ထွန်တုံးတိုက်ပွဲ ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာမှ ပုဒ်မငါးခုဖြင့် တရားစွဲခံထားရသည့် တောင်သူ ခုနစ်ဦးအား သစ်တောဌာနမှ ပုဒ်မတစ်ခုဖြင့် ထပ်မံအမှုဖွင့်

ထွန်တုံးတိုက်ပွဲ ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာမှ ပုဒ်မငါးခုဖြင့် တရားစွဲခံထားရသည့် တောင်သူ ခုနစ်ဦးအား သစ်တောဌာနမှ ပုဒ်မတစ်ခုဖြင့် ထပ်မံအမှုဖွင့်
Published 24 November 2016
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သိမ်းဆည်းခံ ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်ကာ ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဒေသခံ တောင်သူ ခုနှစ်ဦးတို့ကို နိုဝင်ဘာ ၂၃ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ထပ်မံ ရုံးထုတ်ခဲ့ပြီး သစ်တောဌာနမှလည်း ပုဒ်မတစ်ခုဖြင့် ထပ်မံ၍ အမှုဖွင့်ခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
အောက်တိုဘာ ၂၈ ရက်က ပြင်ဦးလွင်မြို့နယ် နောင်လှိုင်ကျေးရွာအုပ်စု သပြေရေကျေးရွာမှ ဒေသခံတောင်သူ ခုနစ်ဦးမှာ သစ်တောဦးစီးဌာန၏ ကော်ဖီစီမံကိန်းအတွင်း ကျူးကျော် ဝင်ရောက်၍ ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (ရာဇသတ်ကြီးဥပဒေ) ၄၄၇၊ ၄၄၀၊ ၃၂၃၊ ၃၈၆၊ ၁၁၄ စသည့် ပုဒ်မငါးခုဖြင့် ဦးကြူ ဇင်က တရားလိုပြုလုပ်ကာ ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။
“ဒီကနေ့ ရုံးချိန်းမှာ ကျွန်တော်တို့ တောင်သူတွေ အမှုတစ်ခု ထပ်တိုးသွားတယ်လို့ သိရတယ်။ သစ်တောဘက်ကနေ စွဲထားတယ်လို့ မြို့နယ်တရားရုံးကနေ သိရတယ်။ နောက်ထပ်လည်း ဖမ်းဖို့ ကျန်သေးတယ်လို့ ပြောတယ်။ ကျွန်တော်တို့ တောင်သူတွေက မြေလည်းအသိမ်းခံရ၊ ဖမ်းဆီးတရားစွဲခံရနဲ့ အများကြီး ဆုံးရှုံး နစ်နာနေပါတယ်”ဟု သပြေရေကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။
ပြင်ဦးလွင်မြို့နယ် သပြေရေကျေးရွာမှ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဒေသခံတောင်သူ ခုနစ်ဦး၏ နောက်ထပ်ရုံးချိန်းကို နိုဝင်ဘာ ၂၉ ရက်သို့ ထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။
အဆိုပါ နိုဝင်ဘာ ၂၉ ရက်တွင် ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ၌ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ဒေသခံတောင်သူ တစ်ဦးတို့ကိုလည်း ယင်း နိုဝင်ဘာ ၂၉ ရက်တွင် တစ်ချိန်တည်း ရုံးထုတ်သွားမည် ဖြစ်သည်။ ပြင်စာကျေးရွာ ထွန်တုံးတိုက်ပွဲအမှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၉ ရက် ရုံးချိန်းတွင် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးနှင့်  ဒေသခံတောင်သူ ရှစ်ဦးတို့ကို ဖမ်းဝရမ်းထုတ်ပြန်ထားမှုအား အဆိုပါရုံးချိန်းတွင် ရဲတပ်ဖွဲ့က တရားရုံးတော်သို့ ဝရမ်းအတည်ပြု တင်သွင်းသွားရမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် တရားရုံးမှ သိရသည်။                     

Most Read

Most Recent