်။ ဒါတွေအားလုံးကို ရွာလွတ်ကလူတွေ လုပ်ကြတာပါပဲ။ သူကြိုးစားလုပ်တယ်။ ရွာသားတွေ အလုပ်ရကုန်ကြတယ်။ ဆေးတန်တစ်ခုဖြစ်လာဖို့ အဆင့်ဆင့်လုပ်တာဟာ ရေဒီယိုကက်ဆက်တွေ လုပ်သလိုဖြစ်မှာပါပဲ။
ဒါပေမဲ့ ဆေးတန်လုပ်ငန်း ပျက်သွားတော့ သူနဲ့ဆိုင်တဲ့ အခြားလုပ်ငန်းတွေ မဝင်ရောက်လာတော့ဘူး။ ဂျပန်မှာဆို စစ်အပြီးမှာ တိုယိုတာမြို့ကလူတွေဟာ ရက်ကန်းအလုပ်ကို ဖြုတ်လိုက်တယ်။ ကားစက်ရုံကို ထောင်တော့တာပဲ။ အစိုးရကအားပေးတယ်။ ငွေချေးလို့ရတယ်။ အဲဒီအရပ်ကလူတွေ ကြိုးစားတာပါပဲ။ ခုဆိုတိုယိုတာဟာ အရမ်းကိုအောင်မြင်နေတဲ့ ကုမ္ပဏီ ဖြစ်လို့နေပါပြီ။ သူရဲ့အမြတ်အစွန်းဟာ အခြားနာမည်အကြီးဆုံး ကားကုမ္ပဏီသုံးခုထက် ပိုတယ်လို့ဆိုတယ်။ ဘာကြောင့်လဲဆိုတော့ တိုယိုတာဟာ မိသားစုကုမ္ပဏီ ဖြစ်နေလို့ပါပဲ။
(၄)ကျွန်တော်တို့ Vision မရှိတာကို အပြစ်မတင်နိုင်ပါဘူး။ စစ်အပြီးမှာ ဂျပန်ကို အမေရိကန်က သိမ်းပိုက်ထားတယ်။ ကိုရီးယားစစ်ပွဲအတွက် လိုတဲ့ပစ္စည်းတွေကိုထုတ်ဖို့ စက်ရုံတွေထောင်တယ်။ ဂျပန်ပစ္စည်းတွေ ကောင်းလာစေဖို့ အရည်အသွေး ထိန်းသိမ်းခြင်း TQM (Total Quality Management) ကို အမေရိကန်တွေ လာရောက်ပြီး သူတို့ကိုပြပေးတာပဲ။ ဒီ TQM ဆိုတဲ့ အရည်အသွေး ထိန်းသိမ်းခြင်းဟာ ဂျပန်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတယ်။ ဂျပန်ဟာ မကောင်းတဲ့ပစ္စည်းကို သဘောမကျဘူး။ သူတို့ဟာ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားကြတယ်။
အရည်အသွေး မပြည့်မီတာကို ဘာမှမထုတ်ချင်ကြဘူး။ ဒါကြောင့် သူရဲ့ကားဟာ အပျက်အစီးနည်းပြီး စိတ်ချရတယ်။ လူတွေလက်ခံနိုင်တဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံတဲ့ ဂျပန်ပစ္စည်းတွေဟာ ကမ္ဘာအနှံ့ဈေးကွက်ထဲကို ထိုးဖောက်နေပါတယ်။
ယနေ့တရုတ်နိုင်ငံဟာလည်း ကမ္ဘာ့ဈေးကွက်ထဲကို ရောက်လို့လာနေပါတယ်။ သူရဲ့ပစ္စည်းတွေ ဈေးပေါတယ်။ ဒီထက်ပိုပြီးစိတ်ချလာရင်တော့ သူဟာကမ္ဘာ့ဈေးကွက်မှာ ထိပ်တန်းရောက်မှာပါပဲ။ အဓိက,ကတော့ အမေရိကန်က တရုတ်မှာ ရင်းနှီးမြှုပ်နှံတယ်။ စက်ရုံတွေဆောက်တယ်။ သူ့ဆီမှာ Apple ကုမ္ပဏီက ကမ္ဘာမှာ ဈေးအကြီးဆုံးနဲ့ စိတ်အချရဆုံး ပျက်စီးမှုအနည်းဆုံးဖြစ်တဲ့ iPhone တွေကိုထုတ်တယ်။ အရည်အသွေး ပြည့်မီအောင် ထိန်းကျောင်းထုတ်လုပ်တော့ တရုတ်အလုပ်သမားအချို့ဟာ မခံနိုင်ဘူး။ တိုက်ပေါ်ကနေ ခုန်ချသေတာ တစ်နှစ်ကို ၃၅ ယောက်အထိ တက်လာတယ်။
ဒီအခါ အုပ်ချုပ်ရေးက လျှော့ပေးသလား။ မလျှော့ပါဘူး။ သတ်သေမှုနှုန်းသာ လျော့သွားအောင် တိုက်ပတ်လည်မှာ ပိုက်ကွန်တွေ ချထားပေးတယ်။ ဆိုလိုတာက တိုက်ကြီးပေါ်က ခုန်ချလည်း မသေအောင်လို့ပဲ။ ဒါကို ကျွန်တော်က မှားတယ် မှန်တယ် မဝေဖန်လိုပါဘူး။ ကျွန်တော်တို့ ကုန်ထုတ်တဲ့လုပ်ငန်းတွေ စက်ရုံတွေ ရပ်ဆိုင်းသွားတဲ့ ကာလတစ်ခုမှာ ကမ္ဘာအခြားတစ်ဖက်က အများကြီး တိုးတက်သွားပြီဖြစ်တယ်။
(၅)အမေကတော့ ပြောပါတယ်။ ကျောင်းမနေလည်း လုပ်စရာတွေ အများကြီးရှိတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ရွာလွတ်က ညနေဘက် ခေါင်းသုပ်နဲ့ ဆန်ပြုတ်သွားစားနေကျ ဆိုင်ရှင်တရုတ်ကြီးကို မေးတယ်။“ခင်ဗျား တစ်နေ့ဆန်ဘယ်နှပြည် ကုန်လဲ”“နို့ဆီဘူလေးလုံးပါ”“ဒါဆိုဘယ်လောက်မြတ်လဲ”“ကျွန်တော်တစ်ခါမှ မတွက်ကြည့်ဖူးပါဘူး”“ဘာဖြစ်လို့လဲ”“ကျွန်တော် ကျောင်းကောင်းမနေဖူးဘူး”“ဒုက္ခပါပဲ၊ စီးပွားရေးစစ်တမ်းမှာ ဘာထည့်ရေးရမယ်မသိဘူး”“စားလောက်ရုံရတယ်လို့ ရေးလိုက်ပေါ့ဗျာ”ကျွန်တော်က တစ်လ ၁၀၀ မြတ်တယ်လို့ ရေးလိုက်ပါတယ်။“ဒါနဲ့စားပြီးသောက်ပြီး ပိုတဲ့ခင်ဗျားအမြတ်တွေကို ဘာလုပ်လဲ”“ဟိုဘက်က နှစ်ထပ်တိုက်ကြီးတွေ့လား”“တွေ့တယ်” “အဲဒါကျွန်တော်ပိုင်တယ်။ ကျွန်တော့်သမီး ဆေးကျောင်းတက်နေတယ်၊ ဆရာဝန်ဖြစ်တဲ့အခါ အဲဒီမှာဆေးခန်းဖွင့်ဖို့” တဲ့။ ကျေးဇူးတင်ပါတယ်။

Most Read

Most Recent