နေပြည်တော် လယ်ဝေးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၃ မိုင်အနီးတွင် စိန်ဝင်းနှင့် ရောင်းရင်းများ ခရီးသွားလုပ်ငန်းမှ ခရီးသည် ၄၁ ဦးတင် ဆောင်လာသည့် မြရွှေစင်အမည်ရှိ ခရီးသည်တင် မှန်လုံယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ယာဉ်တစ်စီးလုံး မီးလောင်ခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။“ကျွန်တော်တို့ ပထမ အသက်ကယ် ယာဉ်တစ်စီးနဲ့ ၁၉၄ မိုင်နားက အခင်းဖြစ်နေရာကို သွားကူညီပေးဖို့ ထွက်လာခဲ့တာပါ။ ၁၉၄ မိုင်အရောက်မှာ ကားမီးလောင်နေတာကို တွေ့ပါတယ်။ မီးလောင်တာကတော့ အင်ဂျင်အပူလွန်ကဲပြီးတော့ ဝိုင်ယာရှော့ခ်ဖြစ်ပြီး လောင်တာပေါ့။ ကျွန်တော်တို့ရဲ့ အသက်ကယ်ယာဉ်မှာ ရေမပါတာကြောင့်လည်း ပင်မစခန်းက မီးသတ်ယာဉ်တွေ ပြန်ခေါ်ရပါသေးတယ်။ ဖြစ်တဲ့အချိန်ကတော့ နံနက် ၃ နာရီ မိနစ် ၅၀ လောက်ပေါ့။ ပထမ အသက်ကယ်ယာဉ်မှာပါတဲ့ မီးသတ်ဆေးဘူး ငါးလုံးနဲ့ ငြှိမ်းသတ်ခဲ့ပေမယ့် မီးမထိန်းနိုင်ခဲ့ဘူး။ မီးလောင်တဲ့နေရာနဲ့ ကျွန်တော်တို့ စခန်းနဲ့က ရှစ်မိနစ်လောက် မောင်းရတယ်။ မီးလောင်တာက ငါးမိနစ်အတွင်းမှာ ကားတစ်စီးလုံး လောင်ကျွမ်းသွားတယ်။ နံနက် ၄ နာရီ လောက်ကျမှ မီးသတ်ကားနှစ်စီးရယ်၊ ရေသယ်ယာဉ်နှစ်စီးရယ် အကူထပ်ခေါ်ပြီး ရေဂါလန် ၄၂၀၀ လောက် သုံးစွဲပြီးတော့မှ နံနက် ၄ နာရီခွဲ အချိန်လောက်မှာ ကားမီးလောင်တာကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ကားကတော့ တစ်စီးလုံး လောင်သွားပေမယ့် ကားပေါ်မှာပါတဲ့ ခရီးသည်တွေတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိပါဘူး” ဟု ပလွေးအမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား ပြောကြားသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၂ ရက် နံနက် ၃ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ခရီးသည် ၄၁ ဦးတင်ဆောင်လာပြီး ယာဉ်မောင်း ကိုဝင်းဗိုလ် (၄၃ နှစ်) (ဘ) ဦးဘိုနီ ဆားမလောက်ကျေးရွာ၊ ညောင်တုန်းမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ် အမှတ် 3M/1106 လိမ္မော်နီကြားရောင် မြရွှေစင် ခရီးသည်တင် မှန်လုံယာဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၃ မိုင် ၇ ဖာလုံနှင့် ၁၉၄ မိုင်အကြားသို့ အရောက်တွင် ကားနောက်ခန်းရှိ အင်ဂျင်မှ အပူရှိန်လွန်ကဲ၍ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် ပလွေးအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ဒက္ခိဏမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အသက်ကယ်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး၊ ပလွေးအမြန်လမ်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၄ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားစေ၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း ကိုဝင်းဗိုလ်အား ပလွေးအမြန်လမ်း ရဲစခန်းက ယာဉ်(ပ)၃၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉/၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အမြန်လမ်းမကြီး ၁၉၃ မိုင်အနီးတွင် ခရီးသည် ၄၁ ဦး တင်ဆောင်လာသော မြရွှေစင် ခရီးသည်တင် မှန်လုံယာဉ် အင်ဂျင် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား