(၁) ယမန်နှစ်ဆောင်းတွင်းက ဒူးနာရောဂါ ဖြစ်ခဲ့သည်မို့ ဟိုဟိုသည်သည် ခရီးစဉ် အတော်များများကို လက်ရှောင်ခဲ့ရသည်။ ခုတော့ အတန်အသင့် သက်သာလေပြီမို့ ထိုဒုက္ခမှ ကင်းခဲ့ပြီဆိုပါစို့။ ခရီးရှည်တစ်ခုအတွက် ပြင်ဆင်နေဆဲကာလ၌ပင် ဝမ်းတွင်းသား ကဗျာဆရာက ‘မနက်ဖြန် လိုက်ဦးမလား’ ဟု မက်ဆေ့ဂျ် လှမ်းပို့သည်။ ‘ဘယ်တုံး’ ဆိုတော့ ‘ဘနော အင်း’ တဲ့။ တစ်ခါမျှ မကြားဖူးသည့်အမည်။ မိမိက စစ်ကိုင်းနယ်သားမို့ စစ်ကိုင်းနယ်အတွင်းက ထင်ရှားသည့် ‘အင်းကြီးကိုးအင်း’ ကိုသာ ကြားဖူးသည်။ ဘနောအင်းက အမရပူ နယ်ထဲမှာတဲ့။
‘ဘာလုပ်သွားမှာလဲ’ မေးမိတော့ ‘ငှက်ကြည့်လေ’ တဲ့။ မိမိက အင်းကြီးအနီး၌ မွေးခဲ့သူမို့ ‘အင်းနှင့်ငှက်’ က အဆန်းတကြယ်တော့ဖြင့် မဟုတ်ခဲ့။ “သူတို့အင်းထဲက ငှက်တွေကလည်း ငါတို့အင်းထဲက ငှက်တွေနဲ့ သိပ်မကွာလောက်ပါဘူး” ဟု တွေးမိသော်လည်း သူ့ဖိတ်ခေါ်မှုကိုတော့ လိုလိုလားလားပင် လက်ခံလိုက်သည်။
(၂) ‘ဝမ်းတွင်းသား၊ မြစ်ခြေသား၊ ပုပ္ပါးသား’ ကဗျာဆရာတို့နှင့်အတူ မန္တလေး၏ တောင်ဘက်သို့ ထွက်ခဲ့ကြသည်။ မြစ်ငယ်တံတားထိပ်ရှိ လက်ဖက်ရည်ဆိုင်ရောက်တော့ နောက်ထပ် လူသုံးယောက် ရောက်လာသည်။ ပလိပ်သား ကဗျာဆရာနှင့် သူ့မိတ်ဆွေ ဓာတ်ပုံဆရာ နှစ်ယောက်။ လက်ဖက်ရည်သောက်ပြီးချိန်၌ မန္တလေးဘက်ကို ပြန်ချိုးပြီး လမ်းခွဲအတိုင်း ဆက်ဆင်းသွားရသည်။ ပထမဆုံး ‘ကမ္ဘဲ့ရွာ’ ကို ဖြတ်ရသည်။ ဆိုင်းဘုတ်အချို့၌ ‘ကမ်းပဲ့’ ဟု ရေးထားသည်။ ဒုဋ္ဌဝတီမြစ်ရေတိုက်စား၍ မကြာခဏ ကမ်းပါးပဲ့သောကြောင့် ‘ကမ်းပဲ့’ ခေါ်လေသလား အတွေးပွားမိသည်။ ဒေသခံတို့က “ကဘဲ့” ဟု ခေါ်ကြသည့် ကမ္ဘဲ့ရွာက ဒုဋ္ဌဝတီမြစ်၏ မလှမ်းမကမ်း၌ ရှိသည်။
ဒုဋ္ဌဝတီကမ်းပါးအတိုင်း ကွေ့ကာဝိုက်ကာ ဆက်ဆင်းသွားတော့ ရွာစဉ်တန်းတွေကို ဆက်တိုက်တွေ့ရသည်။ ‘ရေကြည်ပေါက်’ တဲ့၊ ‘စာတော်’ တဲ့၊ ‘သပြေအုပ်’ တဲ့။ သပြေအုပ်က ရွာကိုမတွေ့၊ ရွာအဝင် ဆိုင်းဘုတ်ကိုသာ တွေ့သည်။ ထိုရွာတွေအားလုံးက ရေဝင်အရပ်တွေ ဖြစ်သည်။ လမ်းဘေးဝဲယာ၌ သရက်ခြံတွေကို တမျှော်တခေါ်ကြီး တွေ့ရသည်။ တောင်သူနှင့် ရက်ကန်းသည် ထိုနယ်တစ်ဝိုက်၏ အသက်မွေးမှုဖြစ်၏ဟု ဆိုသည်။
(၃) သပြေအုပ်ရွာအဝင်ဇရပ်၌ ခေတ္တနားပြီး ခရီးဆက်တော့ ‘လိပ်ဆံခွန်’ ကို ရောက်သည်။ ဆရာကြီး ရွှေပြည်ဦးဘတင်၏ ဟောပြောပွဲ တိပ်ခွေတစ်ခု၌ လိပ်ဆံခွန်ဆိုသည့် အမည်ကို အစဆုံး ကြားဖူးခြင်းဖြစ်သည်။ လိပ်ဆံခွန်ကို ဖြတ်သန်းချိန်၌ စာပုံနှိပ်စက်ကြီးတစ်ခု၏ လုပ်ငန်းခွင်သို့ ရောက်သွားသည့် အလား စက်ရက်ကန်းသံတွေ ဖြောင်းဖြောင်းညံသွားသည်။ လိပ်ဆံခွန်က ရွာကြီးဖြစ်ပုံရသည်။ ‘အိမ်ခြေတစ်ထောင်ကျော်လောက် ရှိလောက်လားဗျ’ မေးမိတော့ ‘မကဘူးဦးဇင်း၊ တပည့်တော်အမေ့ရွာ သပြေအုပ်တောင်မှ အိမ်ခြေ တစ်ထောင်ကျော်တယ်။ လိပ်ဆံခွန်က သည့်ထက်ကြီးတယ်’ ဟု ပလိပ်သားကဗျာဆရာက ဆိုသည်။
‘လိပ်ဆံခွန်’ နှင့် ‘လေးဗိုလ်’ က တစ်ဆက်တည်း။ လေးဗိုလ်မှာလည်း စက်ရက်ကန်းတွေ ရှိသည်။ သည်ဘက်တစ်ကြောက ထုတ်ကုန်များကို အမရပူရသို့ ပို့ဟန်တူသည်။ ဒီနယ်တွေက အမရပူရမြို့နယ် အတွင်းမှာလည်း ရှိနေကြသည်ကိုး။ လေးဗိုလ်ကိုကျော်တော့ ‘ဘနော’ ကို ရောက်သည်။ ညာဘက်လမ်းချိုးအတိုင်း ဆက်ဆင်းသွားတော့ လှည်းလမ်းကြောင်းလမ်းကို စတွေ့ရသည်။ လမ်းက ကြမ်းပြီ။
(၄) ‘ဘနောအင်း’ တဲ့၊ စာရေးကျောက် ပနံဘက်မှ ‘ရေမြက်အင်း’ ကို မြင်ထားသူ မိမိအဖို့ ဘနောအင်းက အတော်လေးသေးနေသည်။ အင်းတောင်ဘက်ထိပ်မှ လှမ်းကြည့်တော့ သူတို့ပြောသည့် ငှက်တွေက မိမိထင်သလောက် မဟုတ်လှ။ လမ်းပြဓာတ်ပုံဆရာက “အခါတိုင်းဆို ဒီနေရာမှာ ငှက်တွေထောင်ချီပြီး ရှိတယ်။ အင်းလေလံဆွဲတဲ့သူတွေက မိုင်းခွဲပြီး ငါးတွေဖမ်းတော့ ငှက်တွေလည်း မပျော်ဘူးထင်ပါရဲ့” ဟုဆိုကာ အင်း၏ အနောက်ခြမ်းဘက်ကို ဆက်သွားသည်။
ရေဝင်အရပ်တို့ ထုံးစံအတိုင်း ပတ်ကြားအက်နေသည့် ကမ်းနားမြေတွေကိုနင်းပြီး အင်းစပ်သို့ တရွေ့ရွေ့ လှမ်းကြရသည်။ ငှက်တွေ လန့်ပျံသွားမှာ စိုးလို့တဲ့။ ထင်ထားသလောက် မတွေ့ရသော်လည်း တွေ့မိသမျှ ငှက်တို့ကို ဓာတ်ပုံရိုက်ပြီး လမ်းခုလတ်ရှိ ညောင်ပင်ကြီးအောက်၌ စကားတပြောပြော ရှိနေစဉ် ၁၁ နာရီက ခွဲတော့သည်။
(၅) “ဘနောအင်းကို ဦးဇင်း သိပ်အားမရဘူး မဟုတ်လား၊ သွားစို့၊ ပလိပ်အင်းကို ဆက်ပို့မယ်” ဟု သူတို့ကဆိုတော့ “သိပ်ဝေးရင်လည်း နေပါစေ” ပြောမိသည်။ တကယ်တော့ ပလိပ်အင်းက ဘာမှမဝေး၊ ပလိပ်မြွေဘုရား၏ မြောက်ဘက်မှာပဲ ဖြစ်သည်။ ဘုရားဝင်း အဝင်လမ်းအတိုင်း ညာဘက်ကို ဆက်ဆင်းသွားတော့ ပလိပ်အင်း အစပ်ကိုရောက်သည်။ အဝင်မုခ်ဦး၌ “ပလိပ်အင်း၊ ရေတိမ်ဒေသများ၊ ဆောင်းခိုငှက်များနှင့် ဌာနေငှက်များ ရှင်သန်ကျက်စားရေး၊ ဝိုင်းဝန်း ထိန်းသိမ်းပေးကြစို့” ဆိုသည့် ဆိုင်းဘုတ်ကို တွေ့ရသည်။
ထိုဆိုင်းဘုတ်၏ဘေး၌ “မည်သူမဆို ပလိပ်အင်းဒေသနှင့် ပလိပ်ဒေသအတွင်း ငှက်များကို ဖမ်းဆီးသတ်ဖြတ် ရောင်းချလျှင် သဘာ၀ တောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ အရေးယူခြင်း ခံရနိုင်ပါသည်” ဆိုသည့် သတိပေးစာကိုလည်း ကပ်လျက်သား တွေ့ရသည်။ “အင်း၊ စာအညွှန်းအတိုင်း ဆိုရင်တော့ ပလိပ်အင်းထဲမှာ ငှက်အတော်များများကို တွေ့ရမယ်ထင်ပါရဲ့” ဟု တွေးမိသည်။
တွေးမိသည့်အတိုင်းပဲ ပလိပ်အင်းထဲမှာ ဆောင်းခိုငှက်တွေကို အများကြီး တွေ့ရသည်။ မိမိတို့ ပလိပ်အင်းကိုရောက်ချိန်၌ မိတ္ထီလာသားနှင့် ညောင်လေးပင်သား ကဗျာဆရာနှစ်ယောက် ထပ်ရောက်လာသည်မို့ အဖွဲ့က ပိုတောင့်သွားသည်။
(၆) အင်းထဲက ငှက်တွေကိုကြည့်ဖို့ လှေတစ်စင်း ငှားရသည်။ မိမိတို့စီးသည့်လှေက လှေပေါက်။ ခဏခဏ ရေဝင်သည်။ မကြာမကြာ ပက်ထုတ်ရသည်။ ရေလယ်အစပ် ခြုံပုတ်တန်း၏ဘေး၌ လှေကိုရပ်ပြီး တစ်ယောက်က ရေထဲဆင်းသည်။ ရေကဘာမျှမနက်။ ပြီးတော့ ရေထဲလက်နှိုက်ပြီး ရွှံ့ခူးကာ လှေပေါက်ကို ဖာထေးသည်။ လေကို ဆက်လှော်ခတ်ရင်း “ဒီကရှေ့ဆို ငှက်နယ်မြေ” ဟု သူက သတိပေးသည်။
ငှက်အချို့က ထိုးထိုးထောင်ထောင် သစ်ကိုင်းခြောက်တွေပေါ် နားနေကြသည်။ ငှက်အချို့က ရေထဲမှာ အတန်းကြီးလိုက် ရွေ့ရွေ့လေး ရွေ့နေကြသည်။ အများစုက ရေလယ်သစ်ပင်တွေပေါ်မှာ။ မိမိတို့ စီးလာသည့်လှေ သူတို့အနားသို့ ရောက်ချိန်၌ တောင်ပံများကို ဖြန့်ပြီး ပျံကြသည်။ အုပ်သင်းဖွဲ့၍ ဟန်ပါပါ ပျံသန်းကြပုံက ကြည့်၍ အလွန်ကောင်းသည်။ အဝေးကြီး ပျံကြသည်ကား မဟုတ်။ အနီးအနား သစ်ပင်တွေဘက်ကူးပြီး နေရာရွှေ့သွားခြင်းမျှသာ။ အချို့ငှက်များက လေယာဉ်ပျံကြီး ကောင်းကင်ယံမတက်မီ ကွင်းထဲမှာ အရှိန်ယူနေသည့်နှယ် ရေပေါ်မှာ လျှပ်တိုက်ပြေးပြီးမှ ဦးမော့ကာ ပျံတက်သွားကြသည်။ ငှက်တွေ အတောင်ဖြန့်ပြီး ဝဲနေပုံက အင်မတန်လှသည်။ မြေပြင်ငှက်များကဲ့သို့ ဖျတ်ဖျတ်လတ်လတ် ရှိသည်ဟု မမြင်။ ရုပ်ရှင်ထဲက အနှေးပြကွက်တစ်ခုကို ကြည့်နေရသည့်အလား အိအိငြိငြိ ပျံသန်းနေဟန်က စိတ်ဝင်စားစရာ ကောင်းလှသည်။
အင်းရေပြင်နေရာအနှံ့၌ ‘ဟင်းညံ့’ ပင်များကို တွေ့ရသည်။ ဟင်းညံ့ပွင့်တွေက မသိရင် ကြာဖြူပွင့်နှင့် ခပ်ဆင်ဆင်။ အင်းလယ်ရှိ သစ်ပင်ကြီး အတော်များများ၌ သင်္ဘောဆေးသုတ်ထားသည့်အလား ‘ဖွေး’ နေသည်ကို တွေ့ရသည်။ ‘အဲဒါဘာလဲဗျ’ မေးမိတော့ ‘ငှက်ချေးတွေ’ တဲ့။ ဟုတ်ပေသားပဲ။ ငှက်တွေက အများကြီးဆိုတော့ ငှက်ချေးတွေကလည်း တစ်ပင်လုံးအနှံ့ ဖွေးဖွေးဖြူတော့သည်။
(၇) ပလိပ်အင်းထဲ ကျက်စားနေထိုင်ကြသည့် ငှက်အချို့ကို မိမိက မြင်ဖူးပြီးသားဖြစ်သည်။ သို့သော် မိမိမမြင်ဖူးသည့် ငှက်တို့က ပိုများမည်ထင်သည်။ “စစ္စလီတို့၊ ဘဲငန်းတို့၊ တင်ကျီး” တို့က မိမိတို့ ရေခါးအင်း၌လည်း ရှိသည်။ ငှက်အချို့၏ အမည်ကိုတော့ မိမိလည်းမသိ။ “မောက်ဖြူ၊ ခရုစုပ်၊ ငဟစ်၊ လင်းဝက်” စသည့် ငှက်အမည်တို့ကို မေးပါများ၍ စကားရခဲ့သည်။ ကိုယ်ဆရာတင်မိသည့် လှေသမားကလည်း တကယ်တော့ အများကြီး သိလှသူမဟုတ်။
ပလိပ်အင်းပတ်လည်၌ ရွာစဉ်တန်းတို့ ရှိသည်။ “အရှေ့ဘက်က ‘သံတံတားရွာသစ်’ တဲ့၊ မြောက်ဘက်က ‘မြောက်ကိုင်း’ တဲ့၊ အနောက်ဘက်က ‘စိတ္တရ’ တဲ့” ဟု ဝမ်းတွင်းသား ကဗျာဆရာက ဆိုသည်။ သူက ‘ဒါနဲ့ပါဆို သုံးခေါက်’ ဆိုသည့် အမျိုးထဲက ဖြစ်မည်ထင်သည်။ ပလိပ်အင်းမှ အပြန်လမ်း၌ “ငှက်များကို ဖမ်းဆီးသတ်ဖြတ် ရောင်းချလျှင် သဘာ၀ တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူခြင်း ခံရနိုင်ပါသည်” ဆိုသည့် စာကြောင်းက ခေါင်းထဲ အလိုလို စွဲကျန်ရစ်ခဲ့သည်။










