ရန်ကုန်ဘတ်ဂျက်ဂယက်

ရန်ကုန်ဘတ်ဂျက်ဂယက်
Published 19 December 2016
ဖြိုးဝေ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ဦးသိန်းစိန် အစိုးရရေးဆွဲခဲ့တဲ့ ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) နဲ့ ဖြတ်သန်းခဲ့တဲ့ NLD အစိုးရရဲ့ ပထမသက်တမ်း ဘတ်ဂျက်လိုငွေဟာ စိစစ်ဖြတ်တောက်မှု၊ ပြင်ဆင်မှုတွေနဲ့ ထပ်တိုးဘတ်ဂျက်တွေကြောင့် ခြောက်နှစ်အတွင်း ဘတ်ဂျက်လို ငွေအများဆုံးအဖြစ် စံချိန်တင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘတ်ဂျက်လိုငွေရဲ့ ရာခိုင်နှုန်း ၉၀ ကျော်ဟာ ဝန်ကြီးဌာနတွေဆီက မြစ်ဖျားခံနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပံ့ပိုးမှုနည်းတာ တွေ့ရမှာဖြစ်ပေမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးဟာ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်း ဒေသကြီးအတွက် လုံလောက်တဲ့ ငွေပမာဏကို ရှာဖွေနိုင်စွမ်းနည်းပါးနေပြီး နှစ်စဉ် ပြည်ထောင်စုကပံ့ပိုးပေးတဲ့ ဘတ်ဂျက်နဲ့ပဲ လည်ပတ်နေတာကို နှစ်စဉ်တွေ့မြင်ရတာ ဖြစ်ပါတယ်။
ဒီလို ပြည်ထောင်စုဘတ်ဂျက်က ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဘတ်ဂျက်ကို ပံ့ပိုးပေးရတယ်ဆိုတာရဲ့ အဆုံးသတ်ဟာ ဘတ်ဂျက်လို ငွေများပြားမှုဂယက်ကိုပဲ ထပ်ဆင့်ထိုးနှက်စေပါတယ်။
ဒါ့ကြောင့်မို့ နှစ်စဉ် အောက်တိုဘာလလောက်ကနေ ဒီဇင်ဘာလလောက်အထိ ကာလတွေဟာ ထပ်တိုးဘတ်ဂျက်တွေ၊ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေရဲ့ နောက်လာမယ့် ဘဏ္ဍာနှစ်အတွက် ပြင်ဆင်တဲ့ ဘတ်ဂျက်တွေနဲ့ ဘတ်ဂျက်လိုငွေများပြားတဲ့ ကာလတွေကို ထပ်မံရင်ဆိုင်စေရတဲ့ နေ့စွဲတွေ ဖြစ်နေပါတယ်။
ဘတ်ဂျက်ကာလဆိုတာကို ဖြတ်သန်းရတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ဘတ်ဂျက်ကို လေ့လာဖို့ အချိန်မလုံလောက်မှု၊ တောင်းထားတဲ့ စီမံကိန်းအတွက် ကျပ်သိန်း ၁၀၀၀ ဆိုရင် ဘယ်လိုလုပ်မှာမို့လို့ ကျပ်သိန်း ၁၀၀၀ ကုန်မယ်ဆိုတာမျိုး အသေးစိတ် ရှင်းပြတာမျိုးမရှိဘဲ ဒီစီမံကိန်း ဒါကျပ်သိန်း ၁၀၀၀ ဆိုတာမျိုး တောင်းခံတာဖြစ်လို့ အငြင်းပွားရမှု မျိုးစုံဖြစ်တဲ့ကာလတွေလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာဆိုရင်လည်း ပြည်ထောင်စု အဆင့်ဖြစ်စေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်ကဖြစ်စေ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဘတ်ဂျက်ကိုတင်ရာမှာ လွှတ်တော်ကဖြတ်မှာနဲ့ အတော်ပဲဆိုတာမျိုး၊ ဘတ်ဂျက်မှာ အတိအကျမဖော်ပြဘဲ အကြိမ်ကြိမ်အထပ် ထပ်ထပ်တင်တာမျိုး၊ နှစ်စဉ် ဘတ်ဂျက် တောင်းလို့ကောင်းတဲ့ ပလက်ဖောင်းပြင်မယ်။လမ်းတိုးချဲ့မယ် ဆိုတာမျိုးတွေနဲ့ ဘတ်ဂျက်တင်တာဖြစ်လို့ စိစစ်ဖြတ်တောက်ရ အလွန်ခက်ခဲတဲ့ကာလတွေ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ်က ဘတ်ဂျက်ပိုလျှံမှု ဖြစ်ခဲ့ဖူးသလိုမျိုး လက်ရှိမှာဆိုရင်လည်း စိစစ်နိုင်လို့ ဘတ်ဂျက်ပိုထွက်လာတာမျိုးတွေ ကြားလာရပြီဖြစ်သလို ဘတ်ဂျက်နဲ့ ပတ်သက်ပြီး တီဗွီတစ်လုံးအတွက် ကျပ်သိန်း ၁၀၀ တောင်းခံတယ် ဆိုတာမျိုးတွေနဲ့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တောင်းခံသံတွေကနေ ဝေဖန်သံတွေ ထပ်ဆင့်ထွက်လာနေပြီ ဖြစ်ပါတယ်။
ဒီလိုကြားလာရတဲ့ ဝေဖန်သံတွေထဲမှာ အကျယ်လောင်ဆုံးက ရန်ကုန်တိုင်းဒေသကြီး ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် တောင်းခံလာတဲ့ ဘတ်ဂျက်လျာထားမှု ဖြစ်လာပါတယ်။
“ရန်ကုန်တိုင်းတစ်ခုလုံးရဲ့ ပြည်သူ့ဘဏ္ဍာဖြစ်လို့ စိစိစစ်စစ်သုံးစွဲဖို့  အခုလိုဆွေးနွေးတာ ဖြစ်ပါတယ်။ ပထမဆုံးတင်ပြချင်တာ တစ်နှစ်ပတ်လုံးစာ ရငွေသုံးငွေစာရင်းတွေကို ဒီဇင်ဘာ ၆ ရက်မှာ လွှတ်တော်ကိုတင်ပြပြီး  ဒီဇင်ဘာ ၈ ရက်မှာ ဆွေးနွေးခိုင်းတာဟာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ သေချာစိစစ်ဖို့ အချိန်လိုပါတယ်။ ပြည်ထောင်စုကို တင်ရတော့မှာမို့ ပြန်ပြင်ဖို့ အဆင်မပြေတဲ့ ဒီဘတ်ဂျက်ကို ကျွန်မတို့ ဒီလွှတ်တော်ကို အလုပ်သဘောအရ တင်တာလောက်တော့ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်ဖို့လိုပါတယ်။ သုံးသင့်တဲ့ လုပ်ငန်းတွေပါဖို့လိုသလို မသုံးသင့်တဲ့ လုပ်ငန်းတွေ ပါနေတာမျိုးလည်း ရှိပါတယ်။ ရသင့်တဲ့ အရစာရင်းတွေ မပါတာမျိုးကိုလည်း ကျွန်မတို့ ကိုယ်စားလှယ်တွေက ဆွေးနွေးပိုင်ခွင့်ရှိဖို့ လိုပါတယ်။ သေချာစစ်ဖို့ အချိန်ကောင်းကောင်းရဖို့ လိုပါတယ်။ ဒီဘတ်ဂျက်မှာရငွေ တွေမနှစ်ကထက် လျော့သွားပြီး သုံးငွေတွေကတော့ ပိုလာတာတွေ့ရတယ်။ စုပေါင်းရုံး ငှားရမ်းခ ယာဉ်ရပ်နားကွင်းနှစ်ခု ငှားရမ်းခ တွေမပါလာတာကို တွေ့ရပါတယ်” လို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ် တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုပါတယ်။
တကယ်ဆို ဝန်ကြီးဌာနတွေက တောင်းချင်သလို တောင်းခံလာတဲ့ ဘတ်ဂျက်တွေဆိုတာ ပြည်သူတွေဆီက ကောက်ခံလာရတဲ့ အခွန်ငွေတွေကနေ ပြည်လည်အသုံးပြုတာ ဖြစ်တဲ့အပြင် ငွေလိုရင်ရိုက်ထုတ်မယ်ဆိုတဲ့ အခြေအနေမျိုးမှာပဲ ရှိနေသေးတဲ့ မြန်မာနိုင်ငံအတွက် စိစစ်ဖြတ်တောက်နိုင်ရေးဟာ အလွန်အရေးပါလှပါတယ်။
ဘတ်ဂျက်တွေကို စိစစ်ဖြတ်တောက်နိုင်မှု မရှိခြင်းရဲ့ အကျိုးရလဒ်ဟာ သုံးမယ်ဆိုပြီး နိုင်ငံ့ဘဏ္ဍာကနေ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကနေ ငွေတွေ ရယူသွားပေမယ့် စီမံကိန်းကို မလုပ်နိုင်၊ တကယ်ကုန်ကျမယ့် ပမာဏမဟုတ်ဘဲ ပိုထုတ်သွားတော့ နောက်ဆုံးမှာ တိုင်းပြည်က ဘတ်ဂျက်လိုငွေမြင့်တက်တာပဲ အဖတ်တင်ပြီး လိုငွေကို ငွေစက္ကူတွေ ရိုက်ထုတ်ရတာပဲ အဖတ်တင်တော့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် အစိုးရမှာ တာဝန်ရှိသလို စိစစ်ဖြတ်တောက်နိုင်မှု အားနည်းတဲ့ လွှတ်တော်မှာလည်း တာဝန်ရှိနေပါတယ်။
အမှန်တကယ် အသုံးမပြုနိုင်ဘဲ ငွေတွေကို သုံးမယ်ဆိုပြီး ထုတ်သွားခြင်းရဲ့ အကျိုးဆက်ဟာ ငွေကြေးဖောင်းပွမှု၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုအပြင် နောက်ဆက်တွဲ ပြဿနာအဖြစ် အကျင့်ပျက်ခြစားမှုကိုပါ ဖြစ်စေပါတယ်။ ဘယ်လိုပုံစံနဲ့ အကျင့်ပျက်ခြစားလဲဆိုရင် တိုင်းပြည်က ထုတ်ထားတဲ့ ဘတ်ဂျက်ကို လုပ်ပိုင်ခွင့်ရှိသူက ကိုယ့်နာမည်နဲ့ ဘဏ်မှာအပ်ပြီး ဘဏ်တိုးယူ၊ တစ်နှစ်ကုန် သွားချိန်ကျမှ စီမံကိန်း မလုပ်ဖြစ်ပါဘူးဆိုပြီး ငွေပြန်အပ်၊ ဒီလိုမျိုးဖြစ်စဉ်တွေဆိုရင် အကျင့်ပျက်ခြစားမှုတွေပါ။ ဒါတွေကို စနစ်တကျ ကာကွယ်နိုင်ဖို့ အထူးတလည် လိုအပ်မှာဖြစ်ပါတယ်။
ရန်ကုန်ဘတ်ဂျက်
လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ စုစုပေါင်း အသုံးစရိတ်ဟာ ကျပ် ၄၂၄ ဒသမ ၁၉၁ ဘီလျံခန့် လျာထားခဲ့ပေမယ့် ရငွေမှာ ကျပ် ၃၀၂ ဒသမ ၅၂၇ ဘီလျံခန့်သာရရှိဖို့ လျာထား တာဖြစ်လို့ လိုငွေကျပ် ၁၂၁ ဘီလျံကျော် ဖြစ်ပေါ်နေမှုအခြေအနေပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမျက်နှာစာဖြစ်တဲ့ ရန်ကုန်ဟာ စီမံကိန်းများစွာနဲ့ လည်ပတ်နေပြီး မြန်မာနိုင်ငံမှာဆို မြို့နယ်ခွဲအများဆုံးမြို့ ဖြစ်သလို နှစ်စဉ်မှာ ဆိုရင်လည်း ဘတ်ဂျက်လိုငွေများပြီး ပြည်ထောင်စုက နှစ်စဉ်ထောက်ပံ့ရတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါတယ်။ အနီးစပ်ဆုံး အရင်အစိုးရရေးဆွဲခဲ့တဲ့ လက်ရှိ ဘဏ္ဍာနှစ်နဲ့ချိန် ထိုးကြည့်မယ်ဆိုရင်တောင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်သုံးစွဲမှု မြင့်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ် ။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်း ဒေသကြီးအနေနဲ့ သာမန်အသုံးစရိတ် ကျပ် ၁၄၃ ဒသမ ၁၈၀ ဘီလျံကျော်၊ ငွေလုံး ငွေရင်းအသုံးစရိတ် ကျပ် ၂၇၈ ဒသမ ၈၁၀ ဘီလျံကျော် စုစုပေါင်း ၄၂၄ ဒသမ ၁၉၁ ဘီလျံခန့် လျာထားပေမယ့် တစ်ဖက်မှာရငွေက အခွန်အကောက်ရငွေကျပ် ၅၂ ဒသမ ၃၀၃  ဘီလျံကျော်၊ အခြားသာမန်ရငွေ ကျပ် ၁၄၅ ဒသမ ၇၅၁ ဘီလျံကျော်၊ ငွေလုံးငွေရင်းရငွေ ၄၅ ဒသမ ၆၁၅ ဘီလျံကျော်နဲ့ ကြွေးမြီရငွေ ကျပ် ၅၈ ဒသမ ၉၁၇ ဘီလျံခန့်နဲ့ စုစုပေါင်း ရငွေ ကျပ် ၃၀၂ ဒသမ ၅၈၇ ဘီလျံသာ ရရှိမယ်လို့ လျာထားတာကြောင့် လိုငွေ ကျပ် ၁၂၁ ဘီလျံကျော် ဖြစ်ပေါ်နေပါတယ်။
ဒီလိုဖြစ်ပေါ်တဲ့ ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ရည်မှန်းချက်ရငွေ စုစုပေါင်း ကျပ် ၂၉၅ ဒသမ၃၆ ဘီလျံကျော်ဆိုတာ တွေ့ရမှာဖြစ်ပြီး ရငွေကတော့ ကျပ် ၃၃၆ ဒသမ ၂၁၈ ဘီလျံကျော်ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကနဦး ဘတ်ဂျက်ဟာ ဘက်ညီဘတ်ဂျက် ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ လိုငွေဖြစ်တဲ့ ကျပ်သန်းပေါင်း ၄၀၈၅၈ ကို ပြည်ထောင်စု အစိုးရအဖွဲ့က ထောက်ပံ့ခဲ့တာကြောင့် ဘက်ညီဘတ်ဂျက် ဖြစ်ခဲ့ပြီး နှစ်တိုင်းလို လိုငွေပြဘတ်ဂျက် အခြေအနေက ကင်းလွတ်ခဲ့ပါ တယ်။ ဒါပေမဲ့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်ဟာ ပိုငွေပြဘတ်ဂျက် ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ပြည်တွင်းအခွန် များဦးစီးဌာနက အခွန်ရငွေထဲက ငွေကျပ်  ၁၇၃ ဒသမ ၈၀၃ ဘီလျံကို ရန်ကုန်တိုင်းဒေသကြီးအတွက် ထပ်တိုးခွဲဝေပေးခဲ့ပြီး အခြားဌာနတွေဖြစ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ဝင်ငွေ ကျပ် ၇ ဒသမ ၀၉၈ ဘီလျံနဲ့ အခြားဌာနတွေကလည်း ၄ ဒသမ ၉၀၈ ဘီလျံပိုရလာလို့ ပိုတိုးရရှိလာသည့် ငွေကျပ် ၁၈၅ ဒသမ ၈၀၉ ဘီလျံအထိ များပြားတဲ့ပမာဏတစ်ခု ထပ်မံရရှိထားလို့ ဖြစ်ပါတယ်။ ဒီပမာဏနဲ့ မူလဘတ်ဂျက် ပမာဏပေါင်းမယ်ဆိုရင် ဦးသိန်းစိန်အစိုးရ လက်ထက်က ဘတ်ဂျက်ကို ခွဲဝေသုံးစွဲရတဲ့ ရန်ကုန်ဘတ်ဂျက်ဟာ ကျပ် ၅၂၂ ဘီလျံ ကျော်အထိ ရှိလာတာကြောင့် ရန်ကုန်ဘတ်ဂျက်ဟာ လက်ရှိအစိုးရ ပထမသက်တမ်းမှာ ဘတ်ဂျက်ကို ပြည်သူတွေ သိခွင့်ရခဲ့တဲ့ကာလ ခြောက်ခုအတွင်း ပထမဆုံးပိုငွေပြဘတ်ဂျက် ဖြစ်လာနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။
ထပ်တိုးဘတ်ဂျက်တွေကို အိမ်ရာတည်ဆောက်ခြင်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း  စတဲ့ကဏ္ဍတွေမှာ သုံးစွဲမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားထားမှုတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းတွေအတွက် လက်ရှိအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း ဆွေးနွေးတင်ပြမှုတော့ မရှိသေးပါဘူး။ ဒီလိုဆွေးနွေးမှု လတ်တလောမှာ မရှိသေးဘူးဆိုပေမယ့် ဒီလိုများပြားလှတဲ့ ဘတ်ဂျက်တွေကို ပြည်သူလူထုအတွက် အမှန်တကယ် ထိရောက်အကျိုးရှိတဲ့ နေရာတွေမှာ သုံးမယ်ဆိုရင်တော့ လက်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဒီလိုဘဏ္ဍာ ငွေအများအပြား ထပ်ရထားပေမယ့် ပိုငွေပြ ဘတ်ဂျက်ဖြစ်လာမလား။ ငွေတွေအများကြီး ထပ်ရထားတဲ့ကြားကပဲ လိုငွေပြဘတ်ဂျက် ဖြစ်သွားမလား။ အရအသုံးမျှတပြီး ဘက်ညီဘတ်ဂျက် ဖြစ်သွားမလားဆိုတာကိုတော့ လက်ရှိအချိန်မှာ သိရှိနိုင်ဦးမှာ မဟုတ်ပါဘူး။
         
ဦးသိန်းစိန်လက်ထက် ဘတ်ဂျက်နဲ့ ပြည်ထောင်စုက ထောက်ပံ့ရမှုအခြေအနေ
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကနဦး ဘတ်ဂျက်လို ငွေပေါင်း ကျပ်ဘီလျံ ၁၃၀၀၀ ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလတွေအထိ တွက်ချက်မှုတွေအရဆိုရင် ၂၀၁၁-၂၀၁၂ ကနေ ၂၀၁၄-၂၀၁၅ အထိ ဘတ်ဂျက်လို ငွေတွေက မူလခန့်မှန်းခြေမှာ ပျမ်းမျှ ၄ ဒသမ ၄၂ ရာခိုင်နှုန်းရှိပေမယ့် အမှန်စာရင်းမှာဆိုရင် ၂ ဒသမ ၀၈ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အမှန်တကယ် မလုပ်နိုင်ဘဲ ဘတ်ဂျတ်ဆိုတာ ပိုတင်ရမယ်။ ဖြတ်ချတာနဲ့မှ အကိုက်ပဲဆိုတဲ့ ဝန်ကြီးဌာနတွေရဲ့ မပြောင်းလဲနိုင်သေးတဲ့ စိတ်ဓာတ်တွေနဲ့ အမှန်တကယ် လိုအပ်မှု ရှိ၊ မရှိ မဆန်းစစ်နိုင်ဘဲ အနည်းငယ်သာ ဖြတ်ချပြီး တောင်းသလောက် ခွင့်ပြုလိုက်ရတဲ့ လွှတ်တော်ရဲ့ အားနည်းချက်ကြောင့်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာနှစ် တစ်နှစ်ကုန်ဆုံးလို့ ဘတ်ဂျက်အမှန် စာရင်းထွက်လာတိုင်းမှာ လိုငွေပမာဏဟာ ကနဦး တွက်ချက်မှုတွေတိုင်းထက် လျော့နည်းခဲ့တာ တွေ့ရမှာဖြစ်ပြီး ဦးသိန်းစိန်အစိုးရရဲ့ ပြီးခဲ့တဲ့ငါးနှစ် သက်တမ်းအတွင်းမှာ လိုငွေစုစုပေါင်းဟာ ကျပ် ၈၀၂၈ ဘီလျံခန့်သာရှိခဲ့ပါတယ်။ လက်ရှိ ဦးထင်ကျော်အစိုးရ လက်ထက် ပထမသက်တမ်းမှာတင် လိုငွေက ကျပ်ဘီလျံ ၄၀၀၀ ကျော်ဖြစ်လာခဲ့လို့ ပထမသက်တမ်းမှာတင် အရင်အစိုးရရဲ့ ငါးနှစ်တာရဲ့ ထက်ဝက်ကို ကျော်ဖြတ်သွားပြီဆိုရမှာပါ။ ဒီနေရာမှာ အမှန်စာရင်းကျရင် ဘတ်ဂျက်လိုငွေဟာ ကျပ် ၄၀၂၅ ဘီလျံထက် လျော့ကျသွား နိုင်တယ်ဆိုပေမယ့် တိုင်းပြည်က ဘတ်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ကနေ ငွေရိုက်ထုတ်ပြီး ဖြည့်စွက်ရတာတွေကို လုပ်ခဲ့ရလို့ ငွေဖောင်းပွမှု မြင့်တက်လာတာ ကုန်ဈေးနှုန်း မြင့်တက်လာတာတွေက ဖြစ်လာနေခဲ့ပြီးဖြစ်လို့ အခြေခံလူတန်းစားတွေကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုမှာ လက်ရှိမှာကို အရင်အစိုးရ လက်ထက်နောက်ဆုံးနှစ်ကထက် အထိနာနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဘတ်ဂျက်လိုငွေတွေမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၁၆၃၀၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာ နှစ်မှာ ကျပ် ၁၂၅၁ ဘီလျံ ၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၇၀၆ ဘီလျံ၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၇၈၂ ဘီလျံ ရှိခဲ့ပြီး ၂၀၁၅- ၂၀၁၆ ရွေးကောက်ပွဲနှစ်မှာ ကျပ် ၃၆၅၉ ဘီလျံ အထိ လိုငွေဖြစ်ခဲ့လို့ ရွေးကောက်ပွဲနှစ်ဟာ လိုငွေအများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။  ဦးသိန်းစိန်အစိုးရ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်ကို ဆက်ခံရတဲ့ လက်ရှိ ဦးထင်ကျော်အစိုးရ ပထမသက်တမ်း ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ လိုငွေကျပ် ဘီလျံ ၄၀၀၀ ကျော်ဖြစ်လို့ လိုငွေအများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ နှစ်လည်း ဖြစ်နေပါတယ်။
ဒီလို လိုငွေစံချိန်တင်များပြားမှုမှာ ပြည်ထောင်စုဘဏ္ဍာ ရာခိုင်နှုန်း ၉၀ ကျော်က ဝန်ကြီးဌာနတွေကြောင့် ဖြစ်တယ်ဆိုပေမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဘတ်ဂျက်လိုငွေကို ပံ့ပိုးပေးရမှုတွေကလည်း တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလို ဖြည့်ဆည်းရမှုကလည်း နှစ်စဉ်မြင့်တက်နေတာကို တွေ့နေရပြီး နှစ်အလိုက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဘတ်ဂျက်လိုငွေအတွက် ပြည်ထောင်စုက ထောက်ပံ့ရမှုတွေ ကြည့်မယ်ဆိုရင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၆၀၂၀၁ ဒသမ ၅၅၆ အထိ လိုငွေ ဖြည့်ဆည်းပေးခဲ့ရပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၄၆၇၁၄၂ ကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ်သန်းပေါင်း ၈၆၄၁၂၂ အထိ ရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်းပေါင်း ၄၃၇၀၃၇ ဒသမ ၇၃၆ ကို ပြည်ထောင်စုက ဖြည့်ဆည်းပေးခဲ့ရပါတယ်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ပေါင်း ၆၃၄ ၉၆၇ ကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ်သန်းပေါင်း ၁၂၄၀၉၈၉ အထိ ရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်းပေါင်း ၄၉၈၂၈၀ ဒသမ ၃၅၀ အထိ ပြည်ထောင်စုက ဖြည့်ဆည်းပေးခဲ့ရပါတယ်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၂၁၉၃၃၅ ကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ်သန်းပေါင်း ၂၇၀၂၄၅၁ အထိ ရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်းပေါင်း ၁၅၂၉၂၀၀ ဒသမ ၇၂၄ အထိ ပြည်ထောင်စုက ဖြည့်ဆည်းပေးခဲ့ရပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၇၇၇၈၇၂ ကိုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ်သန်းပေါင်း ၂၄၈၄၃၉၈ အထိ ရှိခဲ့လို့ လိုအပ်တဲ့ပမာဏဖြစ်တဲ့ ကျပ်သန်းပေါင်း ၁၇၀၂၂၇၅ ဒသမ ၉၀၇ (မူလခန့်မှန်းခြေ) ကို ပြည်ထောင်စုက ဖြည့်ဆည်းပေးခဲ့ရပါတယ်။
လက်ရှိ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ကျပ်သန်းပေါင်း ၅၆၁၅၁၂ ကိုပဲ ရှာဖွေနိုင်ခဲ့ပြီး သုံးငွေကတော့ ကျပ်သန်းပေါင်း ၂၂၄၉၇၃၁  အထိ ရှိခဲ့လို့ လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ကျပ်သန်းပေါင်း ၁၆၈၈၂၁၉ ကို ပြည်ထောင်စုက ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ မူလခန့်မှန်းခြေက အမှန်စာရင်း မဟုတ်တဲ့အတွက် အတိုးအလျော့တွေရှိနိုင်ပြီး လက်ရှိမှာတော့ ပြည်ထောင်စုက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ခွဲဝေပံ့ပိုးပေးရမှုဟာ ၁၆၈၈ ဘီလျံကျော်မကတော့ပါဘူး။ ဒီလို ပြည်ထောင်စုကနေ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဆီ ခွဲဝေပေးရမှုကို လေ့လာမယ်ဆိုရင်လည်း နှစ်စဉ်လို ငွေဖြည့်ဆည်းပေးရမှု ပုံမှန်မြင့်တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အခွန်ငွေအပါအဝင် ရငွေရှာဖွေမှု အားနည်းနေတယ်ဆိုပေမယ့် တချို့ကဏ္ဍတွေမှာတော့ မလုပ်နိုင်တာလား၊ မလုပ်တာလား ဆိုတာကို ဆန်းစစ်ရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့တွေက ကောက်ခံခွင့်ရှိနေတဲ့ လုပ်ပိုင်ခွင့် တွေထဲကနေ ပိုင်ဆိုင်မှုအခွန်ကောက်ခံမယ် ဆိုတာမျိုး အမြန်ဆုံးလုပ်ဆောင်သင့်သလို ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ ဗိုလ်တထောင် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ် စားလှယ်ဦးသက်ထွန်းဝင်းက တင်သွင်းခဲ့တဲ့   ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ငန်းခွင်မှာ စံချိန်စံညွှန်းပြည့်မီစွာ အနီးကပ်အဆင့် ဆင့်ကြီးကြပ်စစ်ဆေးရန် တတိယပါတီ  (Third Party) ထားရှိခြင်းနဲ့ နိုင်ငံတော်အခွန် ဘဏ္ဍာတိုးတက်ရရှိအောင် ဆောင်ရွက်ပေးနိုင်ကြောင်း ဆွေးနွေးမှုတွေဟာ အတည်ဖြစ်သင့်ပြီး ပြည်ထောင်စုကို မှီခိုနေရတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် ကိုယ့်လုပ်ပိုင်ခွင့်ထဲက ရငွေပိုမိုရှာဖွေနိုင်တဲ့ အခွင့်အလမ်း ဖြစ်နေတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
 
ရန်ကုန်ဘတ်ဂျက်ဂယက်
လက်ရှိ အစိုးရသစ် စတင်ရေးဆွဲခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်  ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘတ်ဂျက် လျာထားမှုမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်မှုမရှိတာ၊ လူထုမလိုအပ်တဲ့ စီမံကိန်းအချို့ ပါဝင်နေတာ၊ လျာထားတဲ့ ဈေးနှုန်းတွေတစ်ခုနှင့် တစ်ခုကွဲလွဲနေ၊ ခုံးကျော်တံတားတွေအတွက် ဘတ်ဂျက်ငွေကို အရင်နှစ်ကထက် အဆများစွာ တောင်းခံခဲ့တာ၊ ရန်ကုန်မြို့ရဲ့ ဂြိုဟ်တုမြေပုံ ရိုက်ကူးဖို့ ငွေအများအပြား တောင်းခံခဲ့တာတွေကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန် ဝေဖန်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလို အခြေအနေတွေကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ ရသုံးခန့်မှန်းချက် လျာထားမှုမှာ ပါရှိတဲ့ အချို့စီမံကိန်းလုပ်ငန်းတွေဟာ ယခင် ဘဏ္ဍာနှစ်တွေက တင်ပြခဲ့တဲ့ လုပ်ငန်းတွေ (သို့မဟုတ်) မတိမ်းမယိမ်း လုပ်ငန်းတွေ ဖြစ်နေလို့ စိစစ်ဖြတ်တောက်သင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီက အကြံပြုခဲ့ပါတယ်။
ဥပမာအနေနဲ့ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်မှာ ခြံစည်းရိုးနဲ့ လေယာဉ်ပျံဆေးသုတ်ခြင်းကို ၂၀၁၅-၂၀၁၆  နဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွေမှာ တင်ပြတောင်းခံထားပြီး၊ နက္ခတ်တာရာပြခန်း ဆေးသုတ်ခြင်းအတွက်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွေမှာ ဆက်တိုက် တင်ပြတောင်းခံထားပေမယ့်  ဒီလုပ်ငန်းတွေကို ဆောင်ရွက်ထားတာ သိသာထင်ရှားစွာ မတွေ့ရှိရလို့ ကော်မတီရဲ့ အစီရင်ခံတင်ပြချက်က ဆိုပါတယ်။ ဒါ့အပြင်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ဘဏ္ဍာငွေရ သုံးခန့်မှန်းချက်မှာ ရန်ကုန်မြို့တော်စည်ပင်၊ စည်ပင်သာယာဌာနတွေရဲ့ ဌာနဆိုင်ရာ မြေနဲ့ အဆောက်အအုံ ငှားရမ်းခတွေဟာ ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးဖြစ်သင့်ပြီး စည်ပင်သာယာရေး ကော်မတီပိုင် တိုက်ခန်း၊ ဆိုင်ခန်းတွေနဲ့ မြေကွက်တွေကို ဘုတ်အဖွဲ့နဲ့ ဈေးနှုန်းသတ်မှတ်ပြီး ပွင့်လင်းမြင်သာစွာ လေလံတင် ရောင်းချသင့်ကြောင်း ကော်မတီက အကြံပြုထားပါတယ်။
ဒါ့အပြင် ဘဏ္ဍာငွေလျာထားချက်မှာ ဌာနဆိုင်ရာ မော်တော်ယာဉ်တွေဝယ်ယူရာမှာ  ဌာနတစ်ခုနဲ့ တစ်ခုဝယ်ယူတဲ့ မော်တော်ယာဉ် အမျိုးအစားတူပေမယ့် တောင်းခံငွေ မတူတာကို စိစစ်တွေ့ရှိရပြီး၊ ဥပမာ-ရုံးသုံးယာဉ်တွေ ဝယ်ယူတဲ့အခါ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဆလွန်း ၁၀ စီး၊ Wagon တစ်စီးနှင့် Dauble Cab ၂၅ စီးအတွက် ကျပ် ၁၁၄၅ သန်း တောင်းခံထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက  Wagon တစ်စီးတည်းအတွက် ကျပ် ၅၅ သန်း တောင်းထားလို့ Dauble Cub ၂၅ စီးကို တစ်စီး ကျပ် ၅၅ သန်းဈေးနှင့် တွက်မယ်ဆို ကျပ် ၁၃၇၅ သန်းအထိ ကျသင့်မှာဖြစ်ပြီး ငွေများစွာ ကွာခြားနေလို့ ကွာခြားမှု မရှိစေဖို့ ပြင်ပပေါက်ဈေးနှုန်း ကြမ်းခင်းဈေးသတ်မှတ်ပြီး ဘတ်ဂျက်ကို ဖြတ်တောက်သင့်တယ်လို့ အကြံပြုခဲ့ရပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာ ကွန်ပျူတာတွေ၊ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရာမှာ ဌာနတစ်ခုနဲ့ တစ်ခု အရေအတွက်တူညီပေမယ့် တောင်းခံငွေ များစွာကွာခြားခြင်းမရှိစေဖို့ ပြင်ပပေါက်ဈေးနှုန်း ကြမ်းခင်းဈေးသတ်မှတ်ပြီး ဘတ်ဂျက်ကို ဖြတ်တောက်သင့်တာ၊ ရန်ကုန်မြို့တော် စည်ပင်ကလျာထားတဲ့ သာကေတအလယ်ရွာ အမှိုက်ပုံကို ကျူးကျော်တွေ မဝင်ရောက်ဖို့နဲ့ နောင်မှာ အမှိုက်သန့် စင်စက်ရုံဆောက်ဖို့ အုတ်ဖောင်ဒေးရှင်း ခြံစည်းရိုးခတ်ခြင်း ၁၂ ဧကကို ကျပ် ၃၈၅ သန်း လျာထားမှုကို အခြားမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အစားထိုးလုပ်သင့်တာ၊ ရှုခင်းသာ ကွန်ကရစ်တံတား  (၂၀ ပေ _၁၂ ပေ) တည်ဆောက်ဖို့ ကျပ် ၁၀ သန်းလျာထားခြင်းဟာ အမှန်တကယ် ကုန်ကျနိုင်တာထက် များစွာပိုနေလို့ စိစစ်ဖြတ်တောက်သင့်တာ၊ ပုဇွန်တောင်မြို့နယ် ၄ ရပ်ကွက် နံ့သာဖြူလမ်း     အုတ်ရေမြောင်း ပြုပြင်ခြင်းလုပ်ငန်းကို ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဘတ်ဂျက်နဲ့ ဆောင်ရွက်ခဲ့ပြီးဖြစ်လို့ သူ့အတွက် ကျပ် ၃၄ ဒသမ ၉၅၀ သန်းတောင်းခံထားမှုမှာများ လွန်းနေတယ်လို့ ယူဆလို့ကွာခြားချက်တွေကို စိစစ်ဖြတ်တောက်နိုင်ဖို့ စီမံကိန်းရေးဆွဲတဲ့ ဌာနတွေရဲ့ ဘတ်ဂျက်စံနှုန်းတွေကို စိစစ်သတ်မှတ်သင့်တာတွေ အကြံပြုခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့မှာ လူကူးခုံးကျော်တံတား ခုနစ်စင်းဆောက်လုပ်ဖို့ လျာထားရာမှာ ခုံးကျော်တံတားခြောက်စင်းကို တစ်စင်း ကျပ်သန်း ၁၀၀၀ နဲ့ နောက်တစ်စင်းကို ကျပ်သန်း ၁၇၀၀ တောင်းခံထားလို့ လွှတ်တော်ကိုယ်စားလှယ်အချို့က မေးခွန်းထုတ်ခဲ့ရပါတယ်။
“၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်း ဘတ်ဂျက်ရဲ့ အသေးစိတ်စာရင်းကို ကြည့်တဲ့အခါမှာ လူကူးခုံးကျော်တံတား ဆောက်တဲ့ကိစ္စပါ။ ပြီးခဲ့တဲ့နှစ်က သင်္ကန်းကျွန်းမှာ လူကူးခုံးကျော်တံတား နှစ်စင်းဆောက်ဖို့ ကျပ်သန်း ၂၀၀ ထင်ထားတယ်။ အဲဒါတောင် ကျွန်တော်က များတယ်လို့ ပြောခဲ့တာ။ ဒီနှစ်မှာလူကူး ခုံးကျော်တံတားတစ်စင်းကို ကျပ်သန်း ၁၀၀၀ တင်ထားတယ်။ သန်း ၁၀၀၀ နဲ့ ဘယ်လိုခုံး တံတားဆောက်မလဲဆိုတာ မေးခွန်းထုတ် စရာဖြစ်လာတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုပါတယ်။
ဒီလို လူကူးခုံးကျော်တံတား တစ်စင်းကို ကျပ်သန်း ၁၀၀၀ တောင်းခံထားတာကြောင့် ဘယ်လိုပုံစံမျိုး အခင်းအကျင်းမျိုးနဲ့ တည်ဆောက်မည်ဆိုတာသည်ကို သိရှိလိုတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဆိုပါတယ်။  
“၂၀၁၅-၂၀၁၆ မှာ ဗဟန်းမြို့နယ် ဗဟန်း ၃ လမ်းမှာ လူကူးခုံးကျော်တစ်စင်း တည်ဆောက်ပါတယ်။သန်း ၂၀၀ ကုန်ကျပါတယ်။ စက်လှေကားပါပါတယ်။ လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အလွန်အံ့အား သင့်ဖွယ်ကောင်းတဲ့ ခုံးကျော်တံတားတစ်စင်းကို ကျပ်သန်း ၁၀၀၀ အဖြစ် သတ်မှတ်ထားတာ။ ဘယ်လိုအခင်းအကျင်းမျိုးနဲ့ ဘယ်လို တည်ဆောက်ပုံမျိုးနဲ့ တည်ဆောက်မလဲဆို တာသိရှိလိုပါတယ်။ လူကူးခုံးကျော်တံတား တစ်စင်းသန်း ၁၀၀၀ ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့ ဒါကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ဖို့လိုပါတယ်” လို့ ဦးရန်အောင်က ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း ၄၅ မြို့နယ်မှာရှိတဲ့ ဧရိယာမြေပုံတွေ တစ်ပြေးညီပြန်လည် သတ်မှတ်နိုင်ဖို့ ဂြိုဟ်တုဓာတ်ပုံနဲ့ ကောင်းကင်ဓာတ်ပုံတွေ အသုံးပြုခြင်းလုပ်ငန်းဆိုပြီး တောင်းခံထားတဲ့ ကျပ်သန်း ၁၅၀၀ ကိုလည်း လိုအပ်မှု ရှိ၊ မရှိ ဆန်းစစ်စေချင်တယ်လို့ ဦးရန်အောင်က ဆက်လက်ပြောပါတယ်။  
“ရန်ကုန်တိုင်း ၄၅ မြို့ နယ်မှာ ရှိနေတဲ့ ဧရိယာမြေပုံများ တစ်ပြေးညီပြန်လည် သတ်မှတ်နိုင်ဖို့ ဂြိုဟ်တုဓာတ်ပုံနှင့် ကောင်းကင်ဓာတ်ပုံများ အသုံးပြုခြင်းလုပ်ငန်းများ ဆိုပြီးတော့ ကျပ်သန်း ၁၅၀၀ အသုံးပြုမယ်လို့ လျာထားပါတယ်။ တကယ်တမ်းသန်း ၁၅၀၀ လိုအပ်ပါသလား ဆန်းစစ်စေချင်ပါတယ်။ မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုရင်တော့ ဆောင်ရွက်စေချင်ပါတယ်။ တကယ်တမ်း ဆောင်ရွက်ရမှာက ရန်ကုန်တိုင်းမှာ စာသင်ကျောင်းတွေ ဥပဓိရုပ်ပျက်နေတဲ့နေရာမှာ ဒီငွေကြေးကိုရွေးပြီး သုံးစွဲစေချင်ပါတယ်”လို့ ဦးရန်အောင်ကဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ လုပ်ဆောင်နေပေမယ့် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒီဘတ်ဂျက်နဲ့ ပတ်သက်ပြီး မှားယွင်းမှုတွေ၊ လိုအပ်တာတွေမပါဝင်ဘဲ မလိုအပ်တဲ့ စီမံကိန်းတွေ ပါဝင်နေတဲ့  ဘတ်ဂျက်ရဲ့ စုစုပေါင်း အသုံးစရိတ်ပမာဏ ကျပ် ၄၂၄ ဘီလျံ ကျော်ကို ပြောင်းလဲမှာမဟုတ်ဘဲ မလိုအပ်တဲ့ ကိစ္စတွေကို ပြန်လည်သုံးသပ်ပြုစုပြီး ဒုတိယအကြိမ် မူကြမ်းကို  ရန်ကုန်တိုင်းလွှတ်တော်သို့ ထပ်မံတင်ပြသွားမယ်လို့ ဆိုခဲ့ပါတယ်။
ဘတ်ဂျက်နဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာက ပွင့်လင်းမြင်သာမှု စံနှုန်း အလွန်အမင်း နိမ့်ပါးနေတာကို တွေ့ရမှာဖြစ်ပြီး လွှတ်တော်ကလည်း ကြပ်မတ်နိုင်မှု အားနည်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ လွှတ်တော်ကို အချိန်ကပ်ပြီး ဘတ်ဂျက်တင်တဲ့ အလေ့အထကိုလည်း လက်ရှိအစိုးရလက်ထက်မှာ ပြင်ဆင်ဖို့ လိုအပ်မှာဖြစ်ပြီး ဒီလိုပြင်ဆင်နိုင်မှပဲ အစိုးရသစ်နဲ့ ဝန်ထမ်းယန္တရားအဟောင်းဟာ အဂတိကင်းရှင်းစွာနဲ့ ပြည်သူအမြင် ကြည်လင်မှုကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။
“အခုက အစိုးရအသစ် ဝန်ထမ်းယန္တရား အဟောင်း။ အချို့လည်းကောင်းပါတယ်။ အရင်တုန်းက အသားကျနေတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ လုပ်တဲ့အခါမှာ ကျွန်တော် စိုးရိမ်တာကတော့ အစိုးရအဖွဲ့ အငိုက်မိသွားမှာကို စိုးရိမ်တယ်။ အစိုးရက အလုပ်များတယ်။ အဲဒီတော့ အောက်ကနေ တင်လာတဲ့ စီမံကိန်းတွေကို ရေးတင်တဲ့အခါမှာ ဖြစ်နိုင်ရင်တော့ ထဲထဲဝင်ဝင် ကွင်းဆင်းပြီး လေ့လာတာမျိုးလုပ်ရင်တော့ ပိုကောင်းမယ်။ အချို့ဝန်ထမ်းတချို့ ပြောနေတာကြားပါတယ်။ သူတို့ ဘာမှမသိဘူးဆိုပြီးတော့။ ဒါတော်တော်ကို ခံပြင်းပါတယ်။ အခုလည်း ရန်ကုန်တိုင်း ၄၅ မြို့နယ်ကို ကောင်းကင် ဓာတ်ပုံရိုက်မယ့်ကိစ္စ။ ကျွန်တော်တို့မှာ နဂိုကတည်းက မြို့နယ်တွေမှာ မြေပုံတွေ ရှိထားပြီး သား။ ကျွန်တော်ကတော့ မလိုအပ်ဘူးလို့ ထင်တယ်။ ဒီထက်လိုအပ်တာတွေ အများကြီး။ အခုလက်ရှိမြို့နယ်တိုင်းမှာ မြို့နယ် မြေပုံတွေရှိပါတယ်။ ဒီအတွက်ကို သန်း ၁၅၀၀ သုံးမယ်ဆိုတာ မဖြစ်သင့်ဘူး။ လုံးဝမဖြစ်သင့်ဘူး။ ဒီထက်အရေးကြီးတဲ့ အလုပ်တွေ အများကြီးရှိတယ်။ လုံးဝမသုံးစေချင်ဘူး။ လက်မခံဘူး။ ဒါကို လွှတ်တော်ကလည်း အလွယ်တကူ အတည်ပြုလိုက်တယ်ဆိုရင် တတ်သိနားလည်တဲ့သူတွေက အစိုးရရော လွှတ်တော်ကိုရော ပျက်ရယ်ပြုလိမ့်မယ်” လို့ ဦးရန်အောင်က ဆိုပါတယ်။     

Most Read

Most Recent