စစ်တုရင်ခုံပေါ်က နယ်ကလေးတွေ

စစ်တုရင်ခုံပေါ်က နယ်ကလေးတွေ
Published 20 December 2016
မောင်စံပေါ

(၁)စစ်တုရင်ခုံပေါ်မှာ နယ်ရုပ်ကလေးတွေ ၁၆ ရုပ်ရှိတယ်။ အဖြူ ရှစ်ရုပ်၊ အနက်ရှစ်ရုပ်။ စစ်တုရင်အရုပ်တွေကို ခုံပေါ်မှာ နေရာချတော့ အင်အားပိုကြီးတဲ့၊ စွမ်းဆောင်ရည်ပိုမြင့်တဲ့ အရုပ်တွေကို နောက်တန်းမှာ နေရာချတယ်။ သူတို့ရဲ့ရှေ့မှာ နယ်ကလေးတွေကို စီထားတယ်။ ကြည့်လိုက်ရင် နောက်က အရုပ်တွေကို ရှေ့ကနယ်တွေက အကာအကွယ် ပေးထားသလိုလို။
(၂)စစ်တုရင်ဆိုတာဘာလဲ သေသေချာချာ မသိသူတွေက နယ်ဆိုတဲ့ အသုံးအနှုန်းကို စစ်တုရင်နဲ့ တွဲဖက်လိုက်ရင် အနိမ့်ကျဆုံး အင်အားစုတွေလို့ မြင်တတ်ကြတယ်။ ထင်တတ်ကြတယ်။
သူတို့ကို မပြောပါနဲ့၊ စစ်တုရင် ဆရာတွေကတောင်မှ နယ်တွေကို စွမ်းဆောင်ရည်အဆင့်မှာ အောက်ဆုံးက ထားတတ်ကြတာကလား။ စစ်တုရင် အရုပ်တွေကို နှိုင်းယှဉ်တန်ဖိုး သတ်မှတ်တော့နယ်တွေကို အခြေခံတယ်။ နယ်ကတစ်မှတ်တဲ့။ မြင်းနဲ့ဘုန်းကြီးက သုံးမှတ်စီ။ ရထားက ငါးမှတ်။ ဘုရင်မက ကိုးမှတ်။ ဘုရင်ကတော့ တုနှိုင်းမရ အနန္တ။
(၃)နယ်က ရှေ့တည့်တည့်ပဲ တက်လို့ရတယ်။ စားနိုင်တဲ့အကွက်မှာလည်း နယ်ဟာ ကျန်တာတွေနဲ့မတူ တစ်မူကွဲတယ်။ ကျန်တာတွေက ကိုယ်ရွှေ့နိုင်တဲ့ အကွက်ပေါ်မှာ ရောက်နေတဲ့ ပြိုင်ဘက်ကစားကောင်ကို စားနိုင်တယ်။ နယ်ကျတော့ ရှေ့ဝဲယာ ထောင့်ကွက်တွေပေါ်မှာ ရှိတာကို စားနိုင်တယ်။နယ်ဆိုတဲ့အမျိုးက တက်ပြီးရင် နောက်ပြန်ဆုတ်လို့မရဘူး။ ဒါဟာနယ်တွေရဲ့ ထူးခြားချက်။ ကျန်တဲ့အရုပ်တွေက ရှေ့တိုးနောက်ဆုတ် လုပ်လို့ရတယ်။ ဝဲယာယိမ်းလို့ရတယ်။ အဲဒါကြောင့် နယ်အနေအထားတွေ ပြောင်းတော့မယ်ဆိုရင် သတိကြီးကြီးထားရတယ်။ ပြန်ပြင်လို့မှ မရတာကိုး။
(၄)နယ်အနေအထားဟာ စစ်တုရင်ကစားပွဲတစ်ခုမှာ စလယ်ဆုံး အရေးပါပါတယ်။ နိဂုံးပိုင်း အဆင့်တွေမှာ ပိုအရေးကြီးပါတယ်။၂၀၁၄ ခုနှစ် ဧပြီလကုန်ပိုင်းတုန်းက စင်ကာပူနိုင်ငံမှာ ကမ္ဘာ့အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ သူရိန်မောင်က သုံးပွဲအပြီးမှာ ထိပ်ရောက်လာပြီး သုံးမှတ်အပြည့်ရထားတဲ့ ပြိုင်ဘက်နဲ့ တွေ့ခဲ့ပါတယ်။ ချန်ပီယန်ဖြစ်ဖို့ အရေးပါတဲ့ပွဲပေါ့။ နိဂုံးပိုင်း အင်အားတူနေပေမယ့် အနေအထားနဲ့ အချိန်အသာစီးရထားတဲ့ သူရိန်မောင်က အနိုင်ရဖို့ အခွင့်သာနေခဲ့ပါတယ်။ အချိန်ကလည်း သူရိန်မောင်က ၄၂ မိနစ်ကျန်နေပြီး ပြိုင်ဘက်မှာ လေးမိနစ်သာ ကျန်ပါတော့တယ်။
အဲဒီအချိန်မှာ စစ်တုရင်ခုံရဲ့ ဝဲဘက်အစွန်မှာ ယှဉ်လျက်ရှိနေတဲ့ နယ်နှစ်ရုပ်ထဲက တစ်ရုပ်ကို သူရိန်မောင်က ရွှေ့ခဲ့ရာမှာ ဟာကွက်ဖြစ်သွားခဲ့ပြီး ဝင်ပေါက်မရှိတဲ့ ပြိုင်ဘက်ဘုရင်ဟာ အလွယ်တကူ ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ အားနည်းသွားတဲ့ နယ်တွေကျသွားရာကနေ ပြိုင်ပွဲပါ ရှုံးသွားခဲ့ပြီး ကမ္ဘာ့အပျော်တမ်း စစ်တုရင် ချန်ပီယန်ဖြစ်ဖို့ အခွင့်အရေးတွေပါ မှေးမှိန်သွားခဲ့ပါတယ်။ ၃၂ နိုင်ငံက စစ်တုရင်ကစားသမား ၁၇၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြီးမှာ အဆင့် ၁၁ နဲ့ကျေနပ်ခဲ့ရတယ်။    
(၅)နယ်တွေဟာ ရှေ့တက်ပြီးရင် နောက်ဆုတ်လို့ မရတာကြောင့် စစ်တုရင်ခုံရဲ့ တစ်ဖက်စွန်းအထိ ရောက်ရှိသွားတဲ့အခါမှာ ရွှေ့ကွက်ကုန်သွားပါတယ်။ အဲဒီလိုရောက်သွားဖို့ ဆိုတာကလည်း လွယ်လှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုပန်းဝင်ခဲ့တဲ့ နယ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အဆင့်တိုးမြှင့်ပေးပါတယ်။ ဘုရင်ကလွဲလို့ နှစ်သက်ရာ ကစားကောင်တစ်ခုခု ရွေးချယ်စေပြီး ရာထူးတိုးပေးပါတယ်။ ပြောရရင် နယ်တွေဟာ စစ်တုရင်ခုံပေါ်မှာရှိတဲ့ အရုပ်တွေထဲမှာ ထူးခြားဆန်းပြား လှပတဲ့ဘဝကို ရရှိထားကြသူတွေပေါ့။
(၆)နယ်တစ်ရုပ်တည်း ထီးတည်းချည်းဖြစ်နေတဲ့ အထီးကျန်နယ်တွေဟာ ထိရှလွယ်ပါတယ်။ ကျဆုံးဖို့ မခက်ခဲလှပါဘူး။ စည်းလုံးခြင်းရဲ့ အင်အားကို နယ်တွေမှာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ရပ်ကတော့ ၁၉၆၂ ခုနှစ်က ကျောင်းသားလူငယ် စစ်တုရင် အိုလံပစ်ပြိုင်ပွဲကြီးက ပွဲတစ်ပွဲပါ။ အဖြူရုပ်ကိုင် ကစားတဲ့ ဂူဖဲ (Eduard Gufeld) နဲ့ အနက်ရုပ်ကိုင် ကစားတဲ့ ကာဗလက် (Lubomir Kavalek) တို့ဟာ စစ်တုရင်လောကရဲ့ ထင်ရှားတဲ့ ကြယ်ပွင့်တွေပါ။ အောင်မြင်တဲ့ စစ်တုရင် နည်းပြဆရာကြီးတွေလည်း ဖြစ်ကြပါတယ်။    
(၇)ဂူဖဲရဲ့ My Life in Chess စာအုပ်ဟာ အထူးအောင်မြင် ကျော်ကြားတဲ့ စာအုပ်ပါ။ ၁၉၃၆ မတ် ၁၉ ရက်က ယူကရိန်းနိုင်ငံ (Uk-raine)၊ ကီးယက်ဗ် (Kiev) မြို့မှာမွေးဖွားခဲ့တဲ့ ဂူဖဲဟာ ၂၀၀၂ စက်တင်ဘာ ၂၃ ရက်မှာ ဆုံးပါးခဲ့ပါတယ်။ စစ်တုရင် ဂရင်းမာစတာပေါင်းများစွာ မွေးထုတ်ခဲ့တယ်။
၁၉၄၃ သြဂုတ် ၉ ရက်က ချက်နိုင်ငံ (Czech Republic)၊ ပရေ့ (Prague) မြို့မှာမွေးဖွားခဲ့တဲ့ ကာဗလက်ကတော့ အသက်ထင်ရှား ရှိနေဆဲပါ။ သူ့ရဲ့ အထင်ရှားဆုံး တပည့်ကတော့ ကမ္ဘာ့စစ်တုရင် ချန်ပီယံဗိုလ်လုပွဲ စိန်ခေါ်သူအဆင့်အထိ ရောက်ရှိခဲ့တဲ့၊ ဒီနေ့အထိလည်း ပြိုင်ပွဲကြီးတွေမှာ လက်စွမ်းပြ အနိုင်ရနေဆဲဖြစ်တဲ့ စူပါဂရင်း မာစတာရှော့ (Nigel Short) ဖြစ်ပါတယ်။
(၈)ဂူဖဲနဲ့ ကာဗလက်တို့ရဲ့ပွဲ ရွှေ့ကွက်ခုနစ်မှာ ကာဗလက်ရဲ့မြင်းကို ဂူဖဲက နယ်နဲ့တက်တိုက်ခဲ့တယ်။ ဒါကို ကာဗလက်က မရှောင်ဘဲ မြင်းကိုကျွေးခဲ့တယ်။ ၂၃ ကွက်မြောက်မှာ ကာဗလက်က လဲလှယ်စတေးကွက် (Exchange Sacrifice) ပြုလုပ်ခဲ့ရာမှာ ဂူဖဲက ရထားတစ်လုံး အသာရခဲ့ပါတယ်။ ဒါပေမဲ့ ကာဗလက်ရဲ့ ထူးကဲကောင်းမွန်တဲ့ နယ်တွေကြောင့် ၃၃ ကွက်မြောက်မှာ ဂူဖဲလက်မြှောက် အရှုံးပေးခဲ့ရတယ်။
ထူးခြားတာက အဲဒီအချိန်မှာ ဂူဖဲဘက်မှာ ရထားတစ်လုံးနဲ့ နယ်တွေရှိနေပြီး ကာဗလက်ဘက်မှာတော့ ပါဝါကောင်မရှိတော့ဘဲ နယ်တွေသာ ကျန်နေတော့တာပါ။ ပိုပြီးအံ့အားသင့်စရာ လှပစွာတည်ရှိနေမှုကတော့ ကာဗလက်ရဲ့နယ်တွေ တစ်ရုပ်မှ မကျသေးဘဲ ရှစ်ရုပ်စလုံး ရှိနေသေးတာပါပဲ။
(၉)  နယ်တွေရဲ့တန်ဖိုးကို တကယ်သိတဲ့ စစ်တုရင်သမားက နယ်ရွှေ့ရာမှာ ဂရုစိုက်တယ်။ နယ်တွေရဲ့ အနေအထားကို မျက်ခြည်ပြတ်မခံဘူး။ နယ်တွေကို တန်ဖိုးမထားတဲ့ စစ်တုရင်သမားကတော့ နယ်တွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်။ နယ်ရုပ်တွေဟာ အစတေးခံဖို့ သက်သက်ဖြစ်တည်လာတာ မဟုတ်ဘူး။    

Most Read

Most Recent