ချမ်းသာတာက ကျက်သရေရှိပါတယ်

ချမ်းသာတာက ကျက်သရေရှိပါတယ်
Published 17 December 2016
ဘစံကောက်

အဖေက ... တိုက်
သားကျတော့ ... တဲ
မြေးကျတော့ ... ပလက်ဖောင်း မဖြစ်စေနဲ့
ကိုယ့်မျိုးဆက်တစ်ခုလုံးရဲ့တာဝန်ဟာ
ကိုယ့်ပခုံးပေါ်မှာ ရှိနေတယ်
ဦးအောင်သင်း
အမှန်ပြောရရင် ဒုတိယကမ္ဘာစစ် မတိုင်မီက အရှေ့တောင်အာရှမှာ မြန်မာပြည်က အချမ်းသာဆုံးပါ။ ကမ္ဘာမှာ ဆန်အတင်ပို့ဆုံး နိုင်ငံလည်းဖြစ်ခဲ့သလို မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်မြို့ဟာ သပ်ရပ်လှပပြီး သဘာ၀ ပတ်ဝန်းကျင်ကလည်း သာယာတာမို့ အဲဒီအချိန်က အရှေ့တောင်အာရှမှာ အခြေစိုက်ကြတဲ့ နိုင်ငံခြားသံရုံးတွေက သံရုံးဝန်ထမ်းတွေနဲ့ မိသားစုတွေဟာ အပတ်စဉ် ရန်ကုန်မြို့ကို ဈေးဝယ်လာရောက်ရင်း လည်ပတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က စင်ကာပူဆိုတာ ‘ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်’ ဆိုပါတော့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုကတောင် သွားရည်ကျရတဲ့နိုင်ငံပါ။
ဒီနေရာမှာ မြန်မာပြည်သူတွေရဲ့ ကိုယ့်ကျင့်တရားနဲ့ စိတ်ဓာတ်ခံယူချက်တွေကလည်း စားဝတ်နေရေး ပြည့်စုံနေတော့ ဖောက်ဖောက်ပြန်ပြန် မရှိကြဘူး။ အထူးသဖြင့် ဘာသာရေး အခြေခံကောင်းတွေနဲ့ ပြည့်စုံနေတော့ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ရှိပြီး မေတ္တာတရားနဲ့ ဆက်ဆံကြတယ်။ ခိုးဆိုးလုဝှက် သတ်ဖြတ်တဲ့ ကိစ္စတွေကလည်း အလွန်ပဲ နည်းပါးလှပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာလူမျိုးတွေ အလွန်ကိုယ်ကျင့်တရား ကောင်းမွန်ပြီး သူတစ်ထူးရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းကို စိတ်နဲ့တောင် မပြစ်မှားတဲ့အကြောင်း သွားလေသူ ကမ္ဘာကျော်ဝိပဿနာ တရားပြဆရာကြီး ‘ဦးဂို အင်ကာ’ ရဲ့ အဘိုးဖြစ်သူ ‘ဘာဆေဆာလာဂျီ’ ကိုယ်တိုင်က သူကြုံတွေ့ခဲ့ရဖူးတဲ့ မြန်မာပြည်သားတွေရဲ့ ကိုယ့်ကျင့်တရားကို ခုလို မြေးဖြစ်သူ ‘ဦးဂိုအင်ကာ’ ကို ပြောပြခဲ့ဖူးပါသတဲ့။
အိန္ဒိယလူမျိုး ဟိန္ဒူဘာသာဝင် ‘ဘဆေဆာလာဂျီ’ က ကမ္ဘာအနှံ့ သွားလာခြေဆန့်ပြီး အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်ကြီး တစ်ဦးပါ။ နောက်ပိုင်း မြန်မာပြည်ကိုရောက်လာပြီး မန္တလေး ရတနာပုံရွှေမြို့တော်မှာ အခြေစိုက်နေထိုင်ပါတယ်။ သူက ကုန်သည်ကြီးဆိုတော့ အထက်မြန်မာပြည်အနှံ့ကို ကုန်ရောင်းထွက်လေ့ရှိပါတယ်။
ကုန်ရောင်းထွက်တဲ့အခါ ပစ္စည်းပစ္စယတွေကို မြင်းငါးကောင်ပေါ်တင်၊ သူနဲ့အတူ အဖော်မြင်းစီးသမား ငါးယောက်ကိုလည်း ငှားရမ်းပြီး တစ်မြို့ဝင် တစ်မြို့ထွက် တစ်ရွာဝင် တစ်ရွာထွက် ဈေးလှည့်လည်ရောင်းချ ပါတယ်။ ရောင်းလို့ရသမျှ ပိုက်ဆံတွေကိုလည်း အိတ်ကြီးတစ်လုံးထဲမှာထည့်ပြီး ကိုယ်နဲ့မကွာ ယူဆောင်လာရပါတယ်။ ဒီလိုနဲ့ တစ်နေ့ ဈေးရောင်းချပြီးလို့ အပြန်လမ်းမှာမှောင် စပြုနေတော့ ဇရပ်တစ်ခုမှာဝင်ပြီး ညအိပ်ရပ်နားပါတယ်။
ရှေးခေတ် ဇရပ်ဆိုတာတွေကတော့ မြန်မာလူမျိုးတွေ နေထိုင်တဲ့ ရွာတိုင်းမှာရှိပါတယ်။ ညအိပ် ညနေခရီးသွားးတွေ နားခိုလို့ရအောင် ဆောက်ထားတာပါ။ ခရီးသည်တွေ အလွယ်တကူ နားနေလို့ရအောင် သောက်ရေကအစ ဖြည့်ထားပေးပါတယ်။ ဇရပ်တွေက လူသွားလူလာမပြတ်တဲ့ လမ်းဆုံလမ်းခွ တွေမှာလည်း တည်ရှိတတ်ပါတယ်။ အမိုးနဲ့ အခင်းကို အသေအချာလုပ်ထားပေမယ့် ဘေးဘက်အကာအရံတော့ မရှိတတ်ပါဘူး။ ဘယ်သူမဆို နားနေလို့ရပါတယ်။ တချို့ဇရပ်တွေမှာဆို ချက်ပြုတ်စားသောက်ဖို့ ဆီ၊ ဆန်၊ ထင်းကအစ အဆင်သင့်ထားပေးတယ်လို့ ဆိုပါတယ်။ မြန်မာလူမျိုး ကျေးလက်နေပြည် သူတွေရဲ့ စေတနာ သဒ္ဒါတရားက အဲဒီလောက် ကောင်းပါတယ်။
ဒီလိုနဲ့ ‘ဘဆေဆာလာဂျီ’ တို့အားလုံး အဲဒီဇရပ်မှာပဲ ညစာကို ချက်ပြုတ်စားသောက်ပြီး တစ်ညအိပ်လိုက်ကြပါတယ်။ မနက်မိုးလင်းလို့ ခရီးဆက်ကြတဲ့အခါ ပစ္စည်းပစ္စယတွေ မြင်းပေါ်တင်ရင်းနဲ့ ကုန်ရောင်းလို့ရတဲ့ ငွေဒင်္ဂါးအိတ်ကြီးက အဲဒီဇရပ်ပေါ်မှာ မေ့ကျန်ခဲ့ပါတော့တယ်။ ဒါကိုလည်း လမ်းရောက်လို့ ခရီးအတော်ပေါက်တော့မှ‘ဘဆေဆာလာဂျီ’ က သတိပြုမိပြီး ပါလာသမျှတော့ ကုန်ပါပြီလို့ တွေးရင်း ပါလာတဲ့ အဖော်တွေကို “ငါ့ငွေအိတ်ကြီး ဇရပ်ပေါ်မှာ မေ့ကျန်ရစ်ခဲ့ပြီ။ အမြန်သွားယူကြရအောင်” လို့ ပြောတဲ့ အခါ သူနဲ့အတူပါလာတဲ့ မြန်မာလူမျိုး မြင်းစီးသမားတွေက “မိတ်ဆွေကြီး ဒီအတွက် မပူပါနဲ့။ ခင်ဗျား ရောင်းစရာရှိတာ ဆက်ပြီးရောင်းပါ။ အပြန်ကျမှ ဝင်ယူရင်လည်း ရတာပဲ။ ခင်ဗျားငွေထုပ် မပျောက်ပါဘူး။ ဘယ်သူမှလည်း ယူမှာမဟုတ်ပါဘူး” လို့ ဝိုင်းပြီးနှစ်သိမ့်ကြသတဲ့။ ‘ဘဆေဆာလာဂျီ’ ကတော့ သူတို့လို စိတ်အေးလက်အေး ဘယ်မှာရှိပါ့မလဲ။ ဒါပေမဲ့ ခရီးကလည်း အတော်ပေါက်လာပြီမို့ ပြန်ပြီးယူမယ်ဆိုရင်လည်း အချိန်က အတော့်လင့်သွားပြီမို့ တစ်ယောက်ယောက်တွေ့ပြီး ယူသွားလောက်ပါပြီလို့ စိတ်ကို ဒုန်းဒုန်းချလိုက်ရပါတော့တယ်။
ဒီလိုနဲ့ လေးငါးရက်လောက် ရွာစဉ်တစ်လျှောက် ဈေးဆက်ရောင်းပြီးတဲ့အခါမှာတော့ ပါလာသမျှ ရောင်းလို့ကုန်ပြီမို့ အိမ်ပြန်လာကြပါတယ်။ အပြန်ခရီးကလည်း အလာခရီး အတိုင်းပါပဲ။ ငွေထုပ်ကြီးမေ့ကျန်ခဲ့တဲ့ဇရပ်ကို ရောက်တဲ့အခါ အံ့သြကုန်နိုင်ဖွယ်အဖြစ်နဲ့ တိုးရပါတော့တယ်။
သူတို့မေ့ကျန်ခဲ့တဲ့ ငွေထုပ်ကြီးဟာ မြန်မာလူမျိုး မြင်းစီးသမားအဖော်တွေပြောသလို ခြေရာလက်ရာမပျက် တစ်ပြားတစ်ချပ်မှ မလျော့ဘဲတွေ့လိုက်ရတော့ ‘ဘဆေ ဆာလာဂျီ’  ခမျာ အံ့သြလို့မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် မြေးဖြစ်သူက ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး ဦးဂိုအင်ကာကို “မြေးရေ ကမ္ဘာပေါ်မှာ သူခိုးမရှိတဲ့ နိုင်ငံဆိုတာ တစ်နိုင်ငံပဲရှိသကွဲ့။ အဲဒါမြန်မာနိုင်ငံပဲ” လို့ ဆိုခဲ့ဖူးပါသတဲ့။
ဒါက တောရွာလေးမှာမို့ပါလို့ ပြောချင်လည်း ပြောကြမှာပဲ။ ဒါပေမဲ့ အဲဒီအချိန်က မြန်မာလူမျိုးတွေ ဘယ်လောက်စာရိတ္တ ကောင်းကြသလဲဆိုတာ သိသာစေတဲ့နောက် အဖြစ်အပျက်တစ်ခုကတော့ မန္တလေးဈေးချိုတော်မှာ ဈေးဖွင့်ချိန် အမျိုးသမီးတစ်ယောက်ရဲ့ စိန်နားကပ်က လမ်းမပေါ်ကို ပြုတ်ကျသွားပါသတဲ့။ ဈေးသွားဈေးလာ လူရှုပ်နေတဲ့အချိန်မို့ တစ်ယောက်မမြင် တစ်ယောက်ကတော့ မြင်မှာပါပဲ။ ဒါပေမဲ့ ဈေးပိတ်ချိန်အထိ အဲဒီစိန်နားကပ်ကို ဘယ်သူကမှ ကောက်မယူကြဘူးလို့ ဆိုပါတယ်။
နောက်တစ်နေ့မနက် ဈေးဖွင့်ချိန်နီးတော့ သန့်ရှင်းရေးလုပ်တဲ့ အလုပ်သမလေး တစ်ယောက်က စိန်နားကပ်ကို တွေ့ပါတယ်။ တွေ့တော့ ကောက်ယူပြီး သန့်ရှင်းရေးလုပ်ပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတော့ မူလနေရာမှာပဲ ပြန်ပြီးချထားခဲ့ပါတယ်။ ပိုင်ရှင်ပြန်လာရှာရင် အလွယ်တကူ တွေ့အောင်လို့ပါ။ နောက်တော့ စိန်နားကပ်က ယူမယ့် သူလည်းမရှိ ပိုင်ရှင်လည်း မပေါ်တာနဲ့ ဈေးရုံတာဝန်ခံက မြို့ထဲကို မောင်းလည်ထုပြီး ပိုင်ရှင်ကို ပြန်ရှာပြီး ပေးလိုက်ရတယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ ဒီလိုအဖြစ်မျိုးတွေ့နိုင်ဖို့ဆိုတာ အင်မတန်ခက်ပါလိမ့်မယ်။
ဒါတွေကို ရေးပြရတဲ့အကြောင်းရင်းကတော့ လူတွေကိုယ်ကျင့်တရားကောင်းတယ်။ သီလကို စောင့်ထိန်းကြတယ်ဆိုရင် တိုင်းပြည်မှာ ရာဇဝတ်မှုခင်းတွေလည်း နည်းပါးမယ်။ ပြည်သူတွေလည်း အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်နိုင်တာမို့ ဆင်းရဲပေမယ့်လည်း ပြောင်ပြောင်ရောင်ရောင် ရှိပါလိမ့်မယ်။ အချုပ်ပြောရရင် စာရိတ္တချမ်းသာလို့ လူတွေလည်း ချမ်းသာတဲ့ သဘောပါပဲ။
အထူးသဖြင့် သူတစ်ပါးရဲ့ပစ္စည်းကို မတော်မတရား လိုချင်စိတ်မရှိဘူး။ မတရား စီးပွားမရှာဘူး။ ကိုယ့်တစ်ဝမ်းတစ်ခါးကို သန့်သန့်ရှင်းရှင်း ရှာဖွေစားသောက်တယ်ဆိုတာ စာရိတ္တချမ်းသာတဲ့လူတွေ ကျင့်တဲ့အကျင့်ပါ။ ဒါကြောင့်လည်း တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ‘အရှင်ဇနကာဘိဝံသ’ က
“လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ ... သူများဆင်းရဲဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးကတော့ မဖြစ်စေနဲ့ မလိုအပ်ဘူး ... အနစ်နာခံစရာရှိရင် ကိုယ်သာခံ ... ဒါလူ့သီလပဲ” လို့ ဆုံးမတော်မူခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက လူမှာ စာရိတ္တချမ်းသာဖို့ အရေးကြီးပါတယ်။ စာရိတ္တချမ်းသာရင် လူလည်း စိတ်ချမ်းသာမယ်။ ဒီတော့ ကိုယ်လည်းချမ်းသာမယ်။ ချမ်းသာတော့လည်း ကျက်သရေရှိတော့တာပေါ့လေ။

Most Read

Most Recent