ရှည်လျားသည့် အထီးကျန်နေ့ရက်များကို ရင်ဆိုင်ရတော့မည့် အိမ်ပြာတော်သခင်မ

ရှည်လျားသည့် အထီးကျန်နေ့ရက်များကို ရင်ဆိုင်ရတော့မည့် အိမ်ပြာတော်သခင်မ
Published 19 December 2016
■ နရီမင်း

တောင်ကိုရီးယားသမ္မတ အိမ်တော်ဖြစ်တဲ့ အိမ်ပြာတော်ဟာ ပက်ကွမ်ဟီးအတွက် မိသားစုနေအိမ်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ အခုတော့ အဲဒီဇိမ်ခံ အိမ်တော်ဝင်းကြီးဟာ အယုံအကြည်မရှိအဆို တင်သွင်းခံထားရတဲ့ အထီးကျန်ခေါင်းဆောင်အတွက် သီးသန့်ချုပ်နှောင်ခံထားရတဲ့ နေရာတစ်ခုလို ဖြစ်လာခဲ့ရပါပြီ။
တကယ်တော့ ပက်ကွမ်ဟီးဟာ အိမ်ပြာတော်ကို နှစ်ကြိမ်တိတိ လာရောက်နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ပထမတစ်ကြိမ်က ကွယ်လွန်သူ စစ်အာဏာရှင် ပက်ချုံဟီးရဲ့ သမီးအဖြစ် ဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ သူကိုယ်တိုင် သမ္မတအဖြစ်နဲ့ပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ်ဟာ နှစ်ပေါင်း ၂၀ ခြားခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ လက်ရှိသမ္မတ ပက်ကွမ်ဟီးဟာ အမည်ခံသမ္မတသက်သက်သာ ဖြစ်တော့ပြီး လုပ်စရာ တရားဝင်တာဝန်တွေ ရှိမနေတော့ပါဘူး။ ပက်ကွမ်ဟီးဟာ သူ့အပေါ်စွဲဆိုထားတဲ့ အယုံအကြည်မရှိအဆို နဲ့ပတ်သက်ပြီး ဇာတ်သိမ်းခန်းကို စောင့်စားရင်း အိမ်တော်ဝင်းရဲ့ နံရံတွေထဲမှာ ဗလာကျင်းအလုပ်ဇယားနဲ့ လပေါင်းများစွာ နေထိုင်ရတော့မှာပါ။
သူ့ရဲ့ အိမ်တော်ဝင်းအတွင်းကို ပုံမှန်ချင်းနင်းဝင်ရောက်လာမယ့် တစ်ခုတည်းသော အရာကတော့ သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ နားပင်းတော့မတတ် ဆူညံအောင် ဟစ်ကြွေးလိုက်ကြတဲ့ အသံတွေပါပဲ။ လွန်ခဲ့တဲ့ နှစ်လကတည်းကစပြီး စနေနေ့တိုင်း ဆိုးလ်မြို့ရဲ့ လမ်းတွေပေါ် စုရုံးရောက်ရှိလာကြသူတွေဟာ ပက်ကွမ်ဟီးကို နုတ်ထွက်ပေးဖို့ ဒါမှမဟုတ် ဖြုတ်ချပစ်ဖို့ တောင်းဆိုနေကြပါတယ်။
သူရဲ့ မိတ်ဆွေဟောင်း တစ်ဦးပါဝင်တဲ့ ခြစားမှုစွဲချက်က တလိပ်လိပ်တက်လာပြီးတဲ့နောက် လွန်ခဲ့တဲ့ သီတင်းတစ်ပတ်အကြာမှာ ပက်ကွမ်ဟီးကို ပါလီမန်က အယုံအကြည်မရှိအဆို တင်သွင်းခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ တည်ဆဲသမ္မတ အာဏာတွေအားလုံး ဝန်ကြီးချုပ်ကို လွှဲပြောင်းပေးလိုက်ရပါတယ်။
ပက်ကွမ်ဟီးအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက အယုံအကြည်မရှိအဆိုကို အတည်ပြု မပြုကို စောင့်ဆိုင်းနေရစဉ်အတွင်း သမ္မတဆိုတဲ့ ရာထူးနဲ့ အိမ်ပြာတော်မှာ ဆက်လက်နေထိုင်ခွင့် ရှိနေပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်စားရမယ့်ကာလဟာ ခြောက်လအထိ ကြာနိုင်ပါတယ်။
ဒါပေမဲ့ ၆၂ ဧက (၂၅၀,၀၀၀ စတုရန်း မီတာ) ကျယ်ပြောတဲ့ အိမ်တော်ဝင်းအတွင်း ပက်ကွမ်ဟီးရဲ့ လှုပ်ရှားမှုတွေ ကန့်သတ်ခံထားရပါတယ်။ သူရဲ့ နေအိမ်ကနေ မီတာ ၂၀၀ လောက်ပဲဝေးတဲ့ သူရဲ့ရုံးတွေဆီ မသွားရဘူးလို့ ကန့်သတ်ခံထားရပါတယ်။
အခုလ တိုကျိုမှာ ပြုလုပ်ဖို့လျာထားတဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား သုံးဦးသုံးဖလှယ် တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရပါတယ်။
ပက်ကွမ်ဟီးရဲ့ လက်ထောက်တွေက သူဟာတရားရုံးမှာ သူ့အပေါ်တင်သွင်းတဲ့ အယုံအကြည်မရှိအဆိုကို ကာကွယ်ဖို့ ပြင်ဆင်ရင်း အနားယူနေတယ်လို့ ဆိုနေကြပါတယ်။ ဒါပေမဲ့ ပက်ကွမ်ဟီးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကတော့ နည်းပါးလွန်းလှပါတယ်။
“သူ့နောက်ကျောက ကမ္ဘာကြီးဟာ နောက်ကိုပြန်ဆုတ်သွားနေသလိုမျိုး သူခံစားနေရမှာပဲ” လို့ အင်ချွန်တက္ကသိုလ်က နိုင်ငံရေးပါမောက္ခ လီဂျန်ဟန်က ဆိုပါတယ်။
“ကျွန်တော့်အထင်တော့ ပက်ကွမ်ဟီးဟာ အိမ်ပြာတော်အပြင်ဘက်ကို ဇိမ်ခံခရီး ထွက်ဖို့လည်းမရှိသလို အိမ်ထဲမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း နားနေနိုင်မှာ မဟုတ်ပါဘူး” လို့လည်း လီဂျန်ဟန်က ဆိုပါတယ်။
ပက်ကွမ်ဟီးရဲ့အဖေ ပက်ချုံဟီးဟာ တောင်ကိုရီးယားနိုင်ငံကို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ တင်းတင်းမာမာ အုပ်ချုပ်ခဲ့ ပါတယ်။ ပက်ချုံဟီးဟာ သမီးအကြီးဆုံး ပက်ကွမ်ဟီးကို ဖူးဖူးမှုတ် အလိုလိုက်ခဲ့ပေမယ်လို့ ပက်ကွမ်ဟီးရဲ့ အမှတ်တရ ပြောကြားချက်တွေထဲမှာ အိမ်ပြာတော်က သူရဲ့အစောပိုင်း နေ့တွေဟာ အကျဉ်းကျနေသလိုပဲလို့ ဆိုခဲ့ဖူးပါတယ်။
ပက်ကွမ်ဟီးဟာ အပျိုကြီးပါ။ ဘယ်တုန်းကမှ လက်မထပ်ဖူးသလို ကလေးလည်းမရှိပါဘူး။ ဝေဖန်သူတွေကတော့ အရိပ်မိုးခံပြီး ကြီးပြင်းလာရမှုက ပက်ကွမ်ဟီးကို အထီးကျန်စေပြီး ဘယ်သူမှလည်း လက်လှမ်းမမီနိုင်အောင် ဖြစ်စေတယ်လို့ ဆိုကြပါတယ်။
ခြစားမှုအရှုပ်တော်ပုံက သူ့အပေါ် လှိုင်းလုံးကြီးတွေလို တဝုန်းဝုန်း ရိုက်ခတ်လာတဲ့အခါ နိုဝင်ဘာအစောပိုင်းမှာ ပက်ကွမ်ဟီးက ရုပ်မြင်သံကြားကနေတစ်ဆင့် တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ပက်ကွမ်ဟီးက သမ္မတအဖြစ် အထီးကျန်လွန်းတဲ့ဘဝက သူရဲ့ ရေရှည်လူယုံတော် ချွိုင်ဆွန်းဆဲကို ဘယ်လောက်တောင် ယုံကြည်သွားမိစေတဲ့အကြောင်း ပြောပြထားပါတယ်။
ပက်ကွမ်ဟီးအပေါ် တင်သွင်းတဲ့ အယုံအကြည်မရှိအဆိုက မိသားစုစီးပွားရေး လုပ်ငန်းကြီးများစွာကို သန်းပေါင်းဆယ်ဂဏန်းချီတဲ့ ဒေါ်လာတွေ ချွိုင်ကထိန်းချုပ်ပြီး အတင်းအုပ်စီးထားတယ်ဆိုတဲ့ အကျိုးအမြတ် ရယူခြင်းမရှိဘူးဆိုတဲ့ သံသယဖြစ်ဖွယ် ဖောင်ဒေးရှင်း နှစ်ခုကိုလှူဒါန်းဖို့ ချွိုင်က အတင်းဖိအားပေးရာမှာ ပက်ကွမ်ဟီးက ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ အချက်အပေါ်မှာ ဗဟိုပြုထားပါတယ်။
လုပ်ကြံမှုမှာ မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရပြီး မွေးချင်းတွေနဲ့လည်း ခပ်ခွာခွာနေတဲ့ သမ္မတအပျိုကြီးကို ချွိုင်ဆွန်းဆဲက အခက်အခဲတွေ့နေတဲ့ အချိန်တွေမှာ ကူညီခဲ့ပြီး ပက်ကွမ်ဟီးဟာ ချွိုင်ဆွန်းဆဲကို အကာအကွယ် ပေးထားစေခဲ့တယ်လို့ ပက်ကဝန်ခံခဲ့ပါတယ်။
ချွိုင်ဆွန်းဆဲ အရှုပ်တော်ပုံကို ပါလီမန်က စုံစမ်းစစ်ဆေးနေဆဲကာလ သက်သေထွက်ဆိုချက်မှာ ပက်ရဲ့လက်ထောက်တွေက ပက်ကွမ်ဟီးကို တစ်ကိုယ်တည်း စားသုံးရတာကိုသာ နှစ်ခြိုက်တဲ့ အထီးကျန် ရုပ်ပုံလွှာတစ်ခုအဖြစ် ပုံဖော်ခဲ့ပါတယ်။
ပက်ကွမ်ဟီးဆီမှာ နှစ်နှစ်အမှုထမ်းခဲ့တဲ့ လက်ထောက်ချုပ်ဟောင်းတစ်ဦးက သူဟာ သီတင်းတစ်ပတ်လုံးကြာအောင် ပက်ကွမ်ဟီးနဲ့ လုံးလုံးမတွေ့ခဲ့ရတဲ့ အချိန်တွေများခဲ့တယ်လို့ ပြောဖူးပါတယ်။ တခြား မူဝါဒရေးရာ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ်တွေကလည်း အဲဒီမှတ်ချက် စကားနဲ့ပတ်သက်ပြီး သူတို့လည်း အဲဒီလို ကြုံခဲ့ရကြောင်း တစ်ထပ်တည်း ပြောကြားခဲ့ကြပါတယ်။
“အစိုးရအဖွဲ့ အစည်းအဝေးလိုမျိုး ဒါမှမဟုတ် အကြံပေးအဖွဲ့နဲ့ တွေ့ဆုံစရာရှိတာမျိုး လူရှေ့ထွက်ရမယ့် ကိစ္စမျိုးမဟုတ်ရင် တနင်္ဂနွေနေ့တွေပဲဖြစ်ဖြစ် တခြားနေ့တွေပဲဖြစ်ဖြစ် ပက်ကွမ်ဟီးဟာ အိမ်မှာပဲ အမြဲလိုလို နေပါတယ်” လို့ သမ္မတရုံးအဖွဲ့ အကြီးအကဲဟောင်းက မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
အခုတော့ ပက်ကွမ်ဟီးရဲ့ ဝန်ထမ်းတွေဟာ ဝန်ကြီးချုပ်လည်းဖြစ်၊ ယာယီသမ္မတ လည်းဖြစ်တဲ့ ဝှမ်ကျိုအန်းဆီကို အစီရင်ခံနေရပါတယ်။ ဝှမ်ကျိုအန်းကပဲ နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ နှစ်ကုန်သမ္မတမိန့်ခွန်း နိုင်ငံတော်ကို ပြောကြားမယ်လို့ ယူဆရပါတယ်။
အိမ်ပြာတော်ရဲ့ ပြန်ကြားရေးအဖွဲ့တွေ အတွက်ကတော့ ပက်ကွမ်ဟီးရဲ့ ဗလာဟင်းလင်း နေ့ရက်တွေလိုပဲ သူတို့ရဲ့ မှတ်စုစာအုပ် တွေဟာလည်း ဗလာကျင်းနေတော့မှာ ဖြစ်ပါတယ်။
“သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့အခန်းမှာ သတင်းထောက်အရေအတွက်က အများကြီး ကျုံ့ဝင်သွားပါပြီ။ သုံးပုံတစ်ပုံတောင်မှ ရှိတော့မလားပဲ” လို့ အမည်မဖော်ပြတဲ့ သတင်းစာတစ်စောင်ရဲ့ သတင်းထောက် တစ်ဦးက ဆိုပါတယ်။
“သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူဟာလည်း ပုံမှန်သတင်းထုတ်ပြန်ပြောဆိုမှုတွေ မလုပ်တော့ပါဘူး။ သမ္မတနဲ့ပတ်သက်ပြီး အထူးကိစ္စ ပြောဆိုစရာရှိမှသာ သတင်းစာ ရှင်းလင်းပွဲလုပ်တဲ့အခန်းကို လာပါတော့တယ်” လို့လည်း အဲဒီသတင်းထောက်က ဆိုပါတယ်။ Ref; AFP                     

Most Read

Most Recent