ဤနေရာလေးကို ကျွန်တော်ညတိုင်းလိုလို ရောက်အောင်သွားပါတယ်။ အရင်ကဆိုရင် ကျွန်တော်ရဲ့ဆေးခန်းက ညစဉ်ကိုးနာရီမှ ပိတ်ပါတယ်။ အခုဆိုရင်တော့ ည ၈ နာရီထိုးတာနဲ့ ဤနေရာလေးကို သွားပါတယ်။ တစ်နေ့တာလုံး ကိုယ့်အလုပ်ဖြစ်တဲ့ တိရစ္ဆာန်လေးတွေ ဆေးကုပြီးတဲ့အခါ ရပ်ကွက်ထဲက စာကြည့်တိုက်ကို သွားပါတယ်။ သတ္တဝါတွေရဲ့ ကျန်းမာရေးကို ကိုယ်တတ်တဲ့ပညာနဲ့ ကုသပေးတာ ကုသိုလ်အလုပ်လို့အများက ပြောကြပေမယ့် တကယ်တော့ ကိုယ့်အကျိုးစီးပွား (အတ္တ) မကင်းတဲ့ အလုပ်ပါ။ ပညာတတ်ရင်ရတယ် ဆိုသော်လည်း ကိုယ့်မိသားစု စားဝတ်နေရေးက အရင်းခံဖြစ်တာမို့ စွန့်လွှတ်ပေးဆပ်တဲ့၊ မြင့်မြတ်တဲ့ ကုသိုလ်အကျိုး၊ ပြောစရာမလိုလောက်အောင် ဖြူစင်တဲ့ကုသိုလ်အကျိုး သက်သက်တော့ မဟုတ်နိုင်ပါဘူး။
အမှန်အတိုင်းဝန်ခံရရင် တစ်ခါတလေ ကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်တာတွေလည်း ရှိပါတယ်။ ကရုဏာဒေါသောနဲ့ ပြောဆိုလုပ်ကိုင်မိတာ၊ လောဘဖြစ်မိတာ၊ စိတ်တိုစိတ်ဆိုး စိတ်တိုင်းမကျတာတွေကြောင့် အကုသိုလ်စိတ် ပွားတတ်ပါတယ်။ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ပြောဆိုပြုမူ လုပ်ကိုင်ခဲ့တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးဟာ ဘယ်လိုပင် အသိသတိတရား၊ မေတ္တာကရုဏာ၊ စေတနာတရားတွေနဲ့ လုပ်ပါစေဦးတော့ ကျွန်တော့်အတ္တအကျိုးနဲ့ တိရစ္ဆာန်တွေကို အကျိုးပြုပေးတဲ့ အလုပ်တွေသာဖြစ်ပြီး လူ့လောက လူ့အဖွဲ့အစည်းကို တိုက်ရိုက်အကျိုးပြု အကျိုးဆောင်နိုင်တဲ့ ကဏ္ဍက နည်းပါတယ်။
ကျွန်တော့်ဘ၀ တစ်လျှောက်လုံးမှာ လူအများ (အရွယ်သုံးပါး) ကို အကျိုးပြုတဲ့အလုပ်၊ နိုင်ငံနဲ့ပြည်သူကို အလုပ်ကျွေးပြုတဲ့ အလုပ်ကို နှစ်နှစ်ကာကာ မလုပ်ခဲ့ဖူးပါဘူး။ အပေါ်မှာ ရေးခဲ့တဲ့ အလုပ်လေးတွေလောက်နဲ့ပဲ ကျေနပ်နှစ်သိမ့် သာယာနေခဲ့၊ အချိန်တွေ ကုန်ခဲ့ပါတယ်။ ဒီနှစ်ပိုင်းမှာတော့ ကိုယ့်ရပ်ကွက်ထဲက စာကြည့်တိုက်ကို ဦးဆောင်ပြီး ကိုယ့်နိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့ အသိဉာဏ်ပညာ ဖွံ့ဖြိုးရေး၊ စာရိတ္တနဲ့ ကိုယ်ကျင့်တရား တိုးတက်လာစေရေး၊ လိုက်နာကျင့်သုံးလာနိုင်ရေးတို့ မှတစ်ဆင့် ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်လူ ကိုယ့်အဖွဲ့အစည်းအတွင်းမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ လောကပါလတရားတွေ လွှမ်းခြုံနိုင်ရေး ရည်ရွယ်ပြီး ကြိုးစားနေပါတယ်။
တစ်နေ့တာ ကိုယ့်အကျိုးစီးပွားနဲ့ ဆက်စပ်တဲ့ အတ္တနေရာမှာ ကျင်လည်ပြီးတဲ့နောက် ဤနေရာလေးကို ထွက်ခွာလာတဲ့အချိန်မှာ လျှောက်လှမ်းနေတဲ့ ကျွန်တော်ရဲ့ခြေလှမ်းတွေဟာ သွက်လက်ပေါ့ပါးနေတယ် ထင်မိပါတယ်။ တစ်နေ့တာလောဘ၊ ဒေါသ၊ မောဟတွေရဲ့ ချုပ်ကိုင်လွှမ်းမိုးမှုကနေ လွတ်မြောက်ပြီး လှောင်ချိုင့်ထဲက လွတ်လာတဲ့ ငှက်ကလေးလိုဖြစ်တာ သတိထားမိပါတယ်။ အိမ်ကနေ ထွက်လာပြီး ဒီနေရာလေးကို ဦးတည်လှမ်းနေတဲ့ အခိုက်အတန့်လေးမှာ စိတ်ရောကိုယ်ပါ ပြောင်းလဲသွားစေတဲ့ အကြောင်းတရားက ဘာများလဲလို့ စဉ်းစားအဖြေရှာခဲ့ပါတယ်။ အဖြေကတော့ ရည်ရွယ်ချက်နဲ့ ဝန်းကျင်သဘာဝမတူတဲ့ အလုပ် (ကံသုံးပါး) နဲ့ ဆက်စပ်ခံစားရတယ်ဆိုတာပါ။ ကိုယ်စိတ်နှလုံးသုံးပါးတို့ ကျင်လည်ကျက်စား ပျော်မွေ့ရာနယ်ပယ် (အတ္တနဲ့ပရ) မတူကွဲပြားလို့ အကျိုးတရားရလဒ်တွေ မတူညီတာလို့ ယူဆပါတယ်။
ဤနေရာကို စတင်ချဉ်းကပ် ဝင်ရောက်မိတာနဲ့ ဦးစွာတွေ့ရတဲ့ မြင်ကွင်းက တိတ်ဆိတ်ငြိမ်သက်တဲ့ ကွင်းပြင်ကျယ်ကြီးမှာ မားမားရပ်ပြီး မလင်းတချို့ လင်းတချို့ရှိနေတဲ့ အလယ်တန်းကျောင်းကြီးပါ။ ဒီကျောင်းကြီးဟာ တစ်နေ့တာလုံး အနာဂတ် လူတော်လူကောင်းတွေဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ ဝိဇ္ဇာသိပ္ပံပညာ၊ ဘဝပညာတွေ ဖြည့်ဆည်းပေးရလို့ မောပန်းနွမ်းနယ်တဲ့ အသွင်ကို မြင်ရပါတယ်။ မနက်ဖြန်မှာ အသုံးပြုဖို့လိုအပ်တဲ့ အင်အားတွေကို ပြန်လည်ဖြည့်ဆည်းနေတာလည်း ဖြစ်နိုင်ပါတယ်။ သူ့ရှေ့ကဖြတ်သွားစဉ်ခဏမှာ သူ့ကို အနှောင့်အယှက်မဖြစ်စေဖို့၊ မနက်ဖြန်မှာလည်း လန်းဆန်းအားပြည့်စွာနဲ့ အနာဂတ် လူတော်လူကောင်းတွေ ပြုစုပျိုးထောင်နိုင်စေဖို့ ဆုတောင်းရင်း တိတ်ဆိတ်စွာ ကျော်ဖြတ်ခဲ့ပါတယ်။
အလယ်တန်းကျောင်းစည်းရိုးကို လွန်မြောက်ပြီးတဲ့နောက် သန့်ရှင်းတဲ့လေရနံ့က နှာခေါင်းထဲကို တိုးဝင်လာတယ် ထင်ရပါတယ်။ ဘေးကို စောင်းငဲ့ကြည့်လိုက်တော့ အကြောင်းခံကို သိလိုက်ပါပြီ။ သူတို့ဆီက ထွက်လာတဲ့ရနံ့တွေကိုး။ သူတို့တွေဆီမှာ အစီအရီထောင်ထားတဲ့ အောက်ဆီဂျင်ဘူးတွေကို တွေ့ရလို့ပါ။ သက်ရှိလူသားနဲ့ တိရစ္ဆာန်တွေအတွက် မရှိမဖြစ် အရေးပါတဲ့ အောက်ဆီဂျင်နဲ့ သက်ရှိလူသားတွေရဲ့ မောပန်းနွယ်နယ်မှု၊ မွန်းကျပ်မှု၊ အသက်ရှင် အသက်ရှူရေးခက်ခဲတဲ့ ဝေဒနာရှင်တွေကို အချိန်မရွေး၊ လူမျိုးမရွေး ကူညီကယ်ဆယ်ပေးနေတဲ့ ‘မေတ္တာတော်အဖွဲ့’ ရဲ့ရှေ့ကိုရောက်ပါပြီ။ မေတ္တာတော် လူမှုကယ်ဆယ်ရေး အဖွဲ့ဟာဆိုရင်လည်း အရေးပေါ် အသက်ကယ်ဆယ်ရေး၊ နာကျင်မောပန်းမှု ဝေဒနာသက်သာ လွတ်ကင်းစေရေးကို ကူညီပေးနေသလို လောကသဘာဝအရ သင်္ခါရသဘောကို ရင်ဆိုင်ရတဲ့အခါမှာလည်း ကူညီထောက်ပံ့တဲ့ ကုသိုလ်တော်အဖွဲ့ ဖြစ်ပါတယ်။
ကုသိုလ်ရနံ့တွေ ဖုံးလွှမ်းပျံ့လွင့်နေတဲ့ ဝန်းကျင်ကို ကျော်လာတဲ့အခါ နောက်ထပ်ရနံ့တွေ ပေါင်းစပ်ပါဝင်နေကြောင်း ခွဲခြမ်းစိတ်ဖြာ သိလိုက်ပါတယ်။ ကျွန်တော်မကြည့်ဘဲမြင်၊ မတွေးဘဲ သိလိုက်ပါပြီ။ “ဘဝရှေ့ဆောင် စာကြည့်တိုက်” နယ်မြေထဲကို ရောက်လာပြီဆိုတာကို စာကြည့်တိုက်ရှေ့ရောက်လို့ လှမ်းကြည့်လိုက်တဲ့အခါ ဦးစွာဆီးကြိုနေတာက စာဖတ်ခြင်းအကျိုး (၇)မျိုးဆိုတဲ့ ဗီနိုင်းပါ။ (၁) ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးခြင်း၊ (၂) စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း၊ (၃) မှတ်ဉာဏ်ကို တိုးမြှင့်ပေးခြင်း၊ (၄) ဘဝနေထိုင်နည်းကို သိစေနိုင်ခြင်း၊ (၅) အာရုံစူးစိုက်မှု တိုးတက်စေခြင်း၊ (၆) ရုပ်ပိုင်းဆိုင်ရာ အနားပေးနိုင်ခြင်း၊ နာကျင်မှုကို အာရုံလွှဲပေးခြင်း၊ (၇) စိတ်ဓာတ်ကျ အားငယ်မှုကို ကုစားပေးခြင်းတို့ဆိုတဲ့ လက်ရှိပစ္စက ္ခလူသားများ တွေ့ကြုံခံစားနေရသော လောကဓံ အဆိုးအကောင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ရေး၊ ချမ်းသာ အေးချမ်းရေးဘဝများဆီ လျှောက်လှမ်းနိုင်ဖို့ လိုအပ်တဲ့ တွန်းအားတွေ စာအုပ်စာပေတွေ စာကြည့်တိုက်မှာရှိကြောင်း အသိပေးတာ ဖြစ်ပါတယ်။
စာကြည့်တိုက်ထဲဝင်ပြီး ကြည့်လိုက်တဲ့အခါ စာဖတ်သူတချို့နဲ့ စာငှားသူတစ်ယောက်ကို ကျေးဇူးတင်ပီတိဖြစ်စွာနဲ့ ကြည့်ရင်း ထိုင်လိုက်တဲ့နောက် ရှေ့ကမြင်ကွင်းဆီကို အာရုံရောက်သွားပြန်ပါတယ်။ ရှေ့ကအဆောက်အအုံရဲ့ နဖူးစီးစာတမ်းကို မီးရောင်အောက်မှာ ဖတ်ရတာက ‘ရွှေသိင်္ဂီ’ ဘိုးဘွားထောက်ပံ့ရေးအဖွဲ့ပါတဲ့။ ဘိုးဘွားတွေကို ဘာဖြစ်လို့ ထောက်ပံ့ပေးရတာလဲ။ ဘာရည်ရွယ်ချက်လဲ၊ ဘယ်လိုအကျိုးတရားတွေ မျှော်လင့်လို့လဲဆိုတာ စဉ်းစားကြည့်မိပါတယ်။ ဘိုးဘွားဆိုတာ အသက် ၇၅ နှစ် ကျော်သူတွေကို ဆိုလိုတာဖြစ်ပြီး သူတို့တွေဟာ ဒီမြေ၊ ဒီရေ၊ ဒီနိုင်ငံ၊ ဒီလောကအကြောင်းကို နှစ်ပေါင်းများစွာ ရင်ဆိုင်ကျော်ဖြတ်ခဲ့သူတွေ ဖြစ်တယ်။ သူတို့တွေဟာ သားသမီး မြေးမြစ်တွေမသိ၊ မတွေ့၊ မကြုံ နိုင်သေးတဲ့ အဖြစ်အပျက်တွေ၊ ကောင်းကျိုးဆိုးကျိုး လောကဓံအမျိုးမျိုးတွေ၊ လောကရဲ့မာယာနဲ့ ဖြားယောင်းမှုတွေ၊ အလင်းကို ပိတ်ပင်တားဆီးပြီး အမှောင်တောကို ဖန်တီးတတ်တဲ့ အဝိဇ္ဇာနဲ့ အကုသိုလ် အကြောင်းတရားတွေကို သိသူ၊ အမှောင်ကိုခွင်း၊ အလင်းကိုဆောင်နိုင်တဲ့ မီးတိုင်နဲ့တူသူတွေ ဖြစ်ပါတယ်။
ဘိုးဘွားတွေဟာ ပညာအလင်း၊ ပညာအသိ၊ ပညာအမြင်၊ ပညာအကျင့်တွေကို တစ်သက်တာ ဆည်းပူးလေ့လာ သိမ်းဆည်းထားသူတွေ၊ အသိဉာဏ်ပညာ ဗဟုသုတ ဘဏ်တိုက်ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ သူတို့တွေမှာ ငွေကြေးဥစ္စာ မကြွယ်ဝသော်လည်း သီလ၊ သမာဓိ၊ ပညာ ချမ်းသာသူတွေ ဖြစ်ကြပါတယ်။ ဘိုးဘွားများဆီကနေ ငွေကြေးဥစ္စာ မရနိုင်ပေမယ့် သူတို့လျှောက်ခဲ့ပြီး ကိုယ်တွေ့ကြုံ၊ လက်တွေ့ကျော်ဖြတ်လာခဲ့သော ဘဝအတွေ့အကြုံများ၊ နည်းလမ်းများ၊ စိတ်ဓာတ်စွမ်းရည်များကို ရနိုင်ပါတယ်။ အကုသိုလ် မကောင်းမှုကို ကုသိုလ်နဲ့ ဘယ်လိုအနိုင်ယူခဲ့တယ်။ အနိုင်ယူနိုင်တယ် ဆိုတာတွေလည်း ရနိုင်ပါတယ်။ သူတို့ဟာ ကောင်းမှုမင်္ဂလာပါလားလို့ နှလုံးသွင်း ဆင်ခြင်နေမိပါတယ်။
ကျွန်တော့်စာကြည့်တိုက်ကို လူတွေအများကြီး လာစေချင်ပါတယ်။ ကလေးလူငယ် လူကြီးတွေ နေ့စဉ်နဲ့အမျှ စာကြည့်တိုက်ရှေ့က ဖြတ်သွားတာတွေ့ရတယ်။ သူတို့ထဲက အနည်းစုကသာ စာကြည့်တိုက်ကို ဝင်လာတယ်။ စာအုပ်တွေ လှည့်ပတ်ကြည့်တယ်။ ကိုင်ကြည့်တယ်၊ လှန်ကြည့်တယ်၊ တချို့က ထိုင်ဖတ်တယ်၊ တချို့က အိမ်မှာဖတ်ဖို့ ငှားသွားကြတယ်။ တချို့က မဖတ်၊ မငှားဘဲနဲ့ ပြန်ထွက်သွားကြတယ်။ လူများစွာရှိတဲ့ ရပ်ကွက်ထဲက လူတွေအနက် စာဖတ်၊ စာငှားဖို့လာသူတွေဟာ ဆယ်ဂဏန်း ဝန်းကျင်ပဲ ရှိပါတယ်။ ရပ်ကွက်လူဦးရေအချို့နဲ့ တွက်ရင် အလွန်ကိုနည်းတဲ့အတွက် သူတို့တွေ စာကြည့်တိုက်ကို လာကြည့်၊ လာဖတ်၊ လာငှားအောင် သူတို့တွေကို စာကြည့်တိုက်ကနေ အသိဉာဏ်ပညာ အကျိုးကျေးဇူးတွေ ဝေမျှနိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံထုတ် စဉ်းစားမိပါတယ်။
ဖတ်ခဲ့ဖူးတဲ့ ဇာတကဝတ္ထုက မိတ္တဝိန္ဒကကို သွားသတိရတယ်။ မိခင်ကြီးက သူ့သားလေးကို ချစ်လို့ဆုံးမတယ်။ “ငါ့သား ဘုရားပွင့်တဲ့ အချိန်ရောက်နေတယ်၊ တရားဓမ္မတွေ နာယူလေ့လာ၊ အလှူအတန်းနဲ့ ကောင်းမှုတွေလုပ်ပါ” ဆိုတော့ သားဖြစ်သူက လုံးဝလက်မခံဘဲ ငြင်းပယ်ပါတယ်။ အမေဖြစ်သူက သားဖြစ်သူ ကုသိုလ်ကောင်းမှုကို နားလည်ပြီး ကျင့်ကြံဖို့ နည်းလမ်းတွေ စဉ်းစားအကြံထုတ်ခဲ့သည်။ သားဖြစ်သူကိုပြောတယ်။ “ငါ့သား ဒီနေ့ဥပုသ်နေ့ဖြစ်တယ်။ ကျောင်းသွားပြီး ဥပုသ်စောင့်ခဲ့ မင်းပြန်လာလို့ရှိရင် အမေငွေ (၁၀၀၀) ပေးမယ်” သားဖြစ်သူက ငွေတစ်ထောင်လိုချင်လို့ ကျောင်းကိုသွားပါတယ်။ ကျောင်းကို ရောက်ပါတယ်။ ပဏာမအဆင့် အောင်မြင်ပါတယ်။
ကျွန်တော့်စာကြည့်တိုက်လေး ဖွံ့ဖြိုးစည်ပင်လာဖို့ သက်ဝင်လှုပ်ရှား အကျိုးများစေဖို့ အကြံထုတ် စဉ်းစားမိတာတွေ ရှိပါတယ်။ စာကြည့်တိုက်ဆိုတာ ကလေးလူငယ် လူကြီး အရွယ်သုံးပါးအတွက် ရည်ရွယ်ပြီး ဖွင့်ထားတာပါ။ ကလေးသူငယ်တွေ စာဖတ်ချင်စိတ်ရှိအောင် စာကြည့်တိုက်ကို လာရဲဝင်ရဲအောင် စည်းရုံးဖို့ ဦးစွာကြံကြည့်ပါတယ်။ စာကြည့်တိုက်မှာ ရေပူရေအေး စက်တစ်လုံးထားမယ်။ ကျောင်းသားရွယ်တွေ ကျောင်းသွားကျောင်းပြန်မှာ အမောပြေ ရေခဲရေတိုက်မယ်၊ ချိုချဉ်လို စားစရာတစ်ခုခု ကျွေးမယ်။ ပုံဆွဲစာအုပ် အရောင်ခြယ်စာအုပ်တွေနဲ့ ရောင်စုံခဲတံတွေထားမယ်။ သူတို့တွေ အမောပြေ ရေခဲရေသောက် ချိုချဉ်လေးငုံပြီး ပုံဆွဲ၊ ပုံခြယ်လုပ်ကြမယ်။ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီတွေကို အိမ်ကိုပေးလိုက်မယ်။ အိမ်ကမိဘတွေကို ပြန်ကြွားခိုင်းရမယ်။ ကြာလာရင် သူတို့လေးတွေ စာကြည့်တိုက်မှာ ပျော်လာမယ်။ စာအုပ်တွေကို မြင်မယ်၊ စာဖတ်ကြည့်ချင်စိတ်လည်း ပေါ်လာနိုင်တယ်။
လူငယ်လူကြီးတွေ အတွက်လည်း လုပ်ပေးချင်တယ်။ ရေပူရေနွေး ရှိတဲ့အတွက် ကော်ဖီသစ်အထုပ်တွေ ဖြည့်ဆည်းထားမယ်။ စာကြည့်တိုက်ထဲမှာ ကော်ဖီလေးသောက်ရင်း စာဖတ်နိုင်ဖို့ စီစဉ်ပေးမယ်။ လက်ဖက်ရည်သောက်ပြီး ဖုန်းပွတ်တဲ့ ယဉ်ကျေးမှုကို အတုယူပြီး ယှဉ်ပြိုင်ကြည့်ချင်တယ်။ ကော်ဖီသောက်ချင်လို့ပဲဖြစ်ဖြစ် စာကြည့်တိုက်ကိုလာပြီး ကော်ဖီသောက်နေတုန်းမှာ စာအုပ်တွေကို ကိုင်ကြည့်၊ လှန့်ကြည့်၊ ဖတ်ကြည့်ရင် ကျေနပ်တယ်။ ဒီနေ့တစ်ခွက်သောက်ပြီး တစ်မျက်နှာဖတ်ရင် နောက်နေ့မှာ နှစ်မျက်နှာဖတ်ချင်စိတ် ပေါ်လာနိုင်တယ်။ ကြာလာရင် စာတစ်အုပ်ဖတ်ချင်စိတ်၊ နောက်ဆုံးစာကြည့်တိုက် တစ်ခုလုံးက စာအုပ်တွေ ဖတ်ချင်စိတ်ဖြစ်ချင် ဖြစ်လာနိုင်တယ်။ အဲဒီလိုသာဆိုရင်တော့ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်စရာပဲလို့ စိတ်ကူးထဲမှ စီမံကိန်းချကြည့်နေမိပါတယ်။
အဲညပိုင်းရောက်ရင်တော့ စာကြည့်တိုက်မှာ လူပါးသွားပြီဖြစ်ပြီလို့ အငြိမ်းစားဆရာကြီးတွေ၊ ပင်စင်စားကြီးတွေ၊ လူကြီးသူမတွေ ရောက်လာကြမယ်။ ငယ်ငယ်တုန်းက သင်ခဲ့တဲ့ လက်ဖက်ရည်ကြမ်း ဝိုင်းဆိုတာကို သွားသတိရတယ်။ ရေနွေးသောက်ပြီး စာစကား၊ ပညာစကား၊ လောကကောင်းကျိုးစကား၊ ကုသိုလ်စကား သီလသမာဓိပညာ စကားတွေပြောကြ၊ ဆွေးနွေးကြ၊ ဖလှယ်ကြရင်ဖြင့် ကျွန်တော်ရဲ့ စာကြည့်တိုက်ဟာ အရွယ်သုံးပါးနဲ့ နေ့စဉ်ထိတွေ့ ဆက်ဆံလှုပ်ရှား သက်ဝင်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ညဉ့်နက်ပိုင်းရောက်လာလို့ တစ်နေ့တာအနားယူဖို့ လိုလာပြီမို့ လူကြီးသူမတွေကို နှုတ်ဆက်ခွဲခွာပြီး လာလမ်းကို ပြန်ခဲ့ပါတယ်။ အသိဉာဏ်ပညာ၊ ဒါနနဲ့ ကုသိုလ်အကျိုးတွေ အခြေတည် ဖြစ်ထွန်းရာ၊ ပွင့်လန်းဝေဆာရာ ဤနေရာကို ဤဝန်းကျင်လေးကို တစ်ညတာ နှုတ်ဆက်ခွဲခွာရမှာတောင် စိတ်ထဲမှာလွမ်းသလို နှမြောသလိုဖြစ်နေတဲ့ စိတ်တွင်းခံစားမှုကိုတော့ ကိုယ်တိုင်ကြုံမှ သိနိုင်မယ်ထင်ပါတယ်။ ကြုံလည်း ကြုံစေချင်ပါတယ်။ ရေးဖို့ရာ မစွမ်းနိုင်မပြည့်စုံနိုင်လို့ပါ။ ဒီကမ္ဘာဒီလောကမှာ ဒီလိုနေရာမျိုးတွေများစွာ ဖြစ်ထွန်း ပေါ်ပေါက်စေချင်တဲ့ စေတနာတွေပွားရင်းနဲ့ပဲ လာလမ်းကို ဆက်လျှောက်ခဲ့ပါတယ်။










