တောင်ငူမြို့နယ်၌ မင်္ဂလာဆောင် ကူညီပြီး ပြန်လာသူကို ညအမှောင်ထဲတွင် ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား

တောင်ငူမြို့နယ်၌ မင်္ဂလာဆောင် ကူညီပြီး ပြန်လာသူကို ညအမှောင်ထဲတွင် ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား
Published 18 December 2016
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဆိတ်ဖူးတောင်ကျေးရွာတွင် ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မင်္ဂလာဆောင်တွင် အလုပ်ကူညီ လုပ်ကိုင်ပြီး ပြန်လာသူအား လမ်းအမှောင်ထဲတွင် ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က ဆိတ်ဖူးတောင်ရွာ အရှေ့ပိုင်းနေ ဦးထွန်းလှိုင်သည် နေအိမ်တွင် ရှိနေစဉ် သား ကျော်ထွန်းလင်း (၃၅ နှစ်) သည် ဓားဒဏ်ရာဖြင့် လဲနေ၍ လိုက်ကြည့်ရန် လာရောက် အကြောင်းကြားခဲ့ရာ လိုက်ကြည့်ခဲ့ကြောင်း၊ သား ကျော်လင်းထွန်းမှာ ရွာ၏ အရှေ့ဘက် လှည်းလမ်း၌ ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
သားမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေ၍ ဖခင် ဦးထွန်းလှိုင်မှ တောင်ငူမြို့ အမှတ် ၃ နယ်မြေရဲစခန်းတွင် တရားလိုလုပ် အမှုဖွင့်တိုင်တန်းရာ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က အခင်းဖြစ်ရပ်အား သွားရောက် စစ်ဆေးခြင်း၊ တရားလိုနှင့် ပတ်ဝန်းကျင် သက်သေများအား သွားရောက်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ သေဆုံးသူ ကျော်ထွန်းလှိုင်မှာ အရက်မူးပြီး စကားများကြရာမှ ဓားဖြင့် ခုတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေတဲ့ ကောင်လေးက တောထဲက ရော်ဘာခြံမှာ အလုပ်လုပ်တယ်။ ရော်ဘာခြံမှာ အလုပ်လုပ်ရင်းနဲ့ မင်္ဂလာဆောင်ရှိတယ် ဆိုပြီးတော့ သူ့အိမ်တောင် မပြန်ဘူး။ မင်္ဂလာဆောင် တန်းဝင်တာ။ မင်္ဂလာဆောင်မှာ ရေတွေဘာတွေ ဖျန်းပေးပြီး အိမ်ပြန်သွားတာ။ ဘယ်သူလုပ်လိုက်မှန်း မသိဘူး။ ဒီကောင်လေးက ရန်ငြိုးလည်းရှိတယ်လို့ ကြားတယ်။ သတ်တဲ့လူကို စုံစမ်းဆဲပါ”ဟု တောင်ငူမြို့ အမှတ် (၃) နယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်စိုးဦးက ဆိုသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍  အမှတ် (၃) ရဲစခန်းက (ပ) ၅၄၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent