၂၀၁၆ ခုနှစ် အောက်တိုဘာ လလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၂ ခုမှ ပမာဏ ဒေါ်လာ ၆၆၂ သန်းကျော် ဝင်ရောက်

၂၀၁၆ ခုနှစ် အောက်တိုဘာ လလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၂ ခုမှ ပမာဏ ဒေါ်လာ ၆၆၂ သန်းကျော် ဝင်ရောက်
Published 11 October 2016
နီလာ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ  ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် ၂၀၁၆ ခုနှစ် အောက်တိုဘာ လလယ်အထိ စီးဝင်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၂ ခုရှိပြီး တန်ဖိုးပမာဏ ဒေါ်လာသန်းပေါင်း ၆၆၂ ဒသမ ၈၃၅ ရှိကြောင်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ လလယ်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၂ ခုမှ ဒေါ်လာသန်းပေါင်း ၉၉ ဒသမ ၈၈၆ နှင့် ကျပ်သန်း ၁၇၅၀၂၇ဒသမ ၁၃၉ ဖြစ်ကြောင်း သိရသည်။  
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၆) နှင့် အမှတ်စဉ် (၁၉/၂၀၁၆)အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် စုစုပေါင်း ၁၄ ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်းပေါင်း ၂၇၈ ဒသမ ၉၅၈ ရှိခဲ့ပြီး ခွင့်ပြုခဲ့သည့် လုပ်ငန်း ၁၄ ခုတွင် စက်မှုလုပ်ငန်း ၁၃ ခုနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါ အစည်းအဝေး နှစ်ကြိမ်တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၈၂၇ သန်းနှင့် ကျပ်သန်း ၅၉၄၆ ဒသမ ၇၄၄ ကို ခွင့်ပြုပေးခဲ့ပြီး ခွင့်ပြုခဲ့သည့် လုပ်ငန်းမှာ စက်မှုလုပ်ငန်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်းများ၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent