ဆရာ၊ ဆရာမများ အခကြေးငွေယူ၍ ကျူရှင်သင်ကြားခြင်းအား သိရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားသူ ရှိပါက စစ်ဆေး အရေးယူမည်

ဆရာ၊ ဆရာမများ အခကြေးငွေယူ၍ ကျူရှင်သင်ကြားခြင်းအား သိရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားသူ ရှိပါက စစ်ဆေး အရေးယူမည်
Published 15 November 2016
အေးပပ

ဆရာ၊ ဆရာမများ အခကြေးငွေယူ၍ ကျူရှင်သင်ကြားခြင်းအား သိရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားသူ ရှိပါက စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ဆရာ၊ ဆရာမများ အခကြေးငွေယူ၍ ကျူရှင်သင်ကြားနေမှုများအား တွေ့ရှိပါက တိုင်ကြားရန် လိုအပ်ပြီး တိုင်ကြားပါက လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်ပေါ် မူတည်၍ အရေးယူမည်ဖြစ်သည်။“ဆရာ၊ ဆရာမတွေ အခကြေးငွေယူပြီး ကျူရှင်သင်ကြားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်တဲ့သူ ရှိရင် သက်ဆိုင်ရာကနေ စစ်ဆေးရေး အဖွဲ့နဲ့ စစ်တယ်။ သက်သေခိုင်လုံလို့ စစ်ဆေးရေး အဖွဲ့က ဒီလိုလုပ်ပါဆိုပြီး ထောက်ခံချက်ပေးရင် အရေးယူပါတယ်။ အခြေခံရယ် အဆင့်မြင့်ရယ်လို့ မခွဲခြားထားပါဘူး။တိုင်တာရှိရင် ရှိသလို၊ တိုင်ရင် တိုင်သလို အရေးယူမှာပါ။ တိုင်မယ်ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံရုံးကနေ စပြီး ပညာရေးဝန်ကြီး၊ သက်ဆိုင်ရာ အခြေခံပညာ ညွှန်ချုပ်၊ မည်သည့် အဆင့်ကို မဆို တိုင်ကြားနိုင်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ ပြစ်မှုပြစ်ဒဏ် ဆိုတာကတော့ ယေဘုယျအားဖြင့် ဒီပြစ်မှုကြောင့် ဒီလို အရေးယူတယ် ဆိုရင် ဒီလိုပဲပေါ့။ ဆက်မကျူးလွန်ရင် ဒီပြစ်မှုနဲ့ ပြီးတာပေါ့။ ဝန်ထမ်းရဲ့ သဘောတရား အရကတော့ စောင့်ကြည့်တယ် လို့တော့ မရှိပါဘူး။ အပြစ်ဒဏ် တစ်ခု ခံရတယ်။ ဥပမာအားဖြင့် နယ်ပြောင်းခံရလို့ပဲ ဖြစ်ဖြစ်၊ ရာထူးကျတာပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီ အပြစ်ဒဏ်ကျခံပြီး အဲဒီနေရာမှာ နေတယ်။ နောက်ပြဿနာ ထပ်ဖြစ်တယ်။ အဲဒီအတွက် ထပ်စစ်ဆေးတယ်။ အဲဒါကတော့ ဘယ်သူမဆိုပါ” ဟု ပညာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက ပြောကြားသည်။မကြာသေးမီ ကာလက မိတ္ထီလာမြို့ပေါ်ရှိ အမကကျောင်း တစ်ကျောင်းမှ ဆရာမ ငါးဦး၊ ကျူရှင်သင်ကြားမှုအား ကျောင်းသား မိဘများက တိုင်ကြားခဲ့သည့်အတွက် သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ မှန်ကန်သည့်အတွက် အဆိုပါ ဆရာမ ငါးဦးအား မြို့နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် ကျေးရွာများသို့ ပြောင်းရွှေ့ တာဝန်ချထားခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။အဆိုပါ ဆရာမများ နယ်ကျောင်းသို့ ပြောင်းရွှေ့အပြစ်ပေးခံရမှုနှင့် ပတ်သက်၍ ကျေးလက်ဒေသမှ ဆရာ၊ ဆရာမများအကြား ဝေဖန်မှုများ ပေါ်ထွက်မှုအပေါ် “ကျေးလက်မှာ တာဝန်ကျနေတဲ့ ဆရာမတွေကတော့ ပထမ အလုပ်ဝင်တဲ့ အခါမှာ သက်ဆိုင်ရာ ကျေးရွာတွေ ကျောင်းတွေကို တာဝန်ချတာပါ။ မူတွေတော့ ရှိတာပေါ့လေ။ အချို့လည်း မြို့ဘက် တာဝန်ကျတယ်။ တချို့လည်း ကျေးလက်ဘက် တာဝန်ကျကြတယ်။ ဒီသဘောပါပဲ။ အဲဒါကတော့ စတင် အလုပ်ဝင်တာနဲ့ မူတည်ပါတယ်။ ဆိုလိုချင်တာကတော့ အလုပ်ဝင်တုန်းက မည်သည့်နေရာ ဒေသမဆို တာဝန်ထမ်းဆောင်နိုင်ပါသည်ဆိုပြီး ပညာရေး ဝန်ကြီးဌာနက သဘောတူညီထားပြီး ခန့်ထားတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent