ပညာသည်သာ ရတနာ ဆရာသည်သာ အခရာ

ပညာသည်သာ ရတနာ ဆရာသည်သာ အခရာ
အောက်တိုဘာ ၅ ရက်က ကလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
အောက်တိုဘာ ၅ ရက်က ကလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
Published 6 October 2016
ဒေါက်တာအောင်သန်းဝင်း (အရှေ့တိုင်းပညာ)

ပညာသည် ပါဠိဝေါဟာရ ဖြစ်ပြီး ရှေ့ဆက်ပစ္စည်း “ပ” နှင့် “ဉာ” ဓာတ်တို့ ပေါင်းစပ်ထားခြင်းဖြစ်ပြီး မြန်မာတို့က တိုက်ရိုက်မွေးစား၍ အသုံးပြုနေခြင်းဖြစ်သည်။ ယနေ့ခေတ်သည် ပညာခေတ်၊ ပညာရေးဖြင့် ခေတ်မီ်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နေသော ခေတ်လည်း ဖြစ်သည်။ “ပညာသည် အကျိုးအပြစ်ကို ခွဲခြားနိုင်သော ဉာဏ်ဖြစ်သည်” ဟု ရှင်မဟာ သီလဝံသက မိန့်ဆိုခဲ့ပါသည်။ ပညာဟူသည် “ဝေဖန်ပိုင်းခြား၍ သိမြင်တတ်သော သဘော၊ အကြားအမြင် ဗဟုသုတ အမှန်သိခြင်း” ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုထားသည်။ ကမ္ဘာတွင် သိပ္ပံနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ သင်ယူတတ်မြောက်ဖွယ်ရာ အသိပညာ၊ အတတ်ပညာများကလည်း များပြားလှသည်။ လူသားတို့ နေထိုင်ရာ ဤကမ္ဘာကြီးတွင် တန်ဖိုးမဖြတ်နိုင်သော အရာမှာ “ပညာ” ဖြစ်သည်။ ထို့ကြောင့် ရှေးပညာရှိများက “ပညာဟူသည် မြတ်ရွှေအိုး၊ ပညာရှိတို့ တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည်” ဟု ဆိုရိုးစကားပြုခဲ့ခြင်း ဖြစ်သည်။ “ပညာပြည့်၀ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏” ဟု မဃဒေဝလင်္ကာက ဆုံးမထားပါသည်။ သုံးလောကထွတ်ထား သဗ္ဗညု မြတ်စွာဘုရားကလည်း “ပညာသမာ အာဘာနတ္ထိ၊ ပညာနှင့်တူသော အလင်းရောင် မရှိ” ဟု ဟောကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် ပညာသည်သာ ရတနာဖြစ်ပါသည်။နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာမြင့်မားမှုပေါ်တွင် မူတည်သည်။ ၂၁ ရာစုခေတ်တွင် ပညာမဏ္ဍိုင် ကြံ့ကြံ့ခံမှ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး လှပဝေဆာသော ပြည်မြန်မာ ဖြစ်လာပေမည်။ ထို့ကြောင့် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို ပညာလွှမ်းမိုးသော အဖွဲ့အစည်း ဖြစ်လာအောင် နိုင်ငံသား အားလုံး ကြိုးစားရမည်ဖြစ်သည်။ ယနေ့ ကမ္ဘာကြီးသည် ပညာခေတ်ဖြစ်၍ နည်းပညာသစ်များ ထွန်းကားလာခြင်းကြောင့် ကမ္ဘာ့ရွာကြီးဟု တင်စားခေါ်ဝေါ်လာကြရသည်။ ကွန်ပျူတာ၊ အင်တာနက်၊ အီးမေးလ်တို့ကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည့် သတင်းနည်းပညာခေတ် အိုင်တီခေတ်တွင် တိုးတက်လာသော ခေတ်မီနည်းပညာများကို တတ်မြောက်ရန် လူတိုင်းကြိုးစားရမည်ဖြစ်သည်။အလုံးစုံသော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ပညာသည်သာလျှင် ပဓာန၊ ပညာသည်သာလျှင် အဓိက၊ ပညာသည်သာလျှင် အခရာ ဖြစ်ပါသည်။ ထို့ကြောင့် ပညာသည် ဖွံ့ဖြိုးတိုးတက်လာမှု အလုံးစုံ၏ ရင်းမြစ်ဖြစ်သည်။ အသိပညာကို ဆောင်ကြဉ်းပေးနိုင်သော ဝိဇ္ဇာပညာရပ်ဖြစ်စေ၊ အတတ်ပညာကို ဆောင်ကြဉ်းပေးနိုင်သော သိပ္ပံပညာရပ်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှု အလုံးစုံတွင် အပြန်အလှန် အမှီသဟဲပြုလျက် ရှိနေပေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတော် ကာကွယ်ရေး အင်အားသုံးရပ် တောင့်တင်းခိုင်မာရေးအတွက် နိုင်ငံသားတိုင်း၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည်။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက မဏ္ဍိုင်မှာ ပညာရေးဖြစ်သည်။အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ်ဒေသတာဝဂ်၊ ဒုတိယမိတ္တသုတ်တွင် ဆရာကောင်းတစ်ဦးဖြစ်ရန် ကျင့်ကြံရမည့် အချက်များကို ရေးဖွဲ့ထားရှိ ပါသေးသည်။ ၎င်းတို့မှာ အကျင့်သီလနှင့် ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ် ရှိရမည်။ သမာဓိနှင့် ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာ ဖြစ်ရမည်။ ပညာနှင့် ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာ ဖြစ်ရမည်။ တပည့်များ မသင့်မလျော် ပြောဆိုပြုမူသည်ကို တွေ့မြင်လျှင် လျစ်လျူမရှု၊ ကြောင့်ကြပြုပြီး ပြောဆို ဆုံးမနိုင်ရမည်။ သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုမှု ဟူသမျှကို သည်းခံနိုင်ရမည်။ နက်နဲသော တရားစကား ပြောကြားနိုင်ရမည်။ တပည့်များအား မသင့်မလျော် မလျောက်ပတ်သော အရာတို့ကို ခိုင်းစေမှု မပြုရစသော အချက်များ ပါဝင်ပါသည်။ ယင်းအချက်များနှင့် ကိုက်ညီအောင် ကျင့်ကြံလျှင် ဆရာ၏ ဂုဏ်ရောင်သည် ထာဝစဉ် ထွန်းပြောင်နေမည် ဖြစ်သည်။ခေတ်စနစ် ပြောင်းလဲတိုးတက်လာမှုနှင့် အညီ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက် ရှိပါသည်။ အခမဲ့ မသင်မနေရ ပညာရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးခြင်း၊ ပညာသင်ဆုများ၊ ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးခြင်း၊ အဋ္ဌမတန်း၊ နဝမတန်း၊ ဒသမတန်း ကျောင်းသားကျောင်းသူများထဲမှ ဘက်စုံပညာ ထူးချွန်ကျောင်းသားကျောင်းသူများ ရွေးချယ်ပြီး ပြည်တွင်းပြည်ပ လေ့လာရေးခရီးများ စေလွှတ်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ကျောင်းများတွင် ကင်းထောက်လူငယ်များ ဖွဲ့စည်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးလျက် ကိုယ့်အားကိုယ်ကိုးတတ်သော အများအကျိုး ဆောင်ရွက်လိုသော၊ နိုင်ငံသားကောင်းများ ဖြစ်ထွန်းလာစေရန် ဆောင်ရွက်နေချိန်တွင် ဆရာ၊ ဆရာမများ၏ တာဝန်မှာ လွန်စွာ ကြီးမားလှပေသည်။အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်သော စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားကောင်းမြတ်သော လူငယ်ကလေးများ ပေါ်ထွန်းလာအောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် Electronic ပစ္စည်းကိရိယာများ သုံးပြီး လေ့ကျင့်သင်ကြားပေးနေသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သော ကောင်းမြတ်သည့် အတွေးအခေါ်နှင့် သီလ၊ သမာဓိ၊ ပညာ စသည်တို့ တိုးတက်စေရန် အတွက်လည်း ဗုဒ္ဓယဉ်ကျေးမှု အခြေခံများကိုလည်း သင်ကြားပေးရမည်ဖြစ်သည်။ဆရာ/ဆရာမတိုင်းသည် မိမိတို့ ကျွမ်းကျင်ရာ နှစ်သက်ရာ၊ စိတ်ဝင်စားရာ သုတေသန နယ်ပယ်တို့တွင် အရှိန်အဟုန်မြှင့်၍ သုတေသန ပြုကြခြင်းဖြင့် ပညာရပ်နှင့် ပညာရပ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်ပြီး၊ ဘာသာရပ်အလိုက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှု၊ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ သင်ကြားရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု စသည့် ရလဒ်ကောင်းများကို ရရှိလာစေမည် ဖြစ်သည့်အပြင် ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံံ့ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်သည်။ဆရာနှင့် စပ်လျဉ်း၍ နီတိကျမ်းတွင် သစ်ပင်၏ အရိပ်သည် ချမ်းသာ၏။ ထိုသစ်ပင်အရိပ် ချမ်းသာသည်ထက် ဆွေမျိုးမိဘတို့၏ အရိပ်သည် ချမ်းသာ၏။ ထိုဆွေမျိုးမိဘတို့၏ အရိပ်ချမ်းသာသည်ထက် ဆရာ၏ အရိပ်သည် ပို၍ ချမ်းသာ၏ဟု ဆိုထားပါသည်။ ဆရာကောင်း၏ အင်္ဂါလက္ခဏာများကို မန်လည်ဆရာတော်က မာဃဒေ၀ လင်္ကာသစ်တွင် “ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊ လွဲမိုက်ဆုံးမ၊ မေးသမျှခံ၊ ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍၊ ကျိုးနည်းမတန်း၊ ခုနစ်ခန်းနှင့်၊ ပြည့်လျှမ်းညီညာ၊ ဤဆရာ၊ ရှာဖွေ တပည့်ခံ” ဟူ၍ သီကုံးဖွဲ့ဆို ခဲ့ပါသည်။ မှန်ပါသည်။ တပည့်များအတွက် ဆရာကောင်း လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်၊ ဆရာကုန်ရှုံးလျှင် တစ်သံသရာလုံး မှောက်ဟူသော ဆိုရိုးစကား ရှိနေသောကြောင့် ဖြစ်ပါသည်။“နဖူးစွန်းနှင့်၊ ဒူးပွန်းခံကာ၊ ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊ ငရဲအပါယ်၊ အမြစ်တွယ်၊ ဝဋ်နွယ်ရှည်လျားရာ” ဟု လယ်တီဆရာတော် ဘုရားကြီးက မိန့်ကြားခဲ့ပါသည်။ ထိုလင်္ကာ အတိုင်းပင် အဇာတသတ်သည် ဆရာရှင်ဒေဝဒတ်ကြောင့် တစ်သံသရာလုံး မှောက်ခဲ့ရသည်။ သံဝရမင်းသားလေးသည် ဆရာကောင်းထံတွင် ဆည်းကပ်ခဲ့မိသောကြောင့် အစ်ကိုတော်၊ နောင်တော်များကို ကျော်လွန်၍ မင်းစည်းစိမ်ကို ရရှိခဲ့သည့် သာဓကများလည်း ရှိခဲ့သည်။ ထို့ကြောင့် ဆရာသည် လူသားများ၏ ဘဝဗိသုကာလည်း ဖြစ်ပါသည်။ “တိလောကဟု၊ မရနှိုင်းတု၊ ဘက်မပြုသည်၊ သုံးဆူရတနာ၊ မာတာပိတ၊ ဆရာစသား၊ အရှင်များ” ဟု ရှင်မဟာသီလဝံသကလည်း စပ်ဆိုထားပါသည်။ ရှေးဟောင်းပါဠိ ကျမ်းဂန်များက “သိဿာနံ ဟိတံ အာစရတိ။ ဣတိသသ္မာအာစရိယော- တပည့်တို့၏ အကျိုးစီးပွားကို ပြုကျင့်တတ်ပါပေ၏။ ထို့ကြောင့် ဆရာမည်၏” ဟု ဖွင့်ဆိုပါသည်။ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် “ဆရာ၏ အဓိပ္ပာယ်ကို သွန်သင်ဆုံးမ နည်းလမ်းပြသော ပုဂ္ဂိုလ်၊ ပညာပို့ချ သင်ကြားပေးသူ” ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။ ဆရာသည် လူသားများ၏ ဦးသျှောင် အကြီးကျယ်ဆုံးသော ဘဝဗိသုကာ ပညာရှင်များ ဖြစ်ကြသည်။ မိမိ တပည့်လေးများ၏ဘ၀ တိုးတက်ကောင်းမွန်ရေးအတွက် အခြေခံ ပန္နက်ချပေးပြီး ဂရုတစိုက် တည်ဆောက်ပေးကြသည်မှာ ဆရာများသာဖြစ်သည်။ ရှေးရှေးသော ပညာရှိတို့ကလည်း “ပညာဇီဝိံဇီဝိတမာဟု သေဋ္ဌံ- ပညာဖြင့် အသက်မွေးသောသူ၏ အသက်ရှင်ခြင်းကိုသာလျှင် မြတ်သောအသက်ရှင်ခြင်း” ဟု ဆိုပါသည်။ ထို့ကြောင့် ဆရာ၏ အသက်မွေးဝမ်းကျောင်းသည် မွန်မြတ် သန့်စင်ပါပေသည်။ဆရာတို့သည် ကြီးမားမြင့်မြတ်လှသော “ဆရာဝတ္တရား ငါးပါး” ဖြစ်သည့် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ” ဟူသော လင်္ကာနှင့်အညီ၊ စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာတို့ဖြင့် တပည့်များအား အလေးထား သင်ကြားပေးပါသည်။ ထို့ပြင် “ထကြွ၊ နိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူ့ဂုဏ် အင်္ဂါ” ဟူသော နာယကဂုဏ် ခြောက်ပါး။ “သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ” ဟူသော သူတော်ကောင်းတရား ခုနစ်ပါးနှင့်လည်း ပြည့်စုံသူများ ဖြစ်ကြသည်။“ဆရာကောင်းတပည့် ပန်းကောင်းပန်၊ နောက်ဆံတဝင့်ဝင့်” ဟူသော ဆိုရိုးစကားနှင့် အညီ တပည့်တို့သည် ဆရာကောင်း၊ ဆရာမြတ်တို့ထံ၌ “တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်။ စာပေတတ်ကြောင်း၊ တစ်ချောင်းချောင်းလျှင် ကြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံကျက်မှတ်” ရပေမည်။ သို့မှသာ မျိုးစေ့လည်းမှန်၊ ပင်လည်းသန်၍၊ ဖူးတံငုံကင်း၊ သီးနှံဝင်းသကဲ့သို့ ရှိပေလိမ့်မည်။မျက်မှောက်ခေတ်ကို “ပညာခေတ်” ဟု ခေါ်ကြသည်။ ပညာခေတ်တွင် ပညာသင်ကြား ပို့ချပေးသူ ဆရာများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်လာသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း ဆရာတို့အား အလေးထားလာကြသည်။ မြင့်မြတ်သော ဆရာတို့၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးလာကြသည်။ ချီးမြှင့် ဂုဏ်ပြုလာကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း နှစ်စဉ် အောက်တိုဘာ ၅ ရက်နေ့အား “ကမ္ဘာ့ဆရာများနေ့” အဖြစ် သတ်မှတ်ကာ နိုင်ငံအလိုက် ဆရာများအား ဂုဏ်ပြုအခမ်းအနားများ ကျင်းပပေးရန် ကြေညာချက် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင်လည်း “ကမ္ဘာ့ဆရာများနေ့” အား နိုင်ငံတော်က ကြီးမှူး၍ တခမ်းတနား ကျင်းပပါသည်။ဆရာတို့သည် ဝါသနာကို အရင်းပြု၍ စေတနာကို ကျောရိုးလုပ်ကာ အနစ်နာကို ထမ်းပိုးထားသူများ ဖြစ်ကြသည်။ “ရှေးရှု မေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” ဟူသော မန်လည်ဆရာတော် ဘုရားကြီး၏ မဃဒေဝလင်္ကာသစ်နှင့်လည်း ကိုက်ညီကြပါသည်။ ဆရာတို့သည် ရိက္ခာ မရှိသော်လည်း သိက္ခာရှိသည်။ အသပြာ မကြွယ်သော်လည်း သဒ္ဓါကြွယ်သည်။ အာဏာ မရှိသော်လည်း သြဇာရှိသည်။ ကျောင်းသားလူငယ်များ၏ ချစ်ကြောက်ရိုသေမှုကို ခံယူနေကြသူများမှာ မြတ်ဆရာများပင် ဖြစ်သည်။ ဆရာဟူသည် စေတနာ၊ မေတ္တာ၊ အကြင်နာ၊ ဝါသနာ၊ စံပြုစရာ စသော နမူနာယူစရာပေါင်း များစွာကို ရင်ဝယ်ပိုက်၍ တပည့်များကို ရှေ့ဆောင်လမ်းပြပေးသော လမ်းပြကြယ်များ၊ လူသားများ၏ ဘဝဗိသုကာများ၊ တိုင်းပြည်၏ အနာဂတ်ကို ပုံဖော်မည့် လူငယ်များအား ပုံသွင်းပေးသည့် အခရာကျသော ဥယျာဉ်မှူးများ ဖြစ်ပေသည်။ ထို့ကြောင့် ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာဟု ဆိုလိုက်ချင်ပါတော့သည်။- (ဟင်္သာတမြို့၊ နဝဓုတင်္ဂါစာရ၊ ကျောက်ထီး တန္တု၊ သာသနာပြု ဆရာတော် ဘုရားကြီးနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဤဆရာများနေ့ ဂုဏ်ပြုဆောင်းပါးဖြင့် ကန်တော့ပါ၏။)

Most Read

Most Recent