လမ်း

လမ်း
Published 16 December 2016
လင်းသက်ခိုင်

လမ်းဟူသည်ကား တစ်နေရာမှ တစ်နေရာသို့သွားရန် ခရီးကြောင်းဟုလည်း ဆိုလျှင်ရသည်။ လျှောက်ရမည့် လမ်းဖြစ်သည်။ ဆက်ရဦးမည့် ခရီးအကွာအဝေးဖြစ်သည်။ လမ်းကား အမည်နာမအားဖြင့် များလှပေသည်။ အောင်မြင်ခြင်းသို့ ရှေးရှုသောလမ်း၊ ကျဆုံးခြင်းသို့ ဦးတည်သောလမ်း၊ ကောင်းသောလမ်း၊ ဆိုးသွမ်းသောလမ်း၊ ခက်ခဲသောလမ်း၊ လွယ်ကူသောလမ်း၊ ကြမ်းတမ်းသောလမ်း၊ ချောမွေ့သောလမ်းများအဖြစ် လမ်းပေါင်းများစွာ ရှိလေသည်။
ဘဝတွင် လူတို့လျှောက်နေကြသည့် လမ်းများစွာရှိသော်လည်း အမှန်တကယ် လျှောက်ရမည့်လမ်းအား လောကီနယ်ပယ်မှာ လျှောက်သောလမ်းနှင့် လောကုတ္တရာ နယ်ပယ်မှ လျှောက်ရမည့် လမ်းဟူ၍ အဓိကလမ်းနှစ်သွယ် ရှိပါသည်။ နိဗ္ဗာန်သို့သွားရန် လမ်းရှိသည်။ ငရဲသို့သွားရန် လမ်းရှိသည်။ ကောင်းသောအရပ်သို့ သင်သွားမည်လား၊ ဆိုးသွမ်းသောအရပ်သို့ သင်သွားမည်လား။ သင်မည်သည့်လမ်းကို သွားနေပါသလဲ။ မည်သူမည်သို့ ပြောနိုင်မည်လဲ။ သေချာသည်က နေ့စဉ်ပြုလုပ်နေသော ပစ္စုပ္ပန်ကံ၏ အကြောင်းတရားများက ထိုထိုလမ်းများဆီသို့ သင့်အားပို့ဆောင် ပေးပေလိမ့်မည်။
မြန်မာအဘိဓာန်တွင် လမ်းကို ၁။ သွားရာခရီးလမ်းကြောင်း၊ ၂။ လိုက်နာကျင့်သုံးရန်နည်းနာ၊ ၃။ အခွင့်အလမ်းဟူ၍ ဖွင့်ဆိုထားပါသည်။ လူတိုင်းတွင်သွားရမည့် ခရီးလမ်းကြောင်းကိုယ်စီရှိသည်။ ကံ - ကံ၏ အကြောင်းအကျိုးနှင့် လျော်ညီစွာ ကိုယ်ယုံကြည်ရာ အရပ်တစ်ခု၊ ကိုယ်မျှော်လင့်ရာ အရပ်တစ်ခုသို့ နိစ္စဓူ၀ ခရီးနှင်နေကြသူချည်းသာ ဖြစ်သည်။
ဘဝတွင် ရည်မှန်းချက်ကိုယ်စီဖြင့် လျှောက်လှမ်းနေကြသည် ဆိုသော်လည်း လျှောက်လှမ်းပုံချင်းကား တူညီကြမည်မဟုတ်၊ ထို့အတူ ကံအကြောင်းတရားတို့ကလည်း တူညီမည်မဟုတ်။ တစ်ဦးနှင့်တစ်ဦး ပစ္စုပ္ပန်ကံသတ္တိ၊ စေတနာအား မတူညီကြသောကြောင့် အဖြေလည်း မတူကြပါချေ။
လမ်းကတော့နေ့စဉ် လျှောက်နေရ၏ သို့သော် ခရီးမရောက်သူများ ခရီးပေါက်သူများစွာ ရှိကြသည်။ လမ်းမရှိ၍ မဟုတ်လမ်းကားရှိ၏ သို့ပေမဲ့ ခရီးကမတွင်၊ ခရီးဝေးမရောက်၊ လမ်းလျှောက်ရင်း လမ်းပျောက်နေသူများစွာလည်း ရှိကြလေသည်။
မျက်မှောက်ဘဝတွင် လမ်းပေါင်းများစွာ ရှိလေသည်။ ထို့အတူ အကွေ့အကောက်၊ အဖြောင့်အတန်း၊ အနိမ့်အမြင့်များစွာရှိသည်။ အချို့က ဝင်္ကပါကဲ့သို့လည်း ကောက်ကွေ့၏။ အချို့ကကြမ်း၏။ အချို့က လွယ်ကူချောမွေ့၏။
လမ်းကောင်းတစ်ခုပေါ်တွင် လမ်းမှန်လျှောက်ဖို့အတွက် ဘာတွေလိုအပ်မည်နည်းဟု ကျွန်တော်စဉ်းစားမိသည်။ လမ်း၏ အဓိပ္ပာယ်မှာကိုက သွားရောက်ရန် ခရီးကြောင်းတစ်ခုတည်းကိုသာ လမ်းဟုခေါ်သည်မဟုတ်။ လိုက်နာကျင့်သုံးရန် နည်းနာဆိုသည်ကလည်း လမ်းပင်ဖြစ်သည်ဟု ဆိုလေသည်။
လမ်းကောင်းကို ဖြောင့်ဖြောင့်လျှောက်တတ်ဖို့ လိုက်နာဖွယ်စနစ်ရှိဖို့ လိုသည်။ တစ်နည်းဆိုသော် နည်းရှိရမည် ဟုဆိုသည်။ နည်းရှိမှ လမ်းကိုသိမည်။ ဘဝလမ်းကို ကောင်းစွာလျှောက်နိုင်ဖို့ နည်းလမ်းလိုပါသည်။
သံသရာခရီးကား ရှည်လှသည်။ ဘယ်နေရာတွင် ဆုံးမည်ကို မည်သူမျှမသိနိုင်ကြ။ နေထွက်ချိန်ကစ၍ နေဝင်ချိန်အထိ လမ်းလျှောက်နေကြရသည်။ လမ်းပေါင်းများစွာကို မရပ်မနား တစ်သွားတည်း သွားနေကြရသည်။
ထိုသည်ကိုရည်၍ ဆရာကြီး ဦးသု၏ ‘ဘဝသံသရာ’သီချင်းတွင်ပင် သံသရာခရီး၏ ဘဝအဓိပ္ပာယ် စာသားပါလေသည်။
“ဘဝသံသရာ...ရှည်လျားထွေပြား.. မနေမနား တစ်သွားတည်းသွားရတာ... ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ...မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ... အဲဒါ...အဲဒါ ဘဝသံသရာ’ဟုဆိုခဲ့သည်။ လျှောက်နေရသည်။ သွားနေရသည်။ နားခွင့်မရ၊ နေ့တိုင်းသွားရသည်။ လာရသည်။ ဘယ်ကလာ၍ ဘယ်ကိုသွားရမည်ကိုလည်း အတိအကျ မသိကြချေ။ တစ်နေရာမှ တစ်နေရာသို့ သွားနေရသည်တော့ သေချာသည်။ သို့သော် ကိုယ်လျှောက်သည့်လမ်းက လမ်းကျကျ လျှောက်နေတာလား၊ လမ်းမကျဘဲ လျှောက်နေသလား ဆိုသည်ကိုတော့ ဝေခွဲနိုင်ဖို့ လိုမည်ဟုထင်သည်။
လမ်းလျှောက်နေသည်က မှန်၏။ သို့သော် နည်းလမ်းမှန်ဖို့လိုသည်။ ကိုယ်လျှောက်နေသည့် လမ်းကြောင်းကို ကိုယ်သိဖို့လိုမည်။ လမ်းကြောင်းကို မြန်မာအဘိဓာန်က သွားရာလမ်းဟု ဖွင့်ဆိုသော်လည်း နောက်အဓိပ္ပာယ် တစ်ခုတွင် ဖြစ်မြောက်ရန် အခွင့်အလမ်း၊ နည်းလမ်းဟု ဆိုထားပြန်လေရာ လမ်းကောင်းတစ်ခုပေါ်တွင် ကောင်းမွန်စွာလျှောက်နိုင်ရန်၊ ဖြစ်မြောက်ရန် အခွင့်အလမ်းလိုသည်။ နည်းလမ်းတကျ လျှောက်တတ်ဖို့လိုသည်ဟု ဆိုပြန်ပါ၏။
ကောင်းမွန်သော လမ်းကြောင်းတစ်ခုပေါ်တွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်ဖို့အတွက်ကား လမ်းစကို ဖော်ပေးနိုင်မည့်သူလည်း လိုပါသည်။ မိမိလျှောက်နေသောလမ်း မမှန်ကန်လျှင် တားမြစ်ဆုံးမ၍ လမ်းကောင်းကို ရွေးချယ်လျှောက်တတ်စေရန် လမ်းမှန်ကို ညွှန်ပြပေးမည့်သူလည်း လိုပါသည်။ လမ်းကောင်းကိုသွားဖို့ အဆွေခင်ပွန်းကောင်း လိုပါသည်။
ထိုသို့မဟုတ်ဘဲ လမ်းကောင်းလမ်းဖြောင့်ကိုလည်း မရွေးချယ်။ လမ်းဆိုး၊ လမ်းဟောင်း၊ လမ်းမှားအတိုင်းသာ လျှောက်နေဦးမည်ဆိုလျှင်တော့ လမ်းမမှန်သဖြင့် လမ်းဆုံးသို့လည်း လွယ်လွယ်နှင့် မရောက်နိုင်၊ လမ်းခုလတ်မှာတင် လမ်းလွဲတတ်ပါသည်။ လမ်းပျောက်တတ်ပါသည်။ လမ်းမှားကို ရောက်တတ်ပါသည်။
အလျင်လို လမ်းအိုလိုက်ဟူသော စကားရပ်ကား ရှိခဲ့သည်။ အလျင်လိုမိ၍ ဖြတ်လမ်းက လိုက်မိလျှင်လည်း လမ်းမှားထဲ ကွေ့ကောက်၍ လမ်းမှောက်တတ်သည့် သာဓကများစွာ ရှိသည်ကိုလည်း မမေ့အပ်ဖို့လိုပါသည်။
လောကလမ်းဝယ် လျှောက်လှမ်းနေသူ ခရီးသည် ကျွန်တော်တို့အဖို့ လမ်းကောင်းတစ်ခုပေါ်တွင် လမ်းမှန်လျှောက်နိုင်ဖို့ ကံ၊ စိတ်၊ သတ္တိ၊ ခွန်အားများစွာ လိုပါသည်။ ခရီးတစ်ခုကို သွားနေကြသည် ဆိုသော်လည်း လမ်းခရီးအပေါ် ယုံကြည်ချက် စိတ်ဓာတ်ခွန်အားများ မတူညီလျှင်လည်း ခရီးဆုံးပန်းတိုင်ကို လွယ်ကူစွာလျှောက်၍ ရမည်မဟုတ်ပေ။
ရောက်လိုဇောနှင့် နည်းမျိုးစုံသုံးကာ ပန်းတိုင်ကို ပြေးဝင်သော်လည်း ထိုသူကား ပန်းတိုင်သို့မရောက်၊ မှားယွင်းသော လမ်းဆုံးသို့သာ ရောက်ရချေသည်။
ရိုးသား၊ ရဲရင့်၊ မြင့်မြတ်၊ မှန်ကန်သော သူတို့၏ လျှောက်သောလမ်းကား ယုံကြည်ချက် သစ္စာခိုင်မြဲစွာဖြင့် တစ်လှမ်းချင်းလှမ်း၍၊ တရွေ့ရွေ့နှင့် တက်ခဲ့လေသောကြောင့် လမ်းမပျောက်၊ လမ်းမမှောက်ဘဲ အဆုံးတစ်နေ့တွင် ကောင်းသောလမ်း၏ ပန်းတိုင်ရှိရာကို ဧကန်မုချ ရောက်နိုင်ပေလိမ့်မည်ဟု ကျွန်တော် တွေးမိပါတော့သည်။

Most Read

Most Recent