မြောင်းမြ၊ မအူပင်နှင့် ရွှေပြည်သာတို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ပါတီတာဝန်အသီးသီး ရုပ်သိမ်းကြောင်း NLD ထုတ်ပြန်

မြောင်းမြ၊ မအူပင်နှင့် ရွှေပြည်သာတို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ပါတီတာဝန်အသီးသီး ရုပ်သိမ်းကြောင်း NLD ထုတ်ပြန်
Published 27 November 2016
ငြိမ်းဇော်လင်း၊ မင်းသူဝင်းထွဋ်၊ စိုးမင်းထိုက်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သုံးဦးအား ပါတီတာဝန်အသီးသီး ရုပ်သိမ်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ထိုသို့ ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်းနှင့် ပါတီတာဝန် အသီးသီးမှ ရုပ်သိမ်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှာ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊  မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးသူ၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်းတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသုံးဦးကို ထုတ်ပယ်ရသည့် အကြောင်းရင်းကို ပြောကြား၍ မရသေးကြောင်းနှင့် လိုအပ်ပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
“ပါတီတာဝန်တွေကို ရုပ်သိမ်းလိုက်တာပါ။ ဥပမာအားဖြင့်ဗျာ တစ်ယောက်က မြို့နယ်ဥက္ကဋ္ဌဖြစ်နေရင် အဲဒီဥက္ကဋ္ဌရာထူးကို ရုပ်သိမ်းလိုက်တာပါ။ အဲဒါမျိုးပါ။ အဲဒီပြစ်ချက်ကတော့ ကျွန်တော်ပြောလို့ မရသေးပါဘူး။ သူတို့က လိုအပ်ရင် (စုံစမ်းစစ်ဆေးမှု) လုပ်မှာမို့လို့ပါ”ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က “မအူပင်က ဦးစိန်ဝင်း၊ မြောင်းမြက ဒေါက်တာစိုးမိုးသူ၊ ရွှေပြည်သာက ဦးဉာဏ်လင်းတို့က သူတို့ကိစ္စတွေက တစ်ခုချင်းစီပေါ့လေ။ တူတော့ မတူဘူးပေါ့။ ဦးစိန်ဝင်းကတော့ ကိုယ့်ပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့။ ဒါက ပါတီဝင်ချင်း မလုပ်ရဘူး။ မလုပ်သင့်တဲ့ အလုပ်ကို လုပ်တယ်ဆိုပြီးတော့ အရေးယူတာ။ ဒေါက်တာစိုးမိုးသူကတော့ သူက သူ့ကိစ္စကတော့ ရှင်းသွားပြီ။ သူ့ကောင်မလေးနဲ့ကိစ္စကလည်း ရှင်းသွားပြီ။ တရားဝင် ကွာရှင်းပြီးသွားပြီ။ ကွာရှင်းတာ ဒါတွေက အဲဒီလိုဖြစ်သွားတော့ ဘာမှတော့လုပ်လို့ မရဘူး။ လူမှုရေးကိစ္စကို။ ဒါပေမဲ့ ပါတီရဲ့ပုံရိပ်နဲ့ သူလွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ ပုံရိပ်ကို ထိခိုက်တယ်။ အဲဒါ နောက်တစ်ခုကတော့ ရွှေပြည်သာက ဦးဉာဏ်လင်းကျတော့ အုပ်ချုပ်မှုကဏ္ဍနယ်ပယ်ကို ဥပဒေပြု ကဏ္ဍနယ်ပယ်က လူကသွားပြီး စွက်ဖက်တာပေါ့။ ကိုယ် ကိုယ်တိုင် မလုပ်သင့်တဲ့ကိစ္စကို လုပ်တဲ့အတွက်ကြောင့်မို့လို့ အရေးယူတာပေါ့။ အရေးယူတယ်ဆိုတာက ရေးထားတာ ပါတီတာဝန်က ရုပ်သိမ်းတယ်ဆိုတာက အမှန်တော့ ဗလုံးဗထွေး ရေးတာ။ ရေးရမှာက သူတို့ဟာ သာမန်ပါတီဝင်အဖြစ်သာလျှင် အသိအမှတ်ပြုတယ်လို့ ရေးရမှာ။ ဦးစိန်ဝင်းဆိုရင် လွှတ်တော်မှာ ကော်မတီဥက္ကဋ္ဌ။ ဒေါက်တာစိုးမိုးသူဆိုရင် လူငယ်ခေါင်းဆောင်။ ပါတီက အရေးယူမယ်ဆိုရင် ဦးစိန်ဝင်းကို လွှတ်တော်မှာလည်း ဒီလိုအရေးပါတဲ့နေရာမှာ တာဝန်မပေးတော့ဘူး။ ဒေါက်တာစိုးမိုးသူကိုလည်း လူငယ်ခေါင်းဆောင်အဖြစ်ကနေ ရပ်စဲမယ်။ ဦးဉာဏ်လင်းကျတော့လည်း အလားတူပဲ။ လွှတ်တော်မှာ  ဥပဒေနဲ့ ပတ်သက်တဲ့ ကော်မတီမှာ ပါတဲ့အတွက်ကြောင့် ကော်မတီဝင်အဖြစ်ကနေ ဖယ်ရှားပြီးတော့မှ သာမန်ပါတီဝင်အဖြစ်ပဲ နေစေမယ်ပေါ့။ သာမန်ပါတီဝင်အဖြစ်ပဲ သတ်မှတ်တဲ့ အရေးယူမှုပေါ့။ ဒါပေမဲ့ နောက်ထပ် ရှိသေးတယ် အများကြီး။နောက်ပိုင်းမှ မထိခလုတ် ထိခလုတ်လေးတွေ။ ပါတီစည်းကမ်းဖောက်တဲ့လူတွေ ရှိတယ်။ အဲဒါနောက်မှ ဆက်ပြီး အရေးယူမှာ။ အခုကတော့ သူတို့သုံးယောက်က နိုင်ငံကျော်ဖြစ်နေလို့ ချက်ချင်း အရေးယူလိုက်ရတာ”ဟု ပြောကြားသည်။
ပါတီတာဝန် ရုပ်သိမ်းခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦး စိန်ဝင်းသည် မအူပင်မြို့နယ် NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဒေါက်တာစိုးမိုးသူသည် NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ၊ ဗဟိုကော်မတီဝင်၊ ဗဟိုအောင်နိုင်ရေးအဖွဲ့နှင့် ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဦးဉာဏ်လင်းသည် ရွှေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူခဲ့သူများဖြစ်ကြောင်း စုံစမ်းသိရသည်။
ပါတီတာဝန် ရုပ်သိမ်းခံရမှုနှင့် ပတ်သက်၍ မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက “ပါတီဆိုတာက ဘာပဲပြောပြောလေ အနာဂတ်ရော ပစ္စုပ္ပန်ရောဆိုတာကို အကုန်လုံး ထည့်တွက်ပြီးတော့ ဒါဟာ စည်းမျဉ်းစည်းကမ်းနဲ့ ဆောင်ရွက်ထိန်းကျောင်းရတာ ဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ အန်ကယ် ဘာမှမဖြစ်ပါဘူး။ ပေးတဲ့အပြစ်ကို အန်ကယ် ခံယူပါတယ်၊ ဘာပဲပြောပြောလေ အန်ကယ်က ၂၀၁၂ ထဲက ပါလာခဲ့တဲ့သူ။ ကိုယ်စားလှယ်ဟောင်းပါ။ တစ်နည်းအားဖြင့် အန်ကယ်က Pioneer ပါနော်၊ အဲဒီတော့ NLD နဲ့ပတ်သက်လို့ အန်ကယ်ကတော့ Crazy ပါ။ အန်ကယ်တို့ NLD ကို ဝန်းရံရမယ် ထိန်းကျောင်းရမယ်၊ အားပေးရမယ် ပိုပြီးတော့ ပြည်သူလူထု ယုံကြည်အားကိုးမှု ရှိသထက် ရှိအောင်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမယ်၊ အန်ကယ်က အတွင်းမှ မဟုတ်ပါဘူး။ အပြင်ရောက်သွားလည်း မနီးမဝေးမှာ နေရလည်း အန်ကယ်က ရတဲ့နေရာမှာ ကောင်းအောင် လုပ်သွားမှာပါ။ အလုပ်ဆိုတာက ပေးမှလုပ်ရတာ မဟုတ်ပါဘူး။ မပေးလည်း အန်ကယ့် အသိစိတ်ဓာတ် ခံယူချက်က ယနေ့အချိန်ခါမှာ အန်ကယ်တို့ ဒီမိုကရေစီရဖို့အတွက်ကတော့ One way ပဲရှိတာပေါ့၊ Two way၊ Three way  တွေမရှိပါဘူး။ ဒီပါတီပဲ အန်ကယ်တို့က ပြည်သူလူထု ယုံကြည်လေးစား အားကိုးလာအောင် ဆက်၍ ဆက်၍ပေါ့။ ပါတီအတွက် အကျိုးရှိမယ့်အရာတွေ တာဝန်မပေးလည်း အန်ကယ်တို့က ထိန်းကျောင်း တည့်မတ်ပြီးတော့ အန်ကယ်တို့က အားပေးနေမှာပါ ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားသည်။
ထို့အတူ မြောင်းမြပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက “သာမန် ပါတီဝင်အဖြစ် ဆက်ရှိနေမှာပါ။ ပါတီတာဝန်တွေကိုသာ ရုပ်သိမ်းတာပါ”ဟု ပြောကြားသည်။
ထိုသို့ ပါတီတာဝန်ရုပ်သိမ်းခံရမှုနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
 

Most Read

Most Recent