ကျောက်ဆည်ဟု ဆိုသည်နှင့် မန္တလေးမြို့အနီး တည်ရှိသော မြို့အဖြစ် လူသိများပြီး မြို့၏ သင်္ကေတအဖြစ် တွဲဖက်၍ မြင်ယောင်မိသည်က ဆင်ရုပ်တုပင် ဖြစ်ပေလိမ့်မည်။မန္တလေးမြို့မှ ကျောက်ဆည်မြို့သို့ သွားလျှင် ကျောက်ဆည်မြို့ မရောက်ခင် ရွှေသိမ်တော်ဘုရား အနီး၌ပင် အမှတ်တရ ပစ္စည်းအဖြစ် မြို့သင်္ကေတ ဆင်ရုပ်ငယ်လေးများ ရောင်းချသည့် ဆိုင်တန်းလေးများကို တွေ့ရှိရမည်ဖြစ်ပြီး ထိုမှအလွန် လမ်းဘေးတစ်ဖက်တွင် ဆင်ဖြူနှစ်ကောင်နှင့် ပြုလုပ်ထားရှိသည့် ‘ကျောက်ဆည်မြို့မှ ကြိုဆိုပါ၏’ ဆိုသည့် ဆိုင်းဘုတ်ကို မြင်တွေ့ရမည်ဖြစ်သည်။ဆင်ရုပ်တုမှာ ကျောက်ဆည်မြို့၏ အမှတ်တရ သင်္ကေတအဖြစ် မြို့သူမြို့သားများအတွက် မြတ်နိုး တန်ဖိုးထားသည့် ရုပ်တု ဆိုလျှင်လည်း မလွဲပေ။ ထို့အတူ ကျောက်ဆည်မြို့နှင့် ပတ်သက်သည့် ထူးခြား လူသိများသည့် ပွဲတော်တစ်ခုလည်း ရှိပေသည်။ယင်းပွဲတော်မှာ ကျောက်ဆည်သူ၊ ကျောက်ဆည်သားများ ခြိမ့်ခြိမ့်သဲ ဆင်နွှဲလေ့ ရှိသော ဆင်အကပြိုင်ပွဲနှင့် ဆင်အလှူပွဲတော်ပင် ဖြစ်သည်။ များမကြာမီ ကာလအတွင်း တစ်နှစ်တစ်ခါ ကျင်းပသည့် အထင်ကရ ကျောက်ဆည်ဆင်အကပြိုင်ပွဲနှင့် ဆင်အလှူပွဲတော် ကျင်းပတော့မည်ဖြစ်ရာ ယခုအချိန်များသည် ကျောက်ဆည် မြို့သူ၊ မြို့သားများ အတွက် ဆင်ပြိုင်ပွဲ ဆင်နွှဲရန် ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်သည့်အတိုင်း သူ့ထက်ငါ ကနိုင်၊ လှနိုင်ဖို့အတွက် အားထုတ်ပြင်ဆင်နေသည့် အခါပင်။ကျောက်ဆည်ဆင်အက အလှပြိုင်ပွဲမှာ ဝါး၊ စက္ကူ၊ပိတ်စများကို အခြေခံပြီး ဆင်ပုံသဏ္ဍန် ပြုလုပ် စီခြယ်ထားသော ဆင်ရုပ်များအတွင်း လူဝင်ရောက်ကာ ကပြပြိုင်ပွဲဝင်ခြင်းဖြစ်၍ ဆင်အရုပ်ချိုးသည့် လက်မှုပညာနှင့် ပြင်ဆင်ခြယ်သမှု အပိုင်းကလည်း ဆင်ပွဲတွင် အရေးပါလှသော အခန်းကဏ္ဍအဖြစ် တည်ရှိသည်။ကျောက်ဆည်မြို့ရှိ ဆင်အရုပ်ချိုးသည့် လုပ်ငန်းများမှာတော့ ဝါကျွတ်ချိန် ဆင်ပြိုင်ပွဲမကျင်းပခင် ဝါဝင်သည့် အချိန်မှစ၍ ဆင်ပွဲတွင် ပါဝင်ကပြမည့် ဆင်ရုပ်များကို လက်ခံပြုလုပ်ရလေ့ ရှိသည်။လူဝင်ကနိုင်သည့် ဆင်အရုပ် ပြုလုပ်ရာတွင် အဓိက အခြေခံ လိုအပ်သည်မှာ ဝါးဖြစ်သည်။ ဝါးလုံးကို ဝါးခြမ်းအဖြစ် ဝါးခြမ်းကိုမှ အထူ၊ အပါး၊ အသေးအသွယ် လိုအပ်သည့် နေရာများတွင် အံဝင်ခွင်ကျ အသုံးပြုနိုင်ရန် ခွဲခြမ်းစိတ်ဖြာ၍ ကြီးငယ်စက်ဝိုင်း ပုံစံများဖြင့် ဆင်ကိုယ်ထည် အကြမ်း ရရှိရန် ကနဦး စတင်လုပ်ဆောင်ရသည်။“ဆင်အရုပ်ချိုးတဲ့ အခါ ဝါးခြမ်းကနေစ ပုံသဏ္ဌာန်ရဖို့ ခွဲခြမ်းစိတ်ဖြာထားတဲ့ ဝါးကို နှီးနဲ့ချည်ပြီး အဆင့်ဆင့် လုပ်ရတယ်။ ကိုယ်ထည်သဏ္ဌာန် ဆင်ပုံစံဖြစ်ဖို့ ဝါးကိုနှီးနဲ့တုပ်ပြီး ချည်ရတာတွေများလို့ နှီးချက် တစ်ထောင် ဆင် တစ်ကောင်လို့ အဆို ရှိခဲ့တယ်။ ဝါးခြမ်းတွေကို နှီးနဲ့ ခိုင်ခံ့အောင်တုပ်ပြီး ပုံကြမ်းရလာပြီဆိုမှ ရုပ်လုံးပေါ်ဖို့အတွက် ကျန်တဲ့ အဆင့်တွေ ဆက်လုပ်ရတယ်” ဟု ကျောက်ဆည်မြို့ရှိ ဆင်အရုပ်ချိုး ပညာရှင် တစ်ဦးက ဆင်အရုပ်ချိုးသည့် ပြုလုပ်ပုံ အဆင့်ဆင့် ရှင်းပြသည်။ဝါးအသုံးပြု၍ ပြုလုပ်သည့် ဆင်ရုပ်အကြမ်း ပေါ်လာပြီးသည့်နောက်တွင် ယင်းပုံကြမ်းပေါ်တွင် မှိုင်းခံစက္ကူအား ကော်အသုံးပြု၍ လိုက်လံကပ်ရပြီး ထိုစက္ကူအပေါ်မှ တစ်ဆင့် ပိုမိုခိုင်ခံ့ ရုပ်လုံးကြွရန် ဘိလပ်မြေ အိတ်ခွံဟု လူသိများသော စစ်တောင်းစက္ကူ အညိုစက္ကူအထူ တစ်မျိုးကို ထပ်ကပ်ရသည်။ဆင်အရုပ်ချိုးသည့်အခါ ပုံကြမ်းအဆင့်မှ စ၍ အဆင့်ဆင့်တွင် သူ့အပိုင်းနှင့်သူ အရေးကြီးပြီး ပုံကြမ်းအဆင့်တွင် စနစ်တကျ လုပ်ကိုင်ခဲ့မှသာလျှင် ဆင်ရုပ်အချောပုံမှာ အချိုးအစား ပြေပြစ်လှပမည် ဖြစ်သည်။ စက္ကူများကပ်၍ ဆင်ရုပ်လုံးပုံ ပေါ်ပေါက်သည့် အဆင့်တွင် ဆင်တစ်ကောင်၏ သွင်ပြင်လက္ခဏာများအတွက် စက္ကူရုပ်လုံးပေါ်တွင် ပန်းချီရေးဆွဲရခြင်းမှာ အရေးကြီးပြီး ကြည့်လိုက်သည်နှင့် တကယ့်သက်ရှိ ဆင်တစ်ကောင်အလား ဖြစ်စေရန် ရှေးအဆက်ဆက် နည်းစနစ်များနှင့် အနုပညာအား ဟန်ချက်ညီ ပေါင်းစပ်နိုင်ရန်အတွက် လမ်းရိုးဟောင်းကို ဆင့်ကာထွင်ရသည့် ပညာမှာလည်း လွယ်မယောင်နှင့်ခက်သည့် ပညာရပ် တစ်ခုပင်။လူဝင်၍ ကရသော မြေနင်းဆင်ကို ကျောက်ဆည်မြို့ ညောင်ခြောက်ပင်ရပ်မှ ဆရာငယ်က ၁၉၂၅ ခုနှစ်တွင် နွဲ့ဆိုးဟူသော ဆင်ကြီးအား တီထွင် ပွဲထုတ်ခဲ့ရာမှ ယနေ့မျက်မှောက်ခေတ် ကာလအထိ ဆင်အရုပ်ချိုးမှု ရိုးရာလက်မှု အနုပညာတစ်ရပ်ကို လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်ဆည်မြို့၌ ဆင်အရုပ် ပြုလုပ်သော လုပ်ငန်းလုပ်ကိုင်သည့် ပညာရှင် ခုနစ်ဦးခန့်ရှိကာ ဝါသနာအလျောက် ကိုယ်ပိုင်ဆင်အရုပ်ချိုး ပြုလုပ်၍ ပြိုင်ပွဲဝင်သူများလည်း ရှိကြပေသည်။ကျောက်ဆည်ဆင်အက ပြိုင်ပွဲအတွက် ဆင်အရုပ်များ ပြုလုပ်ပေးရမှုမှာ ဘော်ကြယ်ဆင်၊ ရိုးရာဆင်နှင့် ရိုးရာကလေးဆင်ဟူ၍ သုံးမျိုးသုံးစားရှိပြီး ဘော်ကြယ်ဆင်အမျိုးအစားမှာ နောက်ပိုင်းမှ ပေါ်ပေါက်လာသည့် အမျိုးအစားဖြစ်ပြီး လှပမှု ရှိစေရန် ကတ္တီပါစပေါ်တွင် ဘော်ကြယ်များအသုံးပြု၍ ပန်းခက်ကနုတ်များ ရေးထိုးကာ အလှဆင်သည့်အတွက် ဘော်ကြယ်ဆင်ဟု ခေါ်တွင်ခြင်း ဖြစ်ပြီး ယင်းဆင်ပြုလုပ်ရမှုမှာ အလှဆင်သူ၏ ဒီဇိုင်းပေါ် မူတည်၍ အချိန်ပေး ပြုလုပ်ရကြောင်း၊ ရိုးရာဆင်မှာ ရှေးအစဉ်အဆက် နည်းများအတိုင်း ဆင်ရုပ်လုံးပေါ်တွင် ရေဆေးအသုံးပြု ခြယ်သ၍ အလှဆင်သည့်အခါ ရွှေကလပ်၊ ငွေကလပ်ခေါ် ရွှေစက္ကူ ငွေစက္ကူများကိုသာ အသုံးပြု အလှဆင်ရလေ့ ရှိသည်။“ဘော်ကြယ်ဆင်တွေက လုပ်တဲ့သူပေါ် မူတည်ပြီး တတ်နိုင်ရင် တတ်နိုင်သလို အကုန်အကျ များတယ်။ ဆင်ပြိုင်ပွဲမှာ နောက်ပိုင်း ဘော်ကြယ်ဆင်တွေကို သိပ်အားမပေးဘူး။ ရိုးရာဆင်တွေကိုပဲ အားပေးတယ်။ ရိုးရာဆင်မှာ အဓိက ကျတာက ဆင်ဦးခေါင်းပိုင်း ပန်းချီခြယ်တာပဲ။ ညှင်းပေါက်လို့ခေါ်တဲ့ မွေးညှင်းပေါက် ပုံသဏ္ဌာန်လေးတွေ အရစ်လိုက်ကြွနေအောင် ခြယ်သနိုင်မှရတယ်။ ပြိုင်ပွဲမှာ ဆင်ရုပ်နဲ့ ပတ်သက်ပြီး လှပသေသပ်မှုအတွက် အမှတ်လည်း ပါဝင်တဲ့အတွက် ဆင်အရုပ်ချိုး ပညာကလည်း အရေးကြီးတယ်။ ပြိုင်ပွဲကျရင် ကိုယ်လုပ်ထားတဲ့ ဆင်ရုပ်နဲ့ ပတ်သက်ပြီး ကောင်းတာတွေ မကောင်းတာတွေ သိနိုင်ဖို့ ပရိသတ်ထဲက ဝေဖန်သံတွေကို နားထောင်ရတယ်” ဟု ဆင်အရုပ်ချိုး ပညာရှင် ပန်းချီရွှေအိုးက ရှင်းပြသည်။ပြိုင်ပွဲဝင်ရန် ရည်ရွယ်ပြုလုပ်သည့် ဆင်အရုပ် တစ်ရုပ်အတွက် ကုန်ကျစရိတ်မှာ ရိုးရာဆင် တစ်ကောင်လျှင် နှစ်သိန်းမှ နှစ်သိန်းအထက်ရှိပြီး ဘော်ကြယ်ဆင်ဆိုပါက ရှစ်သိန်းမှ ၁၀ သိန်းအထက် ရှိသော်လည်း တစ်နှစ်တစ်ခါ ကျင်းပသည့် ဆင်ပွဲအတွက် ဆင်အရုပ်အသစ် သီးသန့်ချိုး၍ ပြိုင်ပွဲဝင်ကြသည်သာ များသည်။“အရင်ကတော့ ကုန်ကျစရိတ် သိပ်မရှိတော့ ဆင်ပြိုင်ပွဲ ပြီးသွားပြီဆိုရင် ဆင်တွေကို လှူတဲ့ အနေနဲ့ မင်းရဲချောင်းထဲ ပစ်ချပြီး မျှောလိုက်ကြတယ်။ အခုနောက်ပိုင်း ကုန်ကျစရိတ်က များလာတော့ အရင်ကလို ရေထဲ မမျှောတော့ဘူး။ နောက်နှစ်အတွက် အကတိုက်ဖို့ ပြန်သိမ်းထားကြတယ်။ ပြိုင်ပွဲဝင်ဖို့ အတွက်ကတော့ အသစ်ပဲ ချိုးကြတယ်။ အဟောင်းတွေကတော့ အကလေ့ကျင့်တဲ့ အခါရယ်၊ ပြိုင်ပွဲ မဝင်ခင် ဝါတွင်းမှာ မြို့ထဲ လှည့်အလှူခံတဲ့ အခါရယ် အသုံးပြုကြတယ်” ဟု နှစ်စဉ် ဆင်က ပြိုင်ပွဲဝင်သည့် ကျောက်ဆည်သားတစ်ဦးက တစ်ချိန်က အတိတ်ကို လွမ်းဆွတ်ကြည်နူးဖွယ် ပြန်ပြောင်းပြောပြသည်။ရိုးရာ အစဉ်အလာအားဖြင့် ကျောက်ဆည်မြို့ ဆင်လှူပွဲတော်နှင့် ဆွမ်းတော်ကြီး ကပ်လှူပွဲကို အနော်ရထာမင်းကြီးလက်ထက် လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်ကတည်းက နှစ်စဉ်ရိုးရာမပျက် ကျင်းပခဲ့ခြင်းဖြစ်ပြီး စတင်ပူဇော် လှူဒါန်းစဉ် ကာလများက ဆန်မှုန့်၊ ကောက်ညှင်းမှုန့်တို့ဖြင့် ပြုလုပ်သော မုန့်ရုပ်ဆင်များဖြင့် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ည၌ လှူဒါန်းပူဇော်၍ ဆွမ်းတော်ကြီးကပ် ဘုရားဝတ်တက်ကြသည်။ လပြည့်နေ့တွင် ဆွမ်းတော်တင်ပြီးသည့် မုန့်ရုပ်ဆင်များကို တောင်ပေါ်မှ တောင်အောက်သို့ ပစ်ချလေ့ရှိကြောင်း နောက်ပိုင်းတွင် မုန့်ရုပ်ဆင်များအစား ရွှံ့ကို ဆင်ရုပ်လုပ်ကာ ရွှေရောင်ငွေရောင် စက္ကူများ ကပ်ပြီး လှူဒါန်းလာကြသည်။ ထို့နောက်တွင် ဝါး၊ စက္ကူတို့ဖြင့် ချိုးလုပ်သည့် ဆင်ရုပ်ငယ်ကို ထမ်းစင်ပေါ်သို့တင်ကာ လူနှစ်ယောက်ထမ်းပြီး တောင်ပေါ်တက် လှူဒါန်းကြခဲ့ရာမှ လက်ရှိ လူဝင်ကနိုင်သော ဆင်ရုပ်များအထိ ခေတ်အဆက်ဆက် ကျင်းပလာခဲ့ခြင်း ဖြစ်သည်ဟု သိမှတ်ရလေသည်။တစ်နှစ်တစ်ခါ ဆင်အရုပ်များ ပြုလုပ်၍ ဆင်အကအလှ ပြိုင်ပွဲနှင့် ဆင်အလှူပွဲတော် ကျင်းပနေရသည်ကို ကျောက်ဆည်မြို့သူ၊ မြို့သားများက အနော်ရထာမင်းကြီး မိန့်မှာခဲ့သည့်အတိုင်း ပြုလုပ်ပူဇော်နေရသည့်အတွက် တစ်နည်းအားဖြင့် အနော်ရထာမင်းအား ကျေးဇူးဆပ်သည့် ပွဲတော်ဟုလည်း ဆိုကြပြန်သည်။ ဆင်ပွဲ မကျင်းပဖြစ်ပါက ဆန်ရေစပါး ပေါကြွယ်ဝမှု မရှိသကဲ့သို့ မြို့သူမြို့သားများလည်း ရောဂါဘယ ထူပေါနိုင်သည်ဟု မှတ်ယူမှုရှိကြပြီး ဆင်လှူပွဲ မကျင်းပခဲ့သည့်နှစ်များတွင် တိုက်တိုက်ဆိုင်ဆိုင် ဘေးအန္တရာယ်ကြုံတွေ့မှုများလည်း ဖြစ်ပေါ်ခဲ့ဖူးသည်ဟု ကြားသိရသောအခါ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်းပါလားဟု တွေးဆနေမိသည်။ကျောက်ဆည်နှင့် ဆင်ရုပ် ခွဲခြား၍ မရသကဲ့သို့ ကျောက်ဆည်သားများအတွက် ဆင်အက၊ ဆင်ရုပ် ပြုလုပ်မှုမှာလည်း မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် ခေတ်ကာလ အတွန်းအတိုက် အချိုးအကွေ့ ကြားကပင် မျက်မှောက်ခေတ်အထိတိုင်အောင် အယဉ်၊ အရိုင်း၊ အဆင်ဒီဇိုင်းများဖြင့် ဆင်အကအလှ ပြိုင်ပွဲနှင့် ကျောက်ဆည်တွင်သာရှိသည့် ဆင်ချိုးမှု အနုသုခုမ ပညာရပ်မှာလည်း ရိုးရာအမွေ ထိန်းသိမ်းရင်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ရှင်သန်နေပေဦးမည်။ယခုကဲ့သို့ ပွဲတော်ကျင်းပရန် တစ်ရက်ထက် တစ်ရက် နီးကပ်လာသည့် ကာလများမှာတော့ ပြိုင်ပွဲဝင်မည့် ဆင်ရုပ်များသည် ပွဲစင်မြင့်ထက်တွင် အလှကပြနိုင်ရန်အတွက် ဟန်အပြည့်ဖြင့် အသင့်ရှိနေပြီဖြစ်သည်။ ဆင်က ပညာရှင်ကလည်း ကကွက်အသစ်အဆန်းများ ဖန်တီးရင်း ပွဲတော်ရက်ကို စောင့်မျှော်နေကြပြီ။ ဆင်အရုပ်ချိုးသော ပညာရှင်များကလည်း မိမိတို့၏ လက်အစုံဖြင့် ပြုလုပ်ခြယ်သ ဆင်ယင်ထားသော ဆင်ရုပ်များ ပွဲစင်မြင့်ထက်တွင် သူ့ထက်ငါ အပြိုင်ထွက်ပေါ်လာချိန်၌ ပရိသတ်၏ မှတ်ချက်ပြုမည့် အာမေဍိတ်သံများကို တွေးမျှော်ရင်း ကိုးခရိုင်သားတို့ ဆင်ပွဲကျင်းပချိန်ကို တွေးပျော်လျက် ရှိကြပေတော့သည်။










