မကြာခင်မှာ ဆောက်လုပ်ရေးဝန်ကြီးက ဆောက်လုပ်ထားတဲ့ တန်ဖိုးနည်းအိမ်ခန်းတွေ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ တန်ဖိုးနည်း အိမ်ခန်းတန်ဖိုးတွေက အနိမ့်ဆုံး ကျပ် ၉၇ သိန်းကနေ အမြင့်ဆုံး ကျပ် ၁၃၄ သိန်းကြား ဈေးနှုန်းတွေနဲ့ ရောင်းချမယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ရက် ၁၀၀ စီမံချက် လုပ်ငန်းအစီအစဉ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်တိုက်ခန်းတွေကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် (CHD) မှာ တိုက်ခန်းတန်ဖိုးရဲ့ ရာခိုင်နှုန်း ၃၀ အထိ ငွေစုဆောင်းထားရှိပြီး ဘဏ်ချေးငွေရယူနိုင်ဖို့အတွက် လစဉ်ပေးဆပ်နိုင်စွမ်းရှိသည့် ပုံမှန်ဝင်ငွေရှိသူများကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
လူဦးရေ ငါးသန်းကျော်ရှိနေတဲ့ ရန်ကုန်မြို့မှာ နေရေးနဲ့ အိမ်ရာဝယ်ယူနိုင်ရေးဟာ အရေးတကြီးဖြေရှင်းဖို့ လိုအပ်နေတဲ့ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။ အိမ်ဝယ်ချင်တယ်ဆိုရင်တောင် ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ မြင့်နေတဲ့ တိုက်ခန်းတွေကြား ဝယ်ဖို့စိတ်ကူးသာရှိကြပြီး အများစုက မဝယ်နိုင်ကြသေးပါဘူး။ ဒါကြောင့်လည်း အငှားဈေးကွက်က တွင်ကျယ်နေဆဲ တွင်ကျယ်နေမြဲပါပဲ။
ဒါ့အပြင် ရန်ကုန်မြို့မှာ အစိုးရမြေ၊ ပုဂ္ဂလိကမြေတို့ပေါ်မှာ ကျူးကျော်နေတဲ့ နေရေးအခက်အခဲရှိတဲ့ ပြည်သူအရေအတွက်ဟာ အကြမ်းဖျင်းလေးသိန်းနဲ့ ခြောက်သိန်းကြား ရှိနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက သိရပါတယ်။
ရန်ကုန်မြို့မှာ ပုဂ္ဂလိကကဏ္ဍ ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ကလည်း အိမ်ရာ တိုက်ခန်းတွေတည်ဆောက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချလာကြတာလည်း တွေ့ရပါတယ်။ ဘယ်လိုပင် အရစ်ကျစနစ်ဆိုစေဦးတော့ မြို့သူမြို့သားတွေဟာ အိမ်ရာဝယ်ယူနိုင်ဖို့က အလှမ်းဝေးနေဆဲ။ ဘာကြောင့်များလဲ။ ဒါကိုဖြေရှင်းဖို့ ဘာတွေလုပ်ပေးသင့်သလဲ။
အစိုးရသစ်လက်ထက်မှာ ဝင်ငွေနည်း ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ ထောက်ပံ့ပေးနိုင်အောင် ဆောင်ရွက်လျက် ရှိနေပါတယ်။ နှစ်နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ ၈၀၀၀ ထုတ်လုပ်ပြီး တန်ဖိုး ကျပ်သိန်း ၁၀၀ အောက်နဲ့ နေရေးအခက်အခဲရှိတဲ့ ဝင်ငွေနည်းပြည်သူများအတွက် ဖြည့်ဆည်းပေးသွားမယ်လို့ သိရပါတယ်။
ပြည်သူတွေ တစ်လုံးတစ်ခဲတည်း ဝယ်ယူနိုင်စွမ်းမရှိတဲ့အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်အရစ်ကျဖြင့် အိမ်ရာချေးငွေများ ထောက်ပံ့ပြီး ပြည်သူများအိမ်ပိုင်ယာပိုင်ဖြင့် အနာဂတ်လုံခြုံ စိတ်ချစေရန် စီစဉ်ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိပါတယ်။ ဒါပေမဲ့ မြေအရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်၊ နိုင်ငံတော်ရဲ့ ဓနအင်အားနဲ့ အခြားအကန့်အသတ်တွေကြောင့် ပြည်သူတွေအတွက် သင့်တော်ကောင်းမွန်တဲ့ အိမ်ရာတွေ အလုံအလောက် ဖြည့်ဆည်းပေးဖို့ရာ အခက်အခဲရှိပါတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တန်ဖိုးမြင့်အိမ်ရာ ဈေးကွက်လိုအပ်ချက်ကို ပုဂ္ဂလိကက ဖြည့်ဆည်းနိုင်သော်လည်း တန်ဖိုးအလယ်အလတ်နဲ့ တန်ဖိုးနည်း အိမ်ရာဈေးကွက်ကို ဖော်ဆောင်တဲ့နေရာမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိသေးပါဘူး။
ရန်ကုန်မြို့ရဲ့ အိမ်ရာလိုအပ်ချက်အတွက် ပုဂ္ဂလိကကဏ္ဍမှ တန်ဖိုးမြင့်အိမ်ရာတွေ၊ နိုင်ငံတော်အစိုးရက ဝင်ငွေနည်း ပြည်သူတွေနဲ့ မြို့ပြဆင်းရဲနွမ်းပါးသူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ စီမံပေးနေတဲ့အချိန်မှာ ဝင်ငွေအလယ်အလတ်ရှိတဲ့ ပြည်သူတွေအတွက် အိမ်ရာဈေးကွက်မှာ ကွက်လပ်တစ်ခု ဖြစ်နေပါတယ်။
မကြာခင်ရောင်းချတော့မယ့် တန်ဖိုးနည်း တိုက်ခန်းတွေကလည်း လူထုလိုအပ်ချက်ရဲ့ ပမာဏအနည်းငယ်ကိုသာ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး အိမ်ရာလိုအပ်ချက်က ကြီးမားနေဆဲဖြစ်ပါတယ်။ သို့သော်လည်း CHD နဲ့ ချိတ်ဆက်ကာ နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နဲ့ အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့် ရရှိလာတဲ့စနစ် ပေါ်ပေါက်လာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒီစနစ် အောင်မြင်လာတယ်ဆိုတာနဲ့ လူတိုင်းအိမ်ပိုင်ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ ပိုနီးစပ်လာပါတယ်။
ဝင်ငွေနည်း ပြည်သူတွေအတွက် နှစ်ရှည်အိမ်ရာချေးငွေစနစ်နဲ့ ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိ တန်ဖိုးနည်း အိမ်ရာများဝယ်ယူခွင့် ရသူတွေအတွက် အိမ်ခန်းတန်ဖိုးချေးငွေ ပြန်ဆပ်ရမယ့်ကာလကို အရင်ကရှစ်နှစ် အထိသာပေးထားပေမယ့် အခုတော့ ၁၀ နှစ် အထိ တိုးမြှင့်ပေးထားပါတယ်။
ဒါပေမဲ့ တန်ဖိုးသင့်၊ တန်ဖိုးနည်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူတွေဟာ ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရဘဲ ငါးနှစ်ပြည့်ပြီး ရောင်းချလိုပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေဦးစီးဌာနက သတ်မှတ်တဲ့ ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချရမှာ ဖြစ်ပါတယ်။ တန်ဖိုးနည်း တိုက်ခန်းတွေကို အမှန်တကယ်အိမ်ခန်းမရှိတဲ့ သူတွေကို ရောင်းချမှာဖြစ်တဲ့အတွက် ဝယ်ယူရန် လျှောက်ထားသူဟာ အသက် ၂၅ နှစ်ပြည့်ပြီးသူ အိမ်ပိုင်မရှိသူတွေကိုသာ ရောင်းချမှာဖြစ်ပါတယ်။ အိမ်ပိုင်ရှိသူ တိုက်ခန်းရရှိပြီးသူတွေကို စိစစ်တွေ့ရှိပါက ဝယ်ယူခွင့်ပယ်ဖျက်ပြီး ပေးသွင်းထားတဲ့ တိုက်ခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ခုနှိမ်မှာဖြစ်ပြီး ဝယ်ထားတဲ့တိုက်ခန်းကို ပြန်လည်သိမ်းယူမှာ ဖြစ်ပါတယ်။
တန်ဖိုးနည်းတိုက်ခန်းများကို ဝင်ငွေနည်းပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ပင်စင်စားများအား ဦးစားပေးစနစ်နဲ့ ရောင်းချမယ်လို့သိရပါတယ်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ငွေချေးခြင်း၊ ငွေကြေးထုတ်ပေးခြင်း ဆောင်ရွက်နိုင်ပြီး အိမ်ရာအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ ဘဏ်ဖြစ်တဲ့အတွက် CHD မှာ ဘဏ်စာရင်းတစ်ခုဖွင့်ပြီး ငွေစုတဲ့စနစ် စတင်ဆောင်ရွက်ထားသင့်ပါတယ်။
ဒီဘဏ်မှာ ပိုက်ဆံမစုထားရင်လည်း တခြားဘဏ်မှာ စုထားနိုင်ပါတယ်။ လူတိုင်း အိမ်လိုချင်ရင် ပိုက်ဆံစုဖို့တော့ လိုပါလိမ့်မယ်။ လစာ၊ မိသားစုဝင်ငွေဟာ အကြောင်း အမျိုးမျိုးကြောင့် အထွေထွေအသုံးစရိတ်နဲ့တောင် မလုံလောက်ဘူးဆိုရင်တောင် တစ်လကို အနည်းဆုံးတစ်သောင်းတော့ စုနိုင်ကြမှာပါ။ CHD ဘဏ်ကတော့ တစ်သောင်းနဲ့ အကောင့်တစ်ခုဖွင့်ပြီး စတင်စုဆောင်းနိုင်လို့ ဆိုပါတယ်။
ရန်ကုန်မြို့သူမြို့သားတွေက ပိုက်ဆံတွေစုပြီး အိမ်ငှားဘဝကို အပြီးတိုင်စွန့်လွှတ်နိုင်ဖို့ အိမ်ပိုင်ဖြစ်ဖို့ မျှော်လင့်ချက်ကြီးမားနေပေမယ့် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ကတော့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရဘက်မှာလည်း ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ တန်ဖိုးနည်း တိုက်ခန်းတွေ တည်ဆောက်ဖို့ မြေလိုအပ်ချက်က စိန်ခေါ်မှုတစ်ခု ဖြစ်နေပြန်ပါတယ်။ မြေတွေ ဘယ်သူ့လက်ထဲမှာ၊ ဘယ်သူတွေက မြေတွေပိုင်ဆိုင်ထားပြီး ထိန်းသိမ်းထားသလဲဆိုတာ့ စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်ဖို့ လုပ်ဆောင်သင့်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ လူတိုင်း အိမ်ဝယ်ချင်လိုချင်ကြပါတယ်။ အိုးပိုင်အိမ်ပိုင်နဲ့ နေချင်ကြပါတယ်။ ခေတ်စနစ်အရ မြေဈေးတွေ တိုက်ခန်းဈေးနှုန်းတွေက ဝင်ငွေနည်းတဲ့ပြည်သူတွေ အနားမကပ်နိုင်တဲ့ ဈေးတွေဖြစ်နေပါတယ်။
ရန်ကုန်မြို့မှာ ခြံနဲ့ဝန်းနဲ့နေနိုင်ဖို့က မလွယ်ကူတော့ပါဘူး။ အဲဒီအတွက် တိုက်ခန်းတွေဝယ်ဖို့ အားယူကြရပါတယ်။ မြန်မာနိုင်ငံမှာ ငွေတန်ဖိုးတွေကျဆင်းပြီး ကုန်ဈေးနှုန်းက တရိပ်ရိပ်တက်နေတယ်။ ရတဲ့ဝင်ငွေနဲ့ စုဆောင်းထားသမျှက အိမ်ပိုင်ဖို့ မျှော်လင့်ချက် နီးကပ်လာပြီထင်တဲ့အချိန်မှာ ကုန်ဈေးနှုန်းတွေနဲ့ အခြားလူနေမှုစရိတ်တွေ ထောင်းလာနေတဲ့အတွက် စုဆောင်းငွေထဲကပဲ သုံးလိုက်ရပြန်တယ်။ ဆိုတော့ကာ အငဲသီချင်းထဲ ကလို “လိုက်လေဝေးလေ ပြေးနေဆဲ တို့အိပ်မက်တွေ ဝိုးတဝါးရယ် .. တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်...။










