မန္တလေးမြို့သို့ လုပ်ငန်းဗီဇာဖြင့် လာရောက်သော်လည်း ခွင့်ပြုချက် မရှိဘဲ လေးနှစ်ခန့်ကြာ ကျောက်စိမ်း အရောင်းအဝယ် လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိသည့် တရုတ်နိုင်ငံသားအား လဝအက် ၁၃(၁) ဖြင့် အမှုဖွင့်

မန္တလေးမြို့သို့ လုပ်ငန်းဗီဇာဖြင့် လာရောက်သော်လည်း ခွင့်ပြုချက် မရှိဘဲ လေးနှစ်ခန့်ကြာ ကျောက်စိမ်း အရောင်းအဝယ် လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိသည့် တရုတ်နိုင်ငံသားအား လဝအက် ၁၃(၁) ဖြင့် အမှုဖွင့်
Published 22 November 2016
ယဉ်မျိုးသွယ်

မန္တလေးမြို့သို့ လုပ်ငန်းဗီဇာဖြင့် လာရောက်သော်လည်း ခွင့်ပြုချက် မရှိဘဲ လေးနှစ်ခန့်ကြာ ကျောက်စိမ်းရောင်းဝယ် လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိသည့် တရုတ်နိုင်ငံသား တစ်ဦးကို လဝအက် ၁၃ (၁) ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းရရှိသည်။
မန္တလေးမြို့တွင် နေထိုင်ခွင့်သက်တမ်း ကုန်လွန်နေသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနှင့် အရေးယူရန် ဟိုတယ်၌ ခံဝန်ဖြင့် ထားရှိစဉ် ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ လွတ်မြောက်မှုနှင့် ပတ်သက်၍ အားပေးကူညီသူ တရုတ်နိုင်ငံသား တစ်ဦးဖြစ်သူ Mr Tan Man Hua အား အရေးယူရန် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာ တရုတ်နိုင်ငံသား တစ်ဦးဖြစ်သူ Mr Tan Man Hua သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့ရာ ၈-၅-၂၀၁၂ ခုနှစ်မှ ၂၆-၆-၂၀၂၂ ခုနှစ်အထိ တရုတ်နိုင်ငံကူးလက်မှတ် ရရှိခဲ့ပြီး မြန်မာနိုင်ငံ မန္တလေးမြို့သို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ကြောင်း၊ လုပ်ငန်းဗီဇာဖြင့် လာရောက်သော်လည်း လုပ်ငန်း ကုမ္ပဏီ တစ်ခုခုဖြင့် ချိတ်ဆက်ဝင်ရောက်မှု မရှိခြင်း၊ လုပ်ငန်းဗီဇာ အကြောင်းပြ၍ ကျောက်စိမ်းရောင်းဝယ်လုပ်ငန်း လုပ်ကိုင်ခြင်း၊ လုပ်ငန်းဗီဇာဖြင့် စီးပွားရေး လာရောက် လုပ်ကိုင်ခြင်းသည် မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာ အကြောင်းပြု လုပ်ကိုင်ခြင်း၊ တရားဝင် ကုမ္ပဏီ ထူထောင်ခြင်း မရှိဘဲ တရားမဝင် လုပ်ကိုင်ခြင်းသာဖြစ်ခြင်း၊ ထို့ပြင် ယင်းတရုတ်နိုင်ငံသားသည် နှစ်ရှည်လများ နေထိုင်၍ လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ ရောက်ရှိ သတင်းပို့ခြင်း ပုံစံဖြင့် သတင်းပို့ခြင်း မရှိသည့်အပြင် တရားဝင်နေထိုင်ခွင့် Location Permit လျှောက်ထားခြင်း မရှိဘဲ တည်းခိုခန်းတွင် နှစ်လရှည်ကြာစွာ နေထိုင်ခဲ့သည်ကို စိစစ်တွေ့ရှိရသဖြင့် ဗီဇာစည်းကမ်းများကို ဖောက်ဖျက်ကြောင်း၊ ထို့ကြောင့် လဝအက်ဥပဒေပုဒ်မ ၄(၂)/၁၃(၁) ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်ဟု သိရသည်။
ထွက်ပြေးသွားသည့် တရုတ်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးနှင့် Mr Tan Man Hua သည် အရင်းနှီးဆုံးလူ ဖြစ်ခြင်း၊ ၎င်းတို့ပိုင် ပစ္စည်းများ ပြန်လည်သယ်ဆောင်ရာတွင် တာဝန်ရှိသူများထံ သတင်းပေးပို့ခြင်း မရှိဘဲ ပျက်ကွက်ခဲ့ခြင်း၊ တရုတ်နိုင်ငံသားနှစ်ဦး ထွက်ပြေးတိမ်းရှောင်ရန် အားပေးကူညီခဲ့ခြင်း ဖြစ်သည်။
“မန္တလေးမှာ ကျောက်စိမ်းအရောင်းအဝယ် လုပ်တဲ့ တရုတ်နိုင်ငံသားတွေ အများကြီးပဲ။ ခုလိုသာ အရေးယူမယ်ဆို ဖမ်းတောင် မနိုင်ပါဘူး။ ကျွန်တော်တို့တွေ တရုတ်နိုင်ငံဘက် ကျောက်အရောင်းအဝယ်နဲ့ သွားမယ်ဆိုရင် ဗီဇာသက်တမ်း ခုနစ်ရက်ပြည့်တိုင်း အထွက်ပြ ပြန်ပြန်တိုးနေရတာ။ အိမ်ငှားနေဖို့ မပြောနဲ့ အပြင်တောင် ညဘက် မထွက်ရဲဘူး။ အခု ကျွန်တော်တို့ မန္တလေးမှာတော့ အိမ်တောင် ငှားနေနေကြတာပါ။ စိတ်ကြိုက် နေနေကြတာ အများကြီးပါပဲ။ တာဝန်ရှိသူတွေ စိစစ်ကြပ်မတ်ဖို့ လိုပါတယ်” ဟု ကျော်ဇောဟိန်း ကျောက်မျက်ရောင်းဝယ်ရေးမှ ကိုကျော်ဇော်အောင်က ပြောကြားသည်။

Most Read

Most Recent