ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းလာသော်လည်း ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဈေးနှုန်းကျဆင်းမှု မရှိသဖြင့် စက်သုံးဆီဈေးနှုန်းများ လျှော့ချရန် လုပ်ငန်းရှင်များအား စက်သုံးဆီအသင်း ခေါ်ယူညှိနှိုင်း

ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းလာသော်လည်း ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဈေးနှုန်းကျဆင်းမှု မရှိသဖြင့် စက်သုံးဆီဈေးနှုန်းများ လျှော့ချရန် လုပ်ငန်းရှင်များအား စက်သုံးဆီအသင်း ခေါ်ယူညှိနှိုင်း
Published 7 November 2016
အောင်ရဲကို

ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းလာသော်လည်း ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဈေးနှုန်းကျဆင်းမှု မရှိသဖြင့် စက်သုံးဆီ ဈေးနှုန်းများလျှော့ချရန် စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ နိုဝင်ဘာ ၇ ရက်တွင် ခေါ်ယူညှိနှိုင်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာ တတိယပတ်မှစပြီး တစ်ဂါလန် ကျပ် ၂၂၀ မှ ၃၆၀ အထိမြင့်တက်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများမှာ လက်ရှိအချိန်ထိ အမြင့်ဈေးတွင် ရှိနေဆဲဖြစ်သောကြောင့် စက်သုံးဆီ တင်သွင်းသည့်လုပ်ငန်း ရှင်များနှင့် ဆီဆိုင်လုပ်ငန်းရှင်များ ပါဝင်သည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ဈေးနှုန်းလျှော့ချရန် ဆွေးနွေးပွဲကို နိုဝင်ဘာ ၇ ရက်က UMFCCI တွင်ပြုလုပ်ခဲ့သည်။
နိုဝင်ဘာ ပထမပတ်မှ စတင်ကာ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းလာသော်လည်း ပုဂ္ဂလိက စက်သုံးဆီ ဈေးနှုန်းများမှာ ကျဆင်းမှုမရှိသေးသဖြင့် ဈေးနှုန်းများ လျှော့ချရန် လုပ်ငန်းရှင်များကို ခေါ်ယူအသိပေး ညှိနှိုင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
အတွင်းရေးမှူး ဦးဝင်းမြင့်က “လွန်ခဲ့တဲ့ လေးရက်လောက်ကတည်းက ကမ္ဘာ့ရေနံဈေးနှုန်းတွေ ကျနေတာ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ပြည်တွင်းဘက်ကလည်း လျှော့ချဖို့ လိုနေတဲ့အတွက် လုပ်ငန်းရှင်တွေ ခေါ်ပြီး ညှိနှိုင်းတာပါ” ဟု ပြောကြားသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်း တက်ခြင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်း တက်ခြင်းအပါအဝင် ဒေါ်လာဈေး မြင့်တက်မှုကြောင့် လိုက်လံဈေးမြင့်တက်ခြင်းနှင့် သက်ဆိုင်ကြောင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
ဆိပ်ကမ်းအရောက် တန်ဖိုး၊ အခွန်၊ သို လှောင်ကန်ခနှင့် သယ်ယူပို့ဆောင်ရေးစရိတ်၊ အထွေထွေ စရိတ်များ အပါအဝင် နိုဝင်ဘာ  ၇ ရက်တွင် လက်လီရောင်းချရန် ဖြစ်သင့်သော ဈေးနှုန်းမှာ ၉၂ အောက်တိန်း တစ်လီ တာ ၆၃၈ ကျပ်၊ ၉၅ အောက်တိန်း တစ်လီတာ ၆၆၄ ကျပ် ၊ ဒီဇယ် ကျပ်  ၆၄၀ နှင့် အဆင့်မြင့်ဒီဇယ် ကျပ် ၆၆၀ ဖြင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တွက်ချက်ထားသည်။
သို့သော် လက်ရှိပုဂ္ဂလိက စက်သုံးဆီ ဆိုင်များမှာ ၉၂ အောက်တိန်း တစ်လီတာ ကျပ် ၆၄၀-၆၅၀ ၊ ၉၅ အောက်တိန်း တစ်လီတာ ကျပ် ၆၉၀-၇၀၀၊ ဒီဇယ် ကျပ် ၆၄၀ -၆၅၀ နှင့် အဆင့်မြင့်ဒီဇယ် ကျပ် ၆၆၀-၆၇၀  ဖြင့်ရောင်းချနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
တင်သွင်းသည့် စက်သုံးဆီများ၏ နှုန်းထားများကို ဆိပ်ကမ်းရောက်တန်ဖိုး၊ အခွန်၊ သိုလှောင်ကန်ငှားခ အပါအဝင် သယ်ယူပို့ ဆောင်စရိတ်၊ ဝန်ထမ်းစရိတ်၊ မီတာခ၊ မြေငှားရမ်းခ၊ ဆီအလျော့ အပါအဝင် စုစုပေါင်း အထွေထွေ ကုန်ကျစရိတ်များ တွက်ချက်ပြီးစီးသည့် ပမာဏအပေါ် ရောင်းချသည့် လုပ်ငန်းရှင်များမှ  အမြတ်လေးရာခိုင်နှုန်း ထည့်သွင်းသတ်မှတ်ကာ လက်လီဈေးနှုန်းအဖြစ် သတ်မှတ်ကြောင်း သိရသည်။
ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များ အနေဖြင့် ပြည်ပမှ တစ်လလျှင် စက်သုံးဆီ တန်ချိန် သုံးသိန်းခန့် တင်သွင်းလျက်ရှိကြောင်း၊ စက်သုံးဆီများ အဆင့်မြှင့်တင်ရန်အတွက် ဝန်ကြီးဌာနသို့ တင်ပြဆွေးနွေးမည့် အစီအစဉ်များလည်း ရှိကြောင်း ဦးဝင်းမြင့်က ဆိုသည်။
စက်သုံးဆီဈေးနှုန်း လျှော့ချရန် ညှိနှိုင်းဆွေးနွေးပွဲသို့ Max၊ Denko၊ New Day နှင့် အခြားစက်သုံးဆီဆိုင် ကိုယ်စားလှယ်များ လာရောက်ခဲ့ကြောင်း သိရသည်။ ဦးသိန်းစိန် အစိုးရလက်ထက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ (Mobile Team) ဖျက်သိမ်းပြီးနောက် ပြည်တွင်းလုပ်ငန်းရှင်ကြီးများ ထိန်းချုပ်ထားသည့် တရားဝင် အခွန်ဆောင်ကာ စက်သုံးဆီတင်သွင်းမှု ကျဆင်းလာခဲ့ကာ တိုင်းပြည်နစ်နာမှုများ ဖြစ်ပေါ်နေသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် Mobile Team အဖွဲ့ ဖျက်သိမ်းခဲ့ပြီးနောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်အထိ) နှင့် ကာလတူဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်အထိ) ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ စက်သုံးဆီ တင်သွင်းမှု နှိုင်းယှဉ်ချက်များအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၁၅ ဒသမ ၈၀၃ သန်းတန်ဖိုးရှိ ဒီဇယ်ကီလိုလီတာ ထောင်ပေါင်း ၉၂၂၉၂၅ တင်သွင်းခဲ့ပြီး၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၄၄၆ ဒသမ ၆၀၀ သန်းတန်ဖိုး ရှိ ဒီဇယ်ကီလိုလီတာ ထောင်ပေါင်း ၁၂၆၂၄၀၂ တင်သွင်းခဲ့သဖြင့် စုစုပေါင်း ကီလိုလီတာ ထောင်ပေါင်း ၃၃၉၄၇၇ ပိုမိုတင်သွင်း နိုင်ခဲ့သော်လည်း တန်ဖိုးအားဖြင့် ဒေါ်လာ ၆၉  ဒသမ ၁၁၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent