မြန်မာကျပ်ငွေတန်ဖိုးလျော့ကျမှု မထိန်းနိုင်တော့ဘူးလား . . .

မြန်မာကျပ်ငွေတန်ဖိုးလျော့ကျမှု မထိန်းနိုင်တော့ဘူးလား . . .
Published 18 December 2016
စည်သူအောင်

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းထားကတော့ သမိုင်းတစ်လျှောက် မဖြစ်ပေါ်ဖူးသေးတဲ့ တစ်ဒေါ်လာကျပ် ၁၄၀၀ ကျော်စံချိန်ကို ဒီဇင်ဘာ ၁၅ ရက်မှာ စတင်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအစိုးရ သက်တမ်းကိုးလကျော်မှာ ဒီနှုန်းထားကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒေါ်လာဈေး စံချိန်တင်မြင့်တက်စေခဲ့တဲ့ အကြောင်းတရားတွေများစွာ ဖြစ်ပေါ်ခဲ့တာတွေ့ရမှာပါ။ နဂိုကတည်းက ကုန်သွယ်မှုလိုငွေ များပြားမှု၊ ပို့ကုန်နည်းပါးမှု၊ ဘတ်ဂျက်လိုငွေများပြားမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဝင်နည်းမှု၊ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းမှု၊ ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက် များပြားမှု စတာတွေ ဖြစ်ပေါ်နေချိန်မှာ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာဈေးမြင့်တက်မှုက ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်း ဈေးကွက်ကို သိသိသာသာ ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဒေါ်လာ ကျပ် ၁၄၀၀ နှုန်းကို ကျော်လွန်ပြီး ၁၄၄၀ နီးပါးအထိကို နှစ်ရက်အတွင်း ရောက်ခဲ့တာဆိုတော့ အားလုံးက တစ်ဒေါ်လာ ကျပ် ၁၅၀၀ များဖြစ်တော့လေမလားဆိုပြီး စိုးရိမ်တကြီး ဖြစ်လာသလို ဒေါ်လာဈေး မြင့်တက်မှုကြောင့် နိုင်ငံ့စီးပွားရေး ဘယ်လောက်ထိခိုက်မလဲဆိုတာ အားလုံးက စောင့်ကြည့်လာရပြီဖြစ်ပါတယ်။
လက်ရှိအစိုးရလက်ထက် နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို ပြန်ကြည့်ရင် ဧပြီကနေ သြဂုတ်လလယ်အထိ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ နည်းပါးပေမယ့် သြဂုတ် လကုန်ပိုင်းကစပြီး မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ စတင်ကျလာတာဖြစ်ကာ စက်တင်ဘာ၊ အောက်တိုဘာလတွေနဲ့ နိုဝင်ဘာလဆန်းအထိ တရိပ်ရိပ်နဲ့ တက်လာခဲ့တာပါ။ နိုဝင်ဘာ ၈ ရက်မှာပြုလုပ်တဲ့ အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်လာဈေးတက်နှုန်းက ပိုမိုမြန်ဆန်လာပြီး ဒီဇင်ဘာ ၁၄ ရက်ညပိုင်းမှာ အမေရိကန် အတိုးနှုန်းမြှင့်တင်တဲ့ ဆုံးဖြတ်ချက် ထွက်ရှိချိန်မှာတော့ သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် တစ်ဒေါ်လာကျပ် ၁၄၀၀ တန်းကို ရောက်ရှိခဲ့တာပါ။
ဒေါ်လာဈေးမြင့်တက်ခဲ့တာကြောင့် မြန်မာအပါအဝင် အာရှနိုင်ငံအများစုရဲ့ ငွေကြေးတန်ဖိုးတွေ ကျဆင်းခဲ့ပြီး နဂိုကတည်းက စီးပွားရေးအခြေအနေ အရပ်ရပ်မှာ နိမ့်ကျနေတဲ့နေတဲ့ မြန်မာနိုင်ငံရဲ့ ကျပ်ငွေတန်ဖိုးကတော့ တခြားအာရှနိုင်ငံတွေရဲ့ ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးအလျော့ကျဆုံး ငွေကြေးတစ်ရပ် ဖြစ်လာပါတယ်။ ဒေါ်လာငွေ မာလာတာကြောင့် အာရှစီးပွားရေး အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့ရဲ့ ငွေတန်ဖိုးတွေလည်း ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ စီးပွားရေးအင်အားကြီးနိုင်ငံ တချို့နဲ့ ဒေသတွင်း နိုင်ငံတချို့ကတော့ ရက်ပိုင်းလောက်ပဲ ငွေတန်ဖိုးကျဆင်းမှုဒဏ်ကို ခံစားကြရပြီး နိုင်ငံ့ငွေကြေးတန်ဖိုးကို အချိန်မီထိန်းသိမ်းနိုင်တာ တွေ့ရပါတယ်။ မြန်မာကျပ်ငွေကတော့ နိုင်ငံခြားငွေကြေးတွေနဲ့ယှဉ်ရင် ဆိုးဆိုးရွားရွား တန်ဖိုးကျခဲ့တာဖြစ်ပြီး ငွေတန်ဖိုး ထိန်းသိမ်းနိုင်စွမ်းအား နည်းပါးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၁၇ ရက်အတွင်း သုံးလတာ ကာလမှာဖြစ်ခဲ့တဲ့ အာရှငွေကြေး တန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စင်ကာပူဒေါ်လာက ၆ ဒသမ ၁၅ ရာခိုင်နှုန်း၊ ထိုင်းဘတ်က ၂ ဒသမ ၄၇ ရာခိုင်နှုန်း၊ မလေးရှားရင်းဂစ်က ၈ ဒသမ ၀၄ ရာခိုင်နှုန်း၊ ဗီယက်နမ်ဒေါင်က ၁ ဒသမ ၉၉ ရာခိုင်နှုန်း၊ လာအိုကစ်က ၁ ဒသမ ၁၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားရူပီယာက ၁ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်ပီဆိုက ၄ ဒသမ ၅၃ ရာခိုင်နှုန်း၊ ဘရူနိုင်းဒေါ်လာက ၆ ဒသမ ၁၅ ရာခိုင်နှုန်း တန်ဖိုးလျော့ကျခဲ့ပြီး အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားတစ်နိုင်ငံပဲ ရီယဲလ်ငွေတန်ဖိုး တက်ခဲ့ကာ ၀ ဒသမ ၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
အာရှစီးပွားရေး အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်ယွမ်က ၃ ဒသမ ၉၂  ရာခိုင်နှုန်း၊ ဂျပန်ယန်းက ၁၅ ဒသမ ၆၇ ရာခိုင်နှုန်း၊ အိန္ဒိယရူပီးက ၁ ဒသမ ၁၆ ရာခိုင်နှုန်း၊ တောင်ကိုရီးယားဝမ်က ၅  ဒသမ ၁၅ ရာခိုင်နှုန်း၊ သြစတြေးလျ ဒေါ်လာက ၁ ဒသမ ၅၃ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့တာ တွေ့ရပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးက စက်တင်ဘာ ၁၉ ရက်မှာ တစ်ဒေါ်လာ ၁၂၄၂ ကျပ်ပေါက်ဈေးရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်မှာ ၁၄၃၈ ကျပ်အထိ ဖြစ်ပေါ်ခဲ့တာကြောင့် သုံးလအတွင်း ၁၉၆ ကျပ် မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် ၁၅ ဒသမ ၇၈ ရာခိုင်နှုန်းအထိ တန်ဖိုးကျဆင်းခဲ့တာပါ။ ဒီနှုန်းထားတွေကိုကြည့်ရင် မြန်မာက တန်ဖိုးအကျဆုံး ငွေကြေးတစ်ရပ်ဖြစ်ခဲ့ပြီး လက်ရှိမြန်မာရဲ့ အဓိကစီးပွားရေး မိတ်ဖက်ဖြစ်တဲ့ ဂျပန်နိုင်ငံလည်း ယန်းငွေတန်ဖိုးကျဆင်းနေတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ချိန်ကနေ လက်ရှိအချိန်အထိ နိုင်ငံအလိုက်ငွေလဲနှုန်းတွေကို နှိုင်းယှဉ်မယ်ဆိုရင် မြန်မာက ၁၁ ဒသမ ၇၃ ရာခိုင်နှုန်း၊ တရုတ်က ၂ ဒသမ ၁၆ ရာခိုင်နှုန်း၊ ဂျပန်က ၁၂ ဒသမ ၄၅ ရာခိုင်နှုန်း၊ အိန္ဒိယက ၂ ဒသမ ၄၈ ရာခိုင်နှုန်း၊ တောင်ကိုရီးယားက ၄ ဒသမ ၈၇ ရာခိုင်နှုန်း၊ သြစတြေးလျက ၄ ဒသမ ၆၅ ရာခိုင်နှုန်း၊ စင်ကာပူက ၄ ဒသမ ၆၁ ရာခိုင်နှုန်း၊ ထိုင်းက ၂  ဒသမ ၅၀ ရာခိုင်နှုန်း၊ မလေးရှားက ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၁ ဒသမ ၈၀ ရာခိုင်နှုန်း၊ လာအိုက ၀ ဒသမ ၁၇ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၂ ဒသမ ၇၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၂ ဒသမ ၈၁ ရာခိုင်နှုန်း၊ ဘရူနိုင်းက ၄ ဒသမ ၆၁ ရာခိုင်နှုန်းအထိ ငွေကြေးတန်ဖိုးတွေ ကျဆင်းခဲ့တာတွေ့ရပြီး နိုင်ငံတချို့က အရင်သုံးလကထက် ငွေတန်ဖိုးပိုမာလာပေမယ့် မြန်မာကျပ်ငွေနဲ့ ဂျပန်ယန်းတန်ဖိုးကတော့ ကာလတိုအတွင်း ကျဆင်းမှုနှုန်းထား ပိုများလာတာကို တွေ့ရပါတယ်။
နှုန်းထားတွေကို ကြည့်မယ်ဆိုရင် ဒေါ်လာနဲ့ယှဉ်ရင် နိုင်ငံအများစုရဲ့ ငွေကြေးတန်ဖိုးတွေ ကျတာတူပေမယ့် မြန်မာကျပ်ငွေတန်ဖိုးက အများစုနဲ့မတူ ထူးထူးခြားခြား ပိုကျခဲ့တာ ဖြစ်ပါတယ်။ ဒေါ်လာနဲ့ ယှဉ်လည်းကျ၊ ပြည်တွင်းဈေးကွက်မှာ အဓိကအရောင်းအဝယ်လုပ်နေတဲ့ နိုင်ငံခြားငွေကြေးတွေနဲ့ ယှဉ်ရင်လည်း တန်ဖိုးကျခဲ့တာပါ။ တန်ဖိုးကျတာခြင်းတူတဲ့ ဂျပန်ယန်းငွေနဲ့ယှဉ်လည်း တန်ဖိုးကျဆင်းခဲ့ပါတယ်။ စက်တင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၁၇ ရက်မှာဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်းတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမေရိကန်ဒေါ်လာက ၁၅ ဒသမ ၁၆ ရာခိုင်နှုန်း၊ ယူရိုက ၆ ဒသမ ၈၅ ရာခိုင်နှုန်း၊ စင်ကာပူဒေါ်လာက ၈ ဒသမ ၉၁ ရာခိုင်နှုန်း၊ မလေးရှားရင်းဂစ်က ၆ ဒသမ ၃၅ ရာခိုင်နှုန်း၊ ထိုင်းဘတ်က ၁၃ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဗြိတိန်ပေါင်က ၆ ဒသမ ၀၄ ရာခိုင်နှုန်း၊ ဂျပန်ယန်း က ၁ ဒသမ၂၅ ရာခိုင်နှုန်း၊ သြစတြေးလျဒေါ်လာက ၁၂ ဒသမ ၃၆ ရာခိုင်နှုန်း၊ တရုတ်ယွမ်က ၈ ဒသမ ၀၆ ရာခိုင်နှုန်းအထိ ကျပ်ငွေနဲ့ယှဉ်ရင် တန်ဖိုးမြင့်တက်ခဲ့ပါတယ်။
လက်ရှိအစိုးရလက်ထက် နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို ပြန်ကြည့်ရင် ဧပြီကနေ သြဂုတ်လလယ်အထိ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ နည်းပါးပေမယ့် သြဂုတ် လကုန်ပိုင်းကစပြီး မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ စတင်ကျဆင်းလာခဲ့ပါတယ်။ လက်ရှိအစိုးရ ရွေးကောက်ပွဲ နိုင်ပြီးချိန်၊ အစိုးရအဖွဲ့ မတက်ရောက်ခင်နဲ့ တက်ရောက်ပြီးကာလ အစပိုင်းတွေမှာ ကျဆင်းခဲ့တဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ အစိုးရအဖွဲ့ တက်ရောက်ပြီး လေးလကျော်မှာ ပြန်လည်မြင့်တက်ခဲ့ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ လက်ရှိ ဒီဇင်ဘာလအထိ နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်မှာ သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် တစ်ဒေါ်လာ ကျပ် ၁၄၀၀ ကျော် စတင်ဖြစ်ပေါ်ခဲ့ကာ ၁၄၃၈ ကျပ်အထိ ဒီဇင်ဘာ ၁၆ ရက်မှာမြင့်တက်ခဲ့တာပါ။
NLD အစိုးရ စတင်တက်ရောက်တဲ့ ဧပြီ ၁ ရက်မှာ ၁၁၉၃ ကျပ်ဖြစ်ပေါ်ခဲ့ပြီး အစိုးသက်တမ်း ကိုးလကျော်အတွင်း အနိမ့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံခြားငွေလဲနှုန်းကတော့ တစ်ဒေါ်လာ ၁၁၅၃ ကျပ် (ဧပြီ ၂၄ ရက်) ဖြစ်တာကြောင့် အနိမ့်ဆုံးနှုန်းနဲ့ ဒီဇင်ဘာလအတွင်း အမြင့်ဆုံးနှုန်းဖြစ်တဲ့ ၁၄၃၈ ကျပ်နဲ့နှိုင်းယှဉ်ရင် ၂၈၅ ကျပ်မြင့်တက်ခဲ့တာဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ကျပ်ငွေတန်ဖိုး ၂၄ ဒသမ ၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ပြန်ကြည့်ရင် အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်း လက်ရှိအချိန်အထိ ကာလအတွင်းမှာ ကျဆင်းမှုနှုန်း ပိုမိုမြင့်မားပြီး တစ်လကျော်အတွင်း ၁၅၁ ကျပ်ဝန်းကျင် ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ကြည့်ရင် ၁၁ ဒသမ ၇၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာတွေ့ရပါတယ်။
“အစိုးရအနေနဲ့ နိုင်ငံခြားငွေလဲနှုန်းကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။ ဈေးကွက်မှာဖြစ်ပေါ်တဲ့ ရောင်းလိုအား၊ ဝယ်လိုအားကြောင့် ဖြစ်လာတဲ့ နှုန်းထားအပေါ်မူတည်ပြီး ဆောင်ရွက်ရတာကြောင့် ဝယ်လိုအားများရင် ဝယ်လိုအားအခြေအနေကို ဘယ်လိုထိန်းမလဲ၊ ရောင်းလိုအားများရင် ရောင်းလိုအားအခြေအနေကို ဘယ်လိုထိန်းမလဲဆိုတာကို အစိုးရဘက်က ဗဟိုဘဏ်၊ စီမံဘဏ္ဍာ၊ စီးပွားကူးသန်းစတဲ့ ဝန်ကြီးဌာနတွေ တွေ့ဆုံညှိနှိုင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်”လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားထားပါတယ်။
နိုင်ငံခြားငွေလဲနှုန်း အတက်အကျဟာ နိုင်ငံခြားငွေဝယ်လိုအားနဲ့ ရောင်းလိုအားကို သက်ရောက်စေနိုင်တဲ့ အကြောင်းရင်းတွေအပေါ်မှာ အခြေခံပြီး အဓိကကျတဲ့ အချက်တွေကတော့ နိုင်ငံတကာ ငွေကြေးဈေးကွက် အခြေအနေ၊ နိုင်ငံ့ပို့ကုန် သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ရသုံးမှန်းခြေငွေ စာရင်းရှင်းတမ်း အခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်း အခြေအနေတို့ဖြစ်ပြီး တစ်နည်းအားဖြင့် စီးပွားရေးစနစ်ထဲမှာရှိတဲ့ အတွင်း/အပြင် အခြေခံအချက်တွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆိုပါတယ်။
ဒီအချက်တွေကိုကြည့်ရင် နိုင်ငံတကာ ငွေကြေးဈေးကွက် အခြေအနေကတော့ အမေရိကန် ရွေးကောက်ပွဲရလဒ်နဲ့ အမေရိကန် အတိုးနှုန်းမြင့်တက်မှု နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် ဒေါ်လာဈေးညွှန်းကိန်းက ၁၀၃ ဒသမ ၅၀ အထိ မြင့်တက်ခဲ့ကြောင့် တခြားငွေကြေးတန်ဖိုးတွေ ကျဆင်းနေပါတယ်။ နိုင်ငံ့ကုန်သွယ်ရေး အခြေအနေကိုကြည့်ရင် ပို့ကုန်ဒေါ်လာ ၇၅၁၃ သန်းကျော်ဖိုး တင်ပို့ထားပြီး သွင်းကုန်ဒေါ်လာ ၁၀၅၇၅ သန်းကျော်ဖိုး တင်သွင်းထားတာကြောင့် ကိုးလကျော်အတွင်း ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃၀၆၂ သန်းရှိနေပါတယ်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကလည်း အရင်နှစ်တွေထက် လျော့ကျလာပြီး ဘတ်ဂျက်လိုငွေကလည်း ကျပ်ဘီလျံ ၄၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်ထဲရှိ ကုန်စည်နဲ့ ဝန်ဆောင်မှု ဈေးနှုန်းတွေကလည်း ကုန်ကျစရိတ် များပြားမှုနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေတာကလည်း ကျပ်ငွေတန်ဖိုးကို ကျဆင်းစေပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံဟာ တရားမဝင် ကုန်သွယ်မှု၊ တရားမဝင်ငွေကြေး စီးဆင်းမှုတွေရှိတဲ့အပြင် Re-export ကြောင့် ဒေါ်လာထွက်သွားပေမယ့် တခြားငွေကြေးပဲပြန်ရတာ၊ ဒေါ်လာငွေစာရင်းရှိသူတွေက စာရင်းပြောင်းနည်းနဲ့ ရောင်းချတာ၊ ပြည်ပနိုင်ငံတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်မှုများတာ၊ ကုန်သွယ်ရေးလုပ်ငန်းရှင်တချို့က ကုန်အမှာစာလျှော့တာ၊ တန်ဖိုးအမှန်မပြတာ၊ တရားမဝင် ငွေလွှဲပြောင်းတာ၊ ပြည်တွင်းမှာ နိုင်ငံခြားသုံးငွေနဲ့ ငွေပေးချေမှုများတာ စတာတွေကလည်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်စေတဲ့အကြောင်း တရားများဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
အဲဒါကြောင့် ဗဟိုဘဏ်က ပြည်ပနိုင်ငံတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားတာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ ဘဏ်စာရင်းဆိုင်ရာ အချက်အလက်တွေ၊ လက်ကျန်ရှင်းတမ်းတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့တင်ပြဖို့ ထုတ်ပြန်လိုက်ပြီး မလိုက်နာဘဲပျက်ကွက်သူတွေကို ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်မယ့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က အကြောင်းကြားစာ ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ပြင်ပငွေကြေးဈေးကွက် ပေါက်ဈေးနဲ့ ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကြား ပမာဏများစွာ ကွာခြားနေတာကြောင့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း သတ်မှတ်တဲ့ပုံစံနဲ့ ပြည်တွင်းဘဏ်တွေကို ရောင်းချပေးနေတဲ့ နိုင်ငံခြားငွေကြေး လေလံစနစ်ကို ပြန်လည်ပြင်ဆင်မယ်လို့ ဦးဆက်အောင်က ပြောကြားပါတယ်။
ကျပ်ငွေတန်ဖိုး ကျဆင်းမှုက ပြည်တွင်းပြည်ပ အခြေအနေတွေကြောင့်ဖြစ်တာလို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားပါတယ်။ ပြည်တွင်းမှာဖြစ်ပေါ်တဲ့ ကုန်သွယ်ရေးလိုငွေ၊ ဘတ်ဂျက်လိုငွေများနေတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု ဝင်ရောက်မှုက ပြည်တွင်းလိုအပ်ချက်ကို မမီတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပမှာလည်း အမေရိကန်အတိုးနှုန်း မြှင့်တင်မှုနဲ့ တရုတ်ငွေတန်ဖိုးချမှုတို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတယ်လို့ပြောပြီး ကုန်ထုတ်လုပ်မှုတိုးမြှင့်ကာ ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်မှ နောက်ပိုင်းနိုင်ငံခြားငွေ အပေးအယူရှင်းတမ်းမှာ အခြေအနေ ကောင်းမွန်မယ်လို့ သုံးသပ်ထားပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က “ဒေါ်လာဈေးမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွနှုန်းကို ပိုများနိုင်တယ်။ စီးပွားရေးအနေအထား နှေးကွေးတာကြောင့် တခြားမှာ အလုပ်တွေ မလုပ်တော့ဘဲ ဒေါ်လာတွေ ဝယ်စုနေတာကြောင့် ဒေါ်လာတန်ဖိုး မြင့်လာတာဖြစ်တယ်။ ဒါကြောင့် ဒေါ်လာကို ကစားမယ့်အစား တခြားစီးပွားရေးလုပ်ငန်းတွေမှာ မြှုပ်နှံနိုင်အောင် အခွင့်အရေးတွေ ဖန်တီးပေးဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဆန်းကြယ်လှပါတယ်။ တချို့စီးပွားရေး သီအိုရီတွေ မြန်မာပြည်မှာ အသုံးချလို့မရပါဘူး။ ဒေါ်လာဈေးတက်ရင် မြန်မာငွေတန်ဖိုးကျတယ်။ ဒီအချိန်မှာ ပို့ကုန်လုပ်ငန်းတွေအတွက် အခွင့်အရေး ဖြစ်ပါတယ်။ ဒီလိုပဲ ဒေါ်လာဈေးကျပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်လာရင် သွင်းကုန်သမားတွေအတွက် အခွင့်အရေးပါပဲ။
ဒါပေမဲ့ မြန်မာငွေတန်ဖိုး မြင့်နေစဉ်ကာလမှာ သွင်းကုန်သမားတွေ အခွင့်အရေး မယူကြသလို အခုမြန်မာငွေတန်ဖိုး ကျနေချိန်မှာလည်း ပို့ကုန်တွေ သိသိသာသာ တိုးတာမတွေ့ရပါဘူး”လို့ပြောကြားထားပါတယ်။
ဒေါ်လာဈေးနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် ဒီဇင်ဘာ ၁၆ ရက်မှာ ကုန်သွယ်ရေး လုပ်ငန်းရှင်တွေအကြား ရောင်းဝယ်တဲ့ ပို့ကုန်ရငွေဈေးဟာ တစ်ဒေါ်လာ ၁၄၄၆ ကျပ်အထိ ရောက်ရှိခဲ့ပြီး စင်ကာပူနိုင်ငံ မှတစ်ဆင့် တခြားနိုင်ငံတွေကို ဒေါ်လာငွေလွှဲနှုန်းထားပေါက်ဈေးက ၁၄၄၈ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေါ်လာဈေး အဆမတန်မြင့်တက်မှုကြောင့် လတ်တလောကာလအတွင်း သွင်းကုန်ပစ္စည်းတွေ ဈေးတက်မှာဖြစ်ပြီး အချိန်မကြာမီ စီးပွားရေးအခြေအနေ အရပ်ရပ်ကို ထိခိုက်စေမှာဖြစ်ပါတယ်။ လက်ရှိအစိုးရ စတင်တက်ရောက်ချိန်နဲ့ အခုအချိန် ဈေးနှုန်းတွေ နှိုင်းယှဉ်မယ်ဆိုရင် သွင်းကုန်ပစ္စည်းတွေဖြစ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ ဈေးရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၃၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ သယ်ယူပို့ဆောင်ရေး အခြေခံကုန်စည်ဈေးတွေပါ မြင့်တက်ခဲ့တာကြောင့် အထွေထွေ ကုန်ဈေးနှုန်းကိုပါ မြင့်တက်စေခဲ့ပါတယ်။
“နဂိုကတည်းက ကျပ်ငွေက အားပျော့နေတာဆိုတော့ ကမ္ဘာ့ဈေးလည်း ထပ်တက်တော့ ကျပ် ၁၄၀၀ ကျော်သွားတာပါ။ အစိုးရအနေနဲ့ ကျပ်ငွေတန်ဖိုးတက်အောင် စွမ်းဆောင်နိုင်မှ ဒေါ်လာဈေးကျမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒေါ်လာဈေး မြင့်တက်မှုကြောင့် စားသောက်ကုန်၊ လူသုံးကုန်သွင်းကုန်တွေ၊ ပြည်ပကတင်သွင်းရတဲ့ စက်သုံးဆီ၊ ဆေးနဲ့ဆေးပစ္စည်း၊ ကားစတဲ့သွင်းကုန်တွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေ သုံးစွဲတဲ့ စက်၊ စက်အပိုပစ္စည်းတွေ သွင်းရတဲ့စရိတ်တက်မှာကြောင့် သူတို့ရဲ့ ကုန်ပစ္စည်းဈေးတွေလည်း တက်မယ်။ သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်မယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတွေတက်မယ်။ အဲဒီလိုတက်တာကြောင့် ကုန်ဈေးနှုန်း ကြီးလာမယ်။ ငွေကြေးဖောင်းပွမှု များလာမယ်။ ဒေါ်လာဈေး အလွန်အကျွံ မြင့်တက်တာကြောင့် သူဌေးရော၊ ဝန်ထမ်းရော၊ သာမန်လက်လုပ်လက်စားရော အကုန်ထိခိုက်ပါတယ်။ အစိုးရက ထိန်းလို့ရသမျှ နည်းအကုန်လုံး ထုတ်သုံးပြီး စီမံခန့်ခွဲမှ တော်ရုံကျမှာပါ”လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ထင်မြင်သုံးသပ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးကလည်း “မြန်မာနိုင်ငံက သွင်းကုန်အများဆုံး နိုင်ငံလိုဖြစ်နေတယ်။ ဒေါ်လာဈေးတက်ရင် လူတိုင်းကို ထိခိုက်နိုင်တယ်။ ဒေါ်လာဈေးတက်ရင် အဲဒါတွေ ဈေးတက်မယ်။ အဲဒါတွေ ဈေးတက်ရင် လူတန်းစားအားလုံးကို ထိခိုက်မယ်၊ တစ်နိုင်ငံလုံး စီးပွားပျက်မယ်။ အဲဒီအတွက် သက်သာအောင်၊ ခံသာအောင် ဘာလုပ်မလဲဆိုတာတော့ လုပ်လို့ရတယ်။ ဈေးမကျအောင်တော့ လုပ်လို့မရဘူး။ ဒါပေမဲ့ တက်သင့်တက်ထိုက်တဲ့ ပမာဏထက် မပိုအောင်တော့ လုပ်သင့်တယ်။ နောက်တစ်ခုက တက်တဲ့အတွက် ကိုယ့်နိုင်ငံသားတွေ အထိမနာအောင် အကြောင်းအရာလေးရှာဖို့ လိုတယ်”လို့ပြောကြားပါတယ်။
လက်ရှိနိုင်ငံခြားငွေလဲနှုန်း ကျပ် ၁၄၄၀ နီးပါးအထိ ရောက်ခဲ့တာကြောင့် ကျပ် ၁၅၀၀ တန်းကို မျှော်ကြည့်နေကြပြီ ဖြစ်ပါတယ်။ အဲဒီလောက်အထိ ရောက်သွားရင် နိုင်ငံ့စီးပွားရေး အခြေအနေဟာ ဆိုးဆိုးရွားရွား ထိခိုက်သွားနိုင်တဲ့တွက် အစိုးရအနေနဲ့ မဖြစ်အောင် စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။ နိုင်ငံထဲကို ကာလတိုအတွင်း နိုင်ငံခြားငွေကြေးတွေ စီးဝင်လာဖို့အတွက် သဘောတူညီချက် ရထားပြီးသားဖြစ်တဲ့ ဂျပန်နိုင်ငံက ချေးငွေအမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်ကို အမြန်ဆုံးရရှိအောင် ပြုလုပ်ဖို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက တိုက်တွန်းထားပါတယ်။
“ဒေါ်လာရဖို့ဆို ပို့ကုန်တက်အောင်လုပ်မလား၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တက်အောင်လုပ်မလား၊ နိုင်ငံတကာ အထောက်အပံ့ အကူအညီရအောင် လုပ်မလား လုပ်ရမှာပေါ့။ ဘာမှမလုပ်ဘဲဆိုရင် စီးပွားရေး အကျပ်အတည်း ဖြစ်နိုင်တယ်”လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
ဒေါ်လာဈေးမြင့်တက်ပြီး နိုင်ငံ့ငွေတန်ဖိုး ကျဆင်းစေတဲ့ ကုန်သွယ်ရေးလိုငွေ၊ ဘတ်ဂျက်လိုငွေ၊ ရင်းနှီးမြှုပ်နှံမှု ကျဆင်းမှု၊ နိုင်ငံခြားအရန်ငွေ နည်းပါးမှု၊ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းမှု၊ ကုန်စည်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လျော့နည်းမှု၊ နိုင်ငံခြားငွေ သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းတွေ အားနည်းမှုတွေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာ အချိန်ကာလ ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကတည်းက နိုင်ငံလုံးဆိုင်ရာ စီးပွားရေး အခြေအနေတွေက ယိုယွင်းနေတာ ဖြစ်တာကြောင့် ပြည်တွင်းပြည်ပ အခြေအနေတစ်ခုခုဖြစ်ပြီဆိုရင် သက်ရောက်မှုအားက ကြီးမားလွန်းပါတယ်။ လက်ရှိအစိုးရအနေနဲ့ ချည့်နဲ့နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အမြန်ဆုံးပြန်မတ်နိုင်အောင် ကြိုးစားရဦးမှာပဲ ဖြစ်ပါတယ်။
“ဟိုးအရင်ကတည်းက ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေကပြောခဲ့၊ ရေးခဲ့တာပဲ။ အစိုးရအဆက်ဆက်က မလုပ်ခဲ့တော့ အခုစုပြုံပြီး ခံရသလိုဖြစ်နေတာ။ ပို့ကုန်အားပေးဖို့၊ ကုန်သွယ်ရေးလိုငွေ နည်းအောင် နည်းမျိုးစုံနဲ့လုပ်ဖို့၊ အစိုးရအသုံးစရိတ်လျှော့ဖို့၊ စီးပွားရေး လုပ်ရကိုင်ရ လွယ်ကူကောင်းမွန်အောင် လုပ်ပေးဖို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လက်တွေ့လာအောင် မက်လုံးပေးဖို့ စတာစတာတွေ အများကြီးပြောခဲ့ကြတာပဲ။ အခုလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေစာရင်းတွေကို ဥပဒေနဲ့အညီလုပ်ဖို့၊ ဘဏ်စာရင်း အချက်အလက်တွေနဲ့ စာရင်းရှင်းတမ်းတွေ တင်ပြဖို့ ထုတ်ပြန်တာ တွေ့ရတယ်။ ဒါကိုလည်း ပီပီပြင်ပြင် လုပ်ဖို့လိုတယ်။ မရိုးသားမှုတွေရှိနေတဲ့ စီးပွားရေးအခြေခံတွေကို အစိုးရက သိဖို့လိုတယ်၊ စနစ်တကျဖြစ်အောင် ထိန်းကျောင်းဖို့လိုတယ်။ ဒေါ်လာဈေးတက်စေတဲ့ အခြေခံ အကြောင်းတရားတွေကို အချိန်မီမပြင်ရင် ၁၅၀၀ ဆိုတာလည်း ခဏလေးနဲ့ တက်သွားနိုင်တယ်”ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ထင်မြင်သုံးသပ်ပါတယ်။          

Most Read

Most Recent