စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက် အထိ ပြုလုပ်ကျင်းပမည့် ရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲတွင် နှစ်ပေါင်းတစ်ရာခန့် သက်တမ်းရှိသော ရှေးဟောင်း လောင်းလှေဖြင့် လှေပြိုင်ပွဲ ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ဒီလောင်းလှေက နှစ်ပေါင်း ၁၀၀ ကျော်လောက် သက်တမ်းရှိနေပါပြီ။ တခြား လောင်းလှေတွေလည်း ရှိပေမယ့် အရမ်းကြာပြီဆိုတော့ ဆွေးကုန်ပြီ။ ဒီတစ်စင်းပဲ ပိုင်ရှင်က သေချာထိန်းသိမ်းထားလို့ နည်းနည်းကောင်းတာ။ ဒါကို ဆေးပြန်သုတ် အပေါက်တွေ ပြန်ဖာရဦးမယ်။ လှေပြိုင်ပွဲလုပ်ဖို့က တစ်စင်းပဲရှိတော့ တစ်ဖွဲ့ပြီးမှ တစ်ဖွဲ့ပြိုင်ရမယ်။ ဒီဘက်ခေတ်မှာက လောင်းလှေဆိုတာလည်း မရှိတော့သလို လှော်တတ်တဲ့လူလည်း ရှားသွားပြီ။ ဒါကြောင့် ပြိုင်ပွဲဝင်မယ့် ကလေးတွေကိုလည်း လှော်ပုံလှော်နည်း သင်ပေးရဦးမယ်။ လောင်းလှေလှော်တာက တခြားလှေတွေ လှော်တာနဲ့ မတူဘူး။ ရှမ်းနီလူမျိုးတွေဟာ ဟိုးရှေးတုန်းက ပွဲလမ်းတွေ၊ ဘုန်းကြီး ပူဇော်ပွဲတွေဆိုရင် လှောင်းလှေတွေနဲ့ အဖွဲ့လိုက်၊ ရွာအလိုက်သွားကြတယ်။ လောင်းလှေဆိုတာ ရှမ်းနီလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်လို့ ဒါတွေမပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ အခုလို လောင်းလှေနဲ့ လှေပြိုင်ပွဲလုပ်ရခြင်း ဖြစ်ပါတယ်။ နောင်နှစ်တွေမှာတော့ အခုထက်ပိုပြီး လောင်းလှေများများနဲ့ လှေပြိုင်ပွဲ ပြုလုပ်နိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ရှမ်းနီရိုးရာ ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြိုင်ပွဲတွင် အသုံးပြုမည့် ရှေးဟောင်း လောင်းလှေသည် အရှည်ပေ ၅၀ ခန့်ရှိပြီး အကျယ် ၄၆ လက်မရှိကြောင်း သိရသည်။ လောင်းလှေပြုလုပ်ပုံနှင့် လှော်ခတ်ပုံတို့မှာလည်း အခြားလှေများနှင့် မတူကြောင်း သိရသည်။ လောင်းလှေပြုလုပ်ရာတွင် သစ်ပင်တစ်ပင်တည်း၏ သစ်လုံးကို အခေါင်းထွင်းပြီး ပြုလုပ်ရခြင်းဖြစ်သည်။ လောင်းလှေတစ်စင်းပေါ်တွင် လှော်ခတ်သူ ၂၀ ပါဝင်ပြီး တစ်ပြိုင်နက် လှော်ခတ်ရကာ လှေဦးတွင် အချက်ပြစည်တီးခတ်ရသူ တစ်ဦးပါဝင်ကြောင်း သိရသည်။ ရှမ်းနီလူမျိုးများသည် ရှေးယခင်က သယ်ယူပို့ဆောင်ရေးတွင် လောင်းလှေကိုသာ အသုံးပြုခဲ့ကြကြောင်း သိရသည်။
ရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ရှမ်းနီလူမျိုးများအားလုံး ကိုယ်စားပြု၍ တိုင်းဒေသကြီးအဆင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲတွင် နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိ ရှေးဟောင်း လောင်းလှေဖြင့် လှေပြိုင်ပွဲ ကျင်းပမည်









