မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အတွင်းရှိ အနိမ့်ပိုင်းကျေးရွာများတွင် စမုံမြစ်ရေလျှံမှုကြောင့် ကြက်သွန်၊ စပါးနှင့် အခြားသီးနှံစိုက်ခင်းများ ရေဝင်နစ်မြုပ်လျက်ရှိပြီး ဆောင်းသီးနှံစိုက်ပျိုးရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မိုးရာသီ ကာလအတွင်း စမုံမြစ်ရေမြင့်တက်ကာ စမုံမြစ်နှင့် ဆက်စပ်လျက်ရှိသည့် ချောင်းများမှတစ်ဆင့် မြစ်သားမြို့နယ်အတွင်းရှိ လောင်းတော်ဦး၊ နွားကူးလေး၊ နွားလျှာရိုး၊ မြောင်ကျစ်၊ ပေါက်မြိုင်၊ နွားဖြူငယ်၊ အင်းရင်း၊ ဆင်ခြံ အစရှိသည့် ကျေးရွာစိုက်ခင်းများကို ရေဝင်ရောက်လေ့ရှိရာ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲ ဖြစ်ပေါ်လေ့ရှိပြီး လက်ရှိတွင် လောင်းတော်ဦးနှင့် နွားကူးလေးကျေးရွာ စိုက်ပျိုးမြေများအား ရေဝင်နစ်မြုပ် နေမှုကြောင့် စိုက်ပျိုးထားသည့် သီးနှံခင်းများ ပျက်စီးမှု ဖြစ်ပေါ်သည်နှင့်အတူ ရေမကြာခဏ မြင့်တက်မှု ဖြစ်ပေါ်နေသည့်အတွက် ကြက်သွန်၊ သခွားနှင့် ဆောင်းသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“စမုံမြစ်က အထက်ပိုင်းဒေသဖြစ်တဲ့ ကလောဘက်ကနေ ဖြစ်ဖျားခံလာတာဖြစ်ပြီး သာစည်၊ ဝမ်းတွင်း နယ်ဘက်တွေနဲ့ ဆက်စပ်မှုရှိတယ်။ အဲဒီဘက်တွေမှာရှိတဲ့ ဆည်တွေက ရေဖောက်ချရင်လည်း စမုံမြစ်ထဲကို ဝင်တယ်။ နောက်ပြီး မြစ်သားဘက် စမုံမြစ်ပေါ်မှာ သစ်တပ်ကုန်း ရေလွှဲဆည်ဆိုတာ ရှိတော့ အထက်က မိုးများတဲ့အချိန် ရေလွှတ်တာတွေနဲ့ သစ်တပ်ကုန်းဆည်က ထောက်နေတော့ မြစ်ရေက ဆည်ရဲ့အထက်ပိုင်းဖြစ်တဲ့ နွားကူးလေးတို့၊ လောင်းတော်ဦး ကျေးရွာတွေထဲကို ဝင်ကုန်တယ်။ မနှစ်ကတော့ မိုးနည်းလို့ ရေမတက်ခဲ့ဘူး။ ဒီနှစ်ထဲမှာ ရေတက်တာ မကြာခဏရှိနေပြီ။ တက်လိုက်ကျလိုက်ဖြစ် နေတော့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ဖို့အတွက် အခက်အခဲဖြစ်နေတယ်။ ဒီတိုင်းဆိုရင် ဆောင်း သီးနှံစိုက်ဖို့က နောက်တစ်လခွဲ နှစ်လလောက်မှ စိုက်နိုင်တော့မှာ” ဟု နွားဖြူငယ်ရွာမှ ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် နွားကူးလေးရွာနှင့် လောင်းတော်ဦးရွာများရှိ နေအိမ်များ၊ လမ်းများနှင့် စိုက်ခင်းမြေများ အတွင်းသို့ စက်တင်ဘာလ အတွင်းမှစ၍ မြစ်ရေမြင့်တက် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
“စက်တင်ဘာလကနေစပြီး အောက်တိုဘာ လဆန်းအထိ ရေဝင်တာ သုံးကြိမ်ရှိသွားပြီ။ ဒုတိယအကြိမ် တုန်းကတော့ တော်တော်များများ ဝင်ခဲ့တဲ့အတွက် စပါးစိုက်ခင်းအချို့ မြုပ်ကုန်တယ်။ အခု ရေပြန်တက်တာ အောက်တိုဘာ ၃ ရက်က ရေက ဝင်လိုက်၊ ပြန်ကျသွားလိုက်နဲ့ ဖြစ်နေတော့ ဒီအချိန်စိုက်ရမယ့် ကြက်သွန်တို့၊ သခွားတို့ စိုက်ဖို့အတွက် တောင်သူတွေမှာ မစိုက်ရဲဘူး ဖြစ်နေတယ်။ တချို့စိုက်ထားတဲ့ ကြက်သွန်ခင်းတွေထဲကို ရေမဝင်အောင် တာပေါင်ဖို့တာတွေနဲ့ ဝင်ရင် ရေစုပ်စက်နဲ့ ရေစုပ်ထုတ်တာတွေ လုပ်ရတယ်။ အဓိက ရေဝင်တာက မြစ်အောက်ပိုင်းမှာရှိတဲ့ သစ်တပ်ကုန်းဆည်က သဲနုန်းမြေတွေပို့ပြီး ဆည်က ကောသလိုဖြစ်နေတာ့ ရေကောင်းကောင်း မထွက်ဘဲ ဆည်က ရေထောက်ပြီး ကျွန်တော်တို့ ရွာတွေဘက်ကို ရေလျှံလာတာ။ ဖြစ်နိုင်ရင် ဆည်ကို မရှိစေချင်ဘူး” ဟု နွားကူးလေးရွာမှ ကိုခင်မောင်ဝင်းက ပြောကြားသည်။
“သစ်တပ်ကုန်းဆည်က ရေလွှဲဆည်ဖြစ်တဲ့အတွက် ရေလှောင်တာ မရှိပါဘူး။ ရေထုတ်မြောင်း တွေကလည်း အားလုံးကောင်းပါတယ်။ အခု ရေဝင်တာက ထူးခြားမြစ်ရေ မြင့်တက်မှုကြောင့် မဟုတ်ဘဲ ဝမ်းတွင်း၊ မိတ္ထီလာဘက်တွေမှာ မိုးရွာတာကြောင့် မိုးရေဆင်းလာပြီး အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်တာပါ။ လက်ရှိ စမုံမြစ်ရေ အမှတ်အနေနဲ့ကတော့ စိုးရိမ်စရာ မရှိပါဘူး။ ဒီလိုရေဝင်ခြင်းတွေ နောက်နှစ်တွေ မဖြစ်ဖို့အတွက် ဘာလုပ်ပေးရမလဲ ဆိုတာကို ဌာနအနေနဲ့ ဆောင်ရွက်သွားမှာပါ” ဟု မြစ်သားမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိက ပြောကြားသည်။
မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စာရင်းများအရ စက်တင်ဘာလအတွင်း စမုံမြစ်ရေ ဝင်ရောက်မှုကြောင့် ထိခိုက်မှုဖြစ်ပေါ်သည့် စိုက်ပျိုးမြေဧကမှာ လောင်းတော်ဦး ကျေးရွာတွင် ဧက ၁၀၀ ကျော်နှင့် နွားကူးလေး ကျေးရွာတွင် ၇၅ ဒသမ ၈၉ ဧကရှိပြီး ထိခိုက်မှု ဖြစ်ပေါ်သည့်ဧက စုစုပေါင်း ၁၇၈ ဒသမ ၂ ဧကရှိကြောင်း သိရသည်။
စမုံမြစ်ရေလျှံမှုကြောင့် မြစ်သားမြို့နယ် အနိမ့်ပိုင်း ကျေးရွာများရှိ စိုက်ခင်းများ ရေဝင်နစ်မြုပ်လျက်ရှိပြီး ဆောင်းသီးနှံ စိုက်ပျိုးရန် အခက်အခဲဖြစ်









