သိမြင်နားလည်မှု ပုံပျက်ခြင်း

သိမြင်နားလည်မှု ပုံပျက်ခြင်း
Published 20 October 2016
ကျွန်း

စိတ်ပညာမှာရော ဗုဒ္ဓရဲ့ တရားတော်တွေထဲမှာပါ တူညီစွာ ပြောဆိုထားတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါက ကျွန်မတို့ရဲ့စိတ်တွေက ကျွန်မတို့ကို လှည့်စားတတ်ပါတယ်တဲ့။ စိတ်ပညာမှာပြောထားတဲ့ စိတ်ကိုလှည့်စားတဲ့ ပုံစံတွေထဲကတစ်ခုက သိမြင်နားလည်မှု ပုံပျက်ခြင်း (Cognitive Distortion) ဖြစ်ပါတယ်။ Cognitive Behavior Therapy လို့ခေါ်တဲ့ သိမြင်နားလည်မှုဆိုင်ရာ ကုထုံးမှာ အသုံးပြုတဲ့ သဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။
သိမြင်နားလည်မှု ပုံပျက်ခြင်းက ကျွန်မတို့စိတ်ထဲမှာ အတွေးလွဲတွေကို အလိုအလျောက် ပေါ်ပေါက်လာစေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီအတွေးတွေက မှန်ကန်ကြောင်း သက်သေအထောက်အထား အနည်းငယ်ကလေးမှ မရှိဘဲနဲ့တောင် တွေးမိတတ်ကြပါတယ်။ အကျိုးသင့်အကြောင်းသင့် စဉ်းစားရာက ပေါ်ပေါက်လာတာမျိုး မဟုတ်ဘဲ စိတ်ထဲက ယုံကြည်ထားတဲ့အရာတွေကြောင့် အခြေအနေပေါ်မူတည်ပြီး ချက်ချင်း အလိုအလျောက်ဖြစ်ပေါ်လာတဲ့ အတွေးမျိုးတွေပါ။ အတွေးလွဲတွေကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာလည်း တွေးမိတတ်ကြပါတယ်။ အလိုအလျောက် အတွေးတွေဖြစ်တဲ့အတွက် ရပ်ပစ်ဖို့လည်း ခက်ခဲတတ်ပါတယ်။ ရလဒ်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု၊ စိတ်မချမ်းမသာ ဖြစ်မှုတွေကို ခံစားကြရပါတယ်။ လူမှုရေး၊ အသက်မွေးမှု၊ ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး စတာတွေကိုလည်း ထိခိုက်စေတတ်ပါတယ်။ မိမိရဲ့ အမြင့်ဆုံး ဖြစ်နိုင်ခြေအထိ တိုးတက် ဖွံ့ဖြိုး နိုင်စွမ်းကိုလည်း ထိခိုက်စေတတ်ပါတယ်။သိမြင်နားလည်မှု ပုံပျက်တဲ့ ပုံစံအမျိုးအစား အများအပြားရှိပါတယ်။ အဲဒီအထဲကမှ ဖြစ်လေ့ဖြစ်ထအရှိဆုံး အမျိုးအစား လေးမျိုးကို မျှဝေပေးချင်ပါတယ်။ ပထမအမျိုးအစားက အဖြူမဟုတ်ရင် အားလုံး အမည်းတွေချည်းပဲဆိုတဲ့ အတွေးမျိုးပါ။ စင်းလုံးချော ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘာမှ သုံးလို့မရတော့ဘူးဆိုတဲ့ အတွေးမျိုး၊ လုံး၀ အောင်မြင်တာမဟုတ်ရင် ကျရှုံးတာပဲဆိုတဲ့ အတွေးမျိုးတွေ ဖြစ်ပါတယ်။ အဖြူအမည်းကြားမှာ မီးခိုးအနုအရင့်တွေ များစွာ ရှိတယ်ဆိုတာကို ထည့်မစဉ်းစားတဲ့ အတွေးမျိုးပါ။ အလယ်အလတ်ဆိုတဲ့ အနေအထားတွေ၊ ကြားမှာရှိတဲ့ အောင်မြင်မှုအဆင့်တွေကို ထည့်မစဉ်းစားတဲ့ အတွေးမျိုး ဖြစ်ပါတယ်။နောက်ထပ် ဖြစ်လေ့ဖြစ်ထရှိတဲ့ အတွေးလွဲ ပုံစံတစ်ခုက ဖြစ်ရပ်တွေကို မိမိလတ်တလော ခံစားရမှုအပေါ်မှာ မူတည်ပြီး တွေးခြင်းဖြစ်ပါတယ်။ လက်ရှိခံစားလိုက်ရတဲ့ ခံစားချက်တွေ အပေါ်မှာ မူတည်ပြီး ဘဝကိုမြင်ပါတယ်။ သက်သေ အထောက်အထား ဘာတစ်ခုမှ မရှိပေမယ့် ငါ့စိတ်ထဲမှာ ဒီကိစ္စရပ်ကို မကောင်းဘူးလို့ ခံစားရတယ်၊ အဲဒီတော့ ဒီကိစ္စရပ်က မကောင်းဘူးလို့ တွေးတာမျိုး၊ ငါမင်းကို အရမ်းစိတ်ဆိုးနေတယ်၊ အဲဒီတော့ မင်းက အပြစ်ပေးမှုကို ရသင့်ရထိုက်တယ်လို့ တွေးတာမျိုး၊ ငါစိတ်ပူနေတယ်လို့ ခံစားရတာ မင်း မဟုတ်တာတစ်ခုခု လုပ်မှာမို့လို့ တွေးတာမျိုး၊ ငါနေရထိုင်ရတာ မပျော်ဘူး၊ ဒီတော့ ငါ့ဘဝက အတော်လေးဆိုးတယ်လို့ တွေးတာမျိုးတွေ ပါဝင်ပါတယ်။ အဲဒီလို အတွေးလွဲမျိုးတွေကို တွေးနေသူတွေမှာ အခြေအနေက သူတို့တွေးနေသလိုတွေ မဟုတ်ဘဲ အခြားတစ်မျိုးလည်း ဖြစ်နိုင်သေးတယ်ဆိုတာကို မြင်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။နောက်ထပ် အတွေးလွဲပုံစံတစ်ခုက အဖြစ်အပျက်တွေကို ရှိရင်းစွဲထက် များစွာပိုမိုဆိုးရွားမယ်လို့ ပုံကြီးချဲ့ တွေးတောခြင်း ဖြစ်ပါတယ်။ ဥပမာ လေယာဉ်စီးရင် မိမိစီးတဲ့ လေယာဉ်က ပျက်ကျမှာပဲလို့ တွေးတာမျိုး၊ ပင်လယ်ကမ်းခြေမှာ ရေကူးရင် ငါးမန်းကိုက်ခံရမှာပဲ ဆိုတာမျိုး၊ အလုပ်အင်တာဗျူး သွားဖြေရင် မိမိကိုမေးသူတွေက ဝိုင်းရယ်ကြမယ် ဆိုတာမျိုး အလွန်ဆိုးရွားတဲ့ အပျက်ဘက်တွေကို တွေးနေတာမျိုး ဖြစ်ပါတယ်။နောက်အတွေးလွဲ ပုံစံတစ်ခုက အရာရာက မိမိကြောင့်ဖြစ်ရတာ၊ အရာရာက မိမိရဲ့ အမှားတွေ၊ အရာရာက မိမိနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ ပုံစံနဲ့တွေးခြင်း ဖြစ်ပါတယ်။ အဖေနဲ့ အမေ အိမ်ထောင်ကွဲတာ ငါ့ကြောင့်ဖြစ်ရတာ၊ ငါတို့ ဘောလုံးအသင်းရှုံးတာ ငါ့ကြောင့် ဖြစ်ရတာ၊ ငါကိုယ်ဝန်ပျက်ကျတာ ငါက မကောင်းတဲ့သူမို့လို့ စသဖြင့် တွေးတတ်တာမျိုးတွေ ပါဝင်တယ်။အတွေးလွဲတွေ ဖြစ်ပေါ်လာတဲ့ ဥပမာလေးတစ်ခုကို ပြောရရင် ငယ်စဉ်မှာ မိဘတွေက လျစ်လျူရှုထားခြင်း ခံရပြီး ပြစ်တင်ဝေဖန်မှုတွေ များစွာကို ခံစားခဲ့ရတဲ့ မိန်းကလေး တစ်ဦးရဲ့ ဖြစ်ရပ်ပါ။ တစ်ခုခု အမှားအယွင်းဖြစ်တိုင်း သူမမှာ အပြစ်ရှိတယ်၊ အရာရာက သူမရဲ့အပြစ်ပဲလို့ မိဘတွေက ပြောလေ့ ရှိကြပါတယ်။ အဲဒီလို ကြီးပြင်းလာရတဲ့အခါ သူမရဲ့ အတွင်းစိတ်ထဲမှာ ငါ့မှာ အပြစ်အနာအဆာတွေ အများကြီးရှိတယ်၊ ငါက ဂရုစိုက်ခံရဖို့၊ အလေးထားခံရဖို့ မထိုက်တန်တဲ့သူ၊ လူတွေ ငါ့ကို အလေးထားကြတာ ငါ့ဆီက တစ်စုံတစ်ခု လိုချင်လို့ပဲ အတွင်းစိတ်ထဲက တောက်လျှောက် ယုံကြည်လာခဲ့ပါတယ်။ သူမအရွယ်ရောက်ပြီး နောက်မှာ ချစ်သူရှိလာခဲ့ပါတယ်။ တစ်ရက်မှာ သူမချစ်သူက ‘ငါ သူငယ်ချင်းတွေနဲ့တွေ့ဖို့ အချိန်လိုတယ်’ လို့ ဆိုပါတယ်။ အဲဒီစကားကို ကြားလိုက်တာနဲ့ သူမရဲ့စိတ်ထဲမှာ အလိုအလျောက် ပေါ်လာတဲ့ အတွေးက ‘သူငါ့ကို စိတ်မဝင်စားတော့ဘူး၊ ငါတို့တော့ လမ်းခွဲကြရတော့မှာပဲ’ ဆိုတဲ့ အဆင့်အထိပါ။ အဲဒီလိုတွေးမိတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာမှာ ရင်ခုန်နှုန်းမြန်လာတာ၊ လည်ချောင်းဝမှာ တစ်ဆို့လာတာတွေ ဖြစ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ ပူပန်သောက၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ ရလဒ်အနေနဲ့ အပြုအမူပိုင်းမှာ ချစ်သူထံက လမ်းမခွဲပါဘူး၊ သူမကို ချစ်သေးတယ်၊ စိတ်ဝင်စားသေးတယ် ဆိုတဲ့ စကားမျိုးတွေ ကြားရဖို့ တောင်းဆိုတာမျိုး၊ ဒါမှမဟုတ် အတွေ့မခံတော့ဘဲ နေလိုက်တာမျိုး၊ ဒါမှမဟုတ် ငိုတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။သိမြင် နားလည်မှုပုံပျက်ခြင်းကို သိမြင်နားလည်မှု ပြန်လည်တည်ဆောက်ခြင်းနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ အလိုအလျောက် ပေါ်လာတဲ့ အတွေးလွဲတွေကို မိမိဘာသာ မြင်လာပြီး အသိအမှတ်ပြု လက်ခံဖို့ လိုအပ်ပါတယ်။ အခြေအနေတစ်ခုဖြစ်လာရင်၊ ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ်လာသလဲ၊ မိမိဘယ်လို တွေးနေသလဲဆိုတာကို စောင့်ကြည့်မှတ်တမ်းတင်ရာက မိမိရဲ့အတွေးလွဲတွေကို မိမိဘာသာ မြင်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ အဲဒီ အတွေးတွေက မိမိတွေးနေတဲ့ အနေအထားအပြင်၊ အခြား ပုံစံတစ်မျိုးရော ဖြစ်နိုင်သေးသလား ဆိုတာကို ပြန်လည်ဆန်းစစ်ပြီး အခြားပုံစံနဲ့ မြင်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။ ဥပမာ ချစ်သူက သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အချိန်လိုတယ်ဆိုတာ တကယ်ကို သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အချိန်လိုတာ ဖြစ်နိုင်ကြောင်း၊ အခြားရည်ရွယ်ချက် မရှိကြောင်း မြင်ကြည့်တာမျိုးပါ။ အဲဒီမှာ အထောက်အကူ ဖြစ်နိုင်တာက မိမိရဲ့အနေအထားကနေ ခွာပြီး တခြားသူတစ်ဦးအနေနဲ့ ကြည့်ဖို့ဖြစ်ပါတယ်။ မိမိရဲ့ မိန်းကလေးသူငယ်ချင်း တစ်ဦးမှာ ချစ်သူရှိတယ်ဆိုရင် သူ့ချစ်သူက သူ့ရဲ့အခြား သူငယ်ချင်းတွေနဲ့တွေ့ဖို့ အချိန်လိုတာမျိုး ဖြစ်နိုင်သလား၊ အဲဒီလိုဖြစ်ခြင်းက အဲဒီသူငယ်ချင်းကို သူ့ချစ်သူက မချစ်တော့လို့လား၊ လမ်းခွဲချင်လို့လား ဆိုတာမျိုး တွေးကြည့်ရင် ပိုပြီး မှန်မှန်ကန်ကန် မြင်နိုင်လာပါလိမ့်မယ်။ ဒါ့အပြင် အဲဒီအတွေးတွေ ဖြစ်ပေါ်လာစေဖို့ အတွက် မိမိယုံကြည်ထားတဲ့အရာ ဘာတွေရှိနေသလဲဆိုတာကို ရှာဖွေ ဖော်ထုတ်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ မိမိကိုယ်မိမိ အသုံးမကျတဲ့သူ၊ တန်ဖိုးမရှိတဲ့သူ၊ ချစ်ခြင်းမေတ္တာကို မခံယူထိုက်သူ စသဖြင့် မြင်နေတာမျိုးတွေ ရှိသလား။ ရှိနေရင် အဲဒီယုံကြည်မှုတွေကို သိစိတ်နဲ့ ပြောင်းလဲဖို့ကြိုးစားရပါမယ်။အဖြစ်အပျက်တွေကို သုံးသပ် ဆန်းစစ်ကြည့်ဖို့အတွက် အထောက်အကူဖြစ်နိုင်တဲ့ နည်းလမ်းကလေးတွေ ရှိပါတယ်။ အဲဒါက အခြေအနေကို ဆုံးဖြတ်ကောက်ချက်ချခြင်း မပြုဘဲ အရှိအတိုင်း မြင်အောင်ကြည့်တာ၊ အဲဒီအတွေးအတိုင်း ကိုယ့်ကိုယ်ကိုယ် ပြောတဲ့အခါ ဘယ်လိုခံစားရသလဲလို့ မိမိကိုယ်မိမိ မေးတာ၊ အတွေးတွေ ပြောင်းလဲခြင်းရဲ့ ရလဒ်က ဘာရှိသလဲလို့ မိမိကိုယ်မိမိမေးတာ၊ တကယ်လို့ အဲဒီအကြောင်း မိမိရဲ့သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးကို ပြောပြရင် သူတို့က ဒါကို ဘယ်လိုမြင်မလဲဆိုပြီး သူတို့နေရာက ဝင်တွေးကြည့်တာ၊ ဒီအတွေးမျိုးတွေ အရင်က တွေးခဲ့ဖူးသလား၊ အဲဒါတွေက မှန်ခဲ့ဖူးသလား ဆိုတာကို ပြန်သုံးသပ်ကြည့်တာ၊ အခြားသူတွေမှာရော ဒီလိုတွေကြုံရပြီး မိမိတွေးတဲ့ အခြေအနေမျိုး မဟုတ်တာတွေ ရှိဖူးသလားလို့ တွေးကြည့်တာ၊ သတင်းအချက်အလက်တွေကို အသုံးပြုပြီး သင့်တင့်မျှတစွာ တွေးနိုင်အောင် ဆောင်ရွက်တာတို့ ဖြစ်ပါတယ်။မိမိရဲ့ အတွေးလွဲတွေကို သိမြင်လာရင် အဲဒီအတွေးတွေကို မိမိဘာသာသတိပေးပြီး ရပ်တန့်ပစ်တာ၊ ဒါမှမဟုတ် ကောင်းတဲ့အတွေးတွေ၊ သမာသမတ်ကျတဲ့ အတွေးတွေနဲ့ အစားထိုးတာတွေကို ဆောင်ရွက်လို့ ရပါတယ်။ အတွေးလွဲတွေထဲက အဖြူမဟုတ်ရင် အမည်းပဲဆိုတဲ့ အတွေးပုံစံမျိုးတွေးမိရင် လက်တွေ့ဘဝထဲမှာ လုံးဝဖြူစင်နေတာ၊ လုံးဝမည်းမှောင်နေတာရယ်လို့ မရှိဘဲ မီးခိုးနုရင့်တွေသာ များတယ်ဆိုတဲ့ ရှိပြီးသားအချက်ကို လက်ခံနားလည်ဖို့ လိုအပ်ပါတယ်။ အလွန်တော်တယ်ဆိုတဲ့ သူတစ်ဦးမှာလည်း ညံ့တာ တွေရှိပါတယ်။ အလွန်ညံ့တယ်ဆိုတဲ့ သူတစ်ဦးမှာလည်း တော်တာတွေရှိပါတယ်။ ဘယ်အရာမှာမှ ၁၀၀ ရာခိုင်နှုန်း အကောင်းအဆိုး မရှိပါဘူး။ခံစားချက်တွေပေါ်မှာ မူတည်ပြီး အကောင်းအဆိုး ဆုံးဖြတ်ချက်ချတတ်တဲ့ အတွေးလွဲတွေကို အရာရာက အဲဒီအတိုင်း အမှန်တကယ်ဖြစ်သလားဆိုတာ ပြန်လည်ဆန်းစစ်ပြီး ပြောင်းလဲလို့ရပါတယ်။ မိမိ ညကအိပ်ရေးပျက်ထားလို့ စိတ်ထဲ မကြည်မသာ ဖြစ်နေတာက ဒီနေ့ထွက်တဲ့ခရီး၊ ဒီနေ့လုပ်တဲ့အလုပ် အဆင်ပြေခြင်း မပြေခြင်းနဲ့ သက်ဆိုင်တာ ဖြစ်နိုင်ပါ့မလား။ အရင်ကရော မိမိ အဆင်မပြေဖြစ်မယ်လို့ ခံစားမိတိုင်း အဆင်မပြေ ဖြစ်ခဲ့တာချည်းပဲလား စသဖြင့် ပြန်လည် မေးခွန်းထုတ်ပြီး အစားထိုး တွေးတာမျိုးတွေကို ဆောင်ရွက်လို့ရပါတယ်။ ရှိရင်းစွဲထက်ပိုပြီး ပုံကြီးချဲ့တွေးတဲ့ အနေအထားမျိုးမှာလည်း သတင်းအချက်အလက် အထောက်အထားတွေကို ပြန်ကြည့်ခြင်းက အထောက်အကူ ဖြစ်နိုင်ပါတယ်။ ပင်လယ်ကမ်းခြေမှာ ရေကူးရင် ငါးမန်းကိုက်ခံရတာ ဘယ်နှယောက် ရှိသလဲ၊ လေယာဉ်စီးရင် လေယာဉ်ပျက်ကျနိုင်ခြေ ဘယ်လောက်များသလဲ စသဖြင့်ပြောင်းလဲပြီး တွေးကြည့်လို့ရပါတယ်။ အရာရာက မိမိကြောင့်ဖြစ်တာဆိုတဲ့ အတွေးမျိုးမှာလည်း အရာရာက မိမိရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေကြောင်း၊ အရာရာက မိမိနဲ့ သက်ဆိုင်မနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် မြင်ကြည့်ခြင်းအားဖြင့် ပြောင်းလဲလို့ရပါတယ်။ လိုအပ်ရင် သိမြင်နားလည်မှုဆိုင်ရာ ကုထုံးကို အသုံးပြုတဲ့ စိတ်ပညာရှင်တွေရဲ့ အကူအညီကို ရယူပြီး အတွေးတွေကို ပြန်လည် တည့်မတ်နိုင်ပါတယ်။သိမြင်နားလည်မှုပုံပျက်ခြင်းက လေးမျိုးမက ရှိပါတယ်။ Psychology Today ရဲ့ အင်တာနက်စာမျက်နှာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သိမြင်နားလည်မှု ပုံပျက်ခြင်း အမျိုးအစားကို ၅၀ အထိ ဖော်ပြထားတာ မှတ်သားဖူးပါတယ်။ အတွေးတွေက မိမိရဲ့တန်ဖိုးထားမှု၊ ယုံကြည်မှုတွေကနေ ဖြစ်ပေါ်လာတာပါ။ အဲဒီအတွေးတွေကနေ ခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီခံစားချက်တွေကနေ ဆုံးဖြတ်ချက်တွေ ချမိတတ်ကြပါတယ်။ အဲဒီကနေ ဆောင်ရွက်မှုတွေ ပြုလုပ်တဲ့အတွက် ရလဒ်တွေ ထွက်ပေါ်လာပါတယ်။ မိမိအတွင်း စိတ်ထဲမှာရှိနေတဲ့ မိမိရဲ့ အတွေးလွဲတွေကို သိမြင်နားလည်ခြင်းက အဲဒီအခြေအနေကို ကျော်လွှားပြီး ရလာမယ့်ရလဒ်တွေကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ မိမိဘ၀ တိုးတက်ဖွံ့ဖြိုးဖို့၊ မိမိရဲ့ အမြင့်ဆုံးဖြစ်နိုင်ခြေကို ရောက်ရှိဖို့အတွက် အလွန်ကြီးမားတဲ့ အတားအဆီးက တစ်ခါတစ်ရံမှာ မိမိကိုယ်တိုင်ရဲ့ အတွေးတွေ ဖြစ်နေတတ်ပါတယ်။ အတွေးလွဲတွေကို ဖြစ်ပေါ်စေတဲ့ ယုံကြည်မှု လွဲချော်ခြင်းတွေကိုပါ သိမြင်ပြီး ပြင်ဆင် တည့်မတ်နိုင်ပြီ ဆိုရင်တော့ ရေရှည်အတွက်ပါ ပြောင်းလဲနိုင်စွမ်း ရှိလာပါလိမ့်မယ်။အမေရိကန်နိုင်ငံက စိတ်ပညာရှင် Andrew Riley နဲ့ ပြည်တွင်းအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Heal the World က ပို့ချတဲ့ အခြေခံ စိတ်ပညာသင်တန်းထဲက အစိတ်အပိုင်း အနည်းငယ်ကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။