ဖြူးမြို့ လူငယ့်အားမာန် သမဝါယမအသင်းမှ နှစ် ၂၀ ကျော် အကျိုးတူ စိုက်ပျိုးလုပ်ကိုင်လာသည့် တောင်သူ ၂၀ အား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထား

ဖြူးမြို့ လူငယ့်အားမာန် သမဝါယမအသင်းမှ နှစ် ၂၀ ကျော် အကျိုးတူ စိုက်ပျိုးလုပ်ကိုင်လာသည့် တောင်သူ ၂၀ အား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထား
Published 24 November 2016
ဇော်ဝင်းချစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် လူငယ့်အားမာန် သမဝါယမအသင်း မှ အသင်းနှင့် နှစ် ၂၀ ကျော်ကြာ အကျိုးတူလုပ်ကိုင်လာခဲ့သော သမဝါယမခြံဝင်းအတွင်းနေ တောင်သူ ၂၀ အား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက အမှုဖွင့်ထားကြောင်း သိရသည်။
“အမှုဖွင့်ရတဲ့ အကြောင်းကတော့ လူ ၂၀ လောက် ရှိမယ်။ ကျွန်တော်တို့ အဆင့်မြင့် လယ်ယာဖော်တဲ့နေရာမှာ ထိပ်တိုက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ သူတို့ကို ဖယ်ခိုင်းတာ။ ဖော်ဖို့ အစီအစဉ်ရှိလို့ တားထားပါလျက်နဲ့ သူတို့ဝင်လုပ်တော့ ကျွန်တော်တို့က အသင်းပိုင်မြေမှာဝင်လို့ အမှုဖွင့်တာပါပဲ။ အခုဒီနေ့ နံနက်ကမှ ဖွင့်တာ။ ကျွန်တော်တို့က ဒီနေရာမှာ နိုင်ငံတော်သမဝါယမဝန်ကြီးဌာန အစီအစဉ်နဲ့ အဆင့်မြင့်လယ်ယာ ၁၇၀ ဧက ပြန်ပြီး ဖော်မယ်။ ဒါတွေ မလွတ်ကင်းဘူး။ မလွတ်ကင်းတော့ အခြားနည်းလမ်းနဲ့ လုပ်ဖို့ညှိတာ ညှိလို့မရဘူး။ သူတို့က မဖယ်နိုင်ဘူး။ မဖယ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့က ဥပဒေအရ လုပ်တော့ ဒါတိုင်တာ။ ပုဒ်မလည်း ကျွန်တော်တို့ နားမလည်ဘူး။ စခန်းမှူးတင်ပြပြီးတော့ တိုင်လိုက်တာပဲ”ဟု ဖြူးမြို့ လူငယ့်အားမာန် သမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်က နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
“အရင်တုန်းကတော့ သူတို့က လူငယ့်အားမာန်အဖွဲ့သမပေါ့။ လူငယ့်အားမာန် သမအသင်းဆိုပြီးတော့ ကျွန်တော်တို့ကို သူတို့က အခွန်တွေ၊ ဘာတွေပေးပြီး မြေဆီခကို တောင်းယူတယ်။ ကျွန်တော်တို့ကလည်း မသိဘူးလေ။ မသိတော့ ပေးပေးလာတာ။ ကျွန်တော်ဆိုရင် အနှစ် ၃၀ လောက် ရှိသွားပြီ။ အခု ၂၀၁၆ ခုနှစ်ကျတော့ သစ်တောစွန့်လွှတ် ပလပ်မြေဆိုတာ ကျွန်တော်တို့ သိရတော့ အခုအခကြေးငွေကို မပေးတော့ဘူး။ အခကြေးငွေ မပေးတော့ သူတို့ဆီမှာ လက်မှတ်မထိုးဘဲနဲ့ ဒီမြေပေါ်မှာ ပဲတွေကြဲတာ၊ စပါးတာဝန်ကျေ မပေးတာ၊ ဆိုင်းဘုတ်တွေ ဖျက်ဆီးတာတို့နှင့် အားလုံးပေါင်းပြီး သူတို့က ကျွန်တော်တို့ကိုတော့ တရားစွဲမှာတဲ့။ အမှုက လေးမှု။ ကျွန်တော်တို့ အယောက်၂၀ ပေါ့။ကျွန်တော်တို့က နိုင်ငံတော်ကို တင်ထားတာ ၃၃ ဦး ရှိတယ်။အဲဒီ ၃၃ ဦးထဲမှ ကျွန်တော်တို့ ၂၀ဦးကိုပဲ ကွက်ခေါ်ပြီးတော့ အခုလို တရားစွဲတာ။ တောင်သူ ၂၀ ကိုပဲ အမှုဖွင့်ထားတယ်”ဟု အမှုဖွင့် အရေးယူခံရသည့် ဦးဖိုးပိန်က ပြောကြားသည်။
လူငယ့်အားမာန်ဝင်းနေ (စိုက်ကွင်း တာဝန်ခံ) ဦးလှဘိုး (၆၃ နှစ်) (ဘ)ဦးကျော်ခင်က ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းသို့ တိုင်စာဖြင့် အမှုဖွင့်တိုင်တန်းစာအရ သမဝါယမဝန်ကြီးဌာန လက်အောက်ရှိ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း လီမိတက်တွင် အသင်းသားများအပြင် အခြားပြင်ပမှ ပြည်သူများနှင့် လယ်ယာမြေများကို အကျိုးတူပူးပေါင်း၍ ဆောင်ရွက်ရာတွင် နှစ်စဉ် စာချုပ်စာတမ်းများဖြင့် နှစ်ဦး သဘောတူ အကျိုးတူဆောင်ရွက်ရကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီတွင် စပါးများကို သတ်မှတ်နှုန်းအတိုင်း စိုက်ပျိုးပြီးနောက် စပါးရိတ်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် အသင်းသို့ ပေးသွင်းရန် ကျန်ရှိသည့် စပါးများကို ပေးသွင်းပြီးမှသာလျှင် မိမိတို့အတွက် အသုံးပြုရန် စာချုပ်စာတမ်းဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ စပါး မရိတ်သိမ်းမီ ဆောင်းရာသီ ပဲများ ထပ်မံစိုက်ပျိုးရန်အတွက် စာချုပ်ချုပ်ဆိုရန် တောင်သူများထံ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက် တွင်တစ်ကြိမ်၊ စက်တင်ဘာ ၃၀ ရက်တွင် တစ်ကြိမ်၊ အောက်တိုဘာ ၂၈ ရက်တွင် တစ် ကြိမ် အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း၊ ထိုသို့ အကြောင်းကြားစာများ ပေးပို့ခဲ့သော်လည်း အမှုဖွင့်ခံရသည့် ဦးဖိုးပိန် (၆၀ နှစ်) (ဘ) ဦးစူပါ လူငယ့်အားမာန်ဝင်းနေသူပါ တောင်သူလယ်သမား ၂၀ ဦးမှ အသင်းရုံး နှင့် စိုက်ကွင်းတာဝန်ခံတို့၏ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ အသင်းပိုင် လယ်ယာမြေကွက်အတွင်းသို့ အတင်းအဓမ္မဝင်ရောက် ထွန်ယက်စိုက်ပျိုးကြသဖြင့် အသင်းက ဆက်လက်စီမံ ဆောင်ရွက်ရန်ဖြစ်သော စက်မှုလယ်ယာအဆင့်မြင့် မြေယာပြုပြင်မှုလုပ်ငန်းများ ရပ်ဆိုင်းသည်အထိ ပျက်စီးဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ အသင်းပိုင် လယ်မြေများအား ကျူးကျော် ဝင်ရောက်သူများဖြစ်သည့် ဦးဖိုးပိန်ပါ တောင်သူလယ်သမား ၂၀ အား အရေးယူပေးရန် လူငယ့်အားမာန်စိုက်ကွင်း တာဝန်ခံ ဦးဘိုလှက နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် တရားလိုလုပ် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သူတို့က ကျွန်တော်တို့ကို အမှုဖွင့်မှာတော့ လေးမှုတဲ့။ စာချုပ်ချုပ်ပြီးတော့ တာဝန်ကျေမပေးတာရယ်၊ နောက်တစ်ခါ ဒီအထဲမှာ နေတာရယ် အဲဒါတွေပါတယ်။ ပြီးတော့ သူတို့က ဒီမှာလာပြီး ဆိုင်းဘုတ်တွေ စိုက်တာ မကြာသေးဘူး။ အဲဒီဆိုင်းဘုတ်တွေကို ကျွန်တော်တို့ကပဲ ဖျက်ဆီးသလိုလို သူတို့က အဲဒါ တွေတရားစွဲမယ်တဲ့။ ဆိုင်းဘုတ်က သူတို့က ကျူးကျော်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကို ကျွန်တော်တို့ကိုလည်း သတင်းမပေးဘဲနဲ့ လာစိုက်တယ်။ လာစိုက်ပြီးတော့ သူတို့ဘာသာ ဖျက်ဆီးပြီးတော့ ကျွန်တော်တို့ကို ဝိုင်းပြီး စွပ်စွဲနေတာ။ ကျွန်တော်တို့ အဖွဲ့ကတော့ မလုပ်ပါဘူး။ သူတို့လက်တွေ့လည်း မမြင်ဘူး။ သူတို့အဖွဲ့ဝင်တွေနားမှာ တဲနဲ့က နီးကပ်မှုရှိတယ်။ အဲဒီဆိုင်းဘုတ် ဖျက်ဆီးသွားတဲ့နေရာက ကျွန်တော်တို့နဲ့ တစ်မိုင်လောက် ဝေးတယ်။ တဲနဲ့ လယ်ယာမြေနဲ့ပေါ့လေ”ဟု တောင်သူဦးဖိုးပိန်က ပြောကြားသည်။             

Most Read

Most Recent