မင်္ဂလာဒုံမြို့နယ်တွင် ရဲအရာရှိဟောင်း အပါအဝင် မိသားစုလေးဦး အသတ်ခံရသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း ကျူးလွန်သူအား ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေး

မင်္ဂလာဒုံမြို့နယ်တွင် ရဲအရာရှိဟောင်း အပါအဝင် မိသားစုလေးဦး အသတ်ခံရသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း ကျူးလွန်သူအား ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေး
Published 2 October 2016
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

မင်္ဂလာဒုံမြို့နယ်တွင် ရဲအရာရှိဟောင်း အပါအဝင် မိသားစုလေးဦး အသတ်ခံရသည်မှာ တစ်လကျော်ပြီ ဖြစ်သော်လည်း ကျူးလွန်သူကို လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အောက်တိုဘာ ၂ ရက်တွင် သက်ဆိုင်ရာရဲစခန်းမှ သိရသည်။“ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ သံသယရှိတဲ့သူတွေလို့ ထုတ်ပြန်ထားတဲ့သူ သုံးဦးကိုလည်း စုံစမ်းလို့ မရသေးပါဘူး။ အတတ်နိုင်ဆုံး အမြန်ဆုံး ဖမ်းဆီးရမိဖို့ တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့တွေ၊ မှုခင်း အထူးအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်” ဟု သက်ဆိုင်ရာရဲစခန်းမှ ရဲအရာရှိတစ်ဦးက အောက်တိုဘာ ၂ ရက်က ပြောကြားသည်။အဆိုပါ လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည်မှာ ကြဂုတ် ၂၀ ရက်တွင်ဖြစ်ပြီး အခင်းဖြစ်ပြီးနောက် သေဆုံးသူများနှင့် ပတ်သက်ဆက်နွှယ်သူ ၆၀ကျော်အား ခေါ်ယူစစ်ဆေးခဲ့သော်လည်း ကျူးလွန်သူကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ထို့ပြင် အခင်းဖြစ်နေအိမ်အနီးသို့ အခင်းမဖြစ်ပွားမီ ရက်ပိုင်းအလိုက လာရောက် အကဲခတ်ကာ ဓာတ်ပုံလာရိုက်သူ သုံးဦးကို ရဲတပ်ဖွဲ့က ဓာတ်ပုံနှင့်တကွ သံသယရှိသူများဖြစ်ကြောင်းနှင့် တွေ့ရှိပါက ဆက်သွယ်သတင်းပေးရန် ထုတ်ပြန်ထားသော်လည်း ၎င်းတို့သုံးဦးကို ယနေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။လေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ ကျုးလွန်သူများအား အခြားနိုင်ငံနယ်စပ်များသို့ ထွက်ပြေးတိမ်းရှောင်မှု မရှိစေရန် နယ်စပ်ဂိတ်ပေါက်များကို လုံခြုံရေးအထူး တင်းကျပ်ထားပြီး နိုင်ငံတစ်ဝန်းတွင်ရှိသည့် ရဲစခန်းများကိုလည်း သံသယရှိသူသုံးဦး၏ ဓာတ်ပုံများကို ဖြန့်ကြက်ကာ စုံစမ်းရှာဖွေမှုများပြုလုပ်ထားကြောင်း သိရသည်။ဖြစ်စဉ်မှာ  သြဂုတ် ၂၀ ရက် နံနက် ၆ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊  ပတ္တမြားမြို့သစ်၊ မြအေးချမ်းလမ်းသွယ်(၂)၊ နဝရတ် လမ်းထောင့်နေ ဒေါ်ရီရီနွဲ့(၅၄)နှစ် သည် ရွှေပြည်သာမြို့နယ်ရှိ ဆွေမျိုးများနေ အိမ်မှပြန်လာစဉ် နေအိမ်ခြံဝင်းတံခါးနှင့် နေအိမ်တံတားမကြီး ပိတ်ထားသည်ကို တွေ့ရှိရသဖြင့် နေအိမ်တွင်ကျန်ခဲ့သည့် သမက်ဖြစ်သူ ရဲအရာရှိဟောင်း ကိုစိုးနောင်(၃၇)နှစ်၏ ဖုန်းနှင့်သမီးဖြစ်သူ မချယ်ရီပွင့် (၃၃) နှစ်၏ ဖုန်းကို ဆက်သွယ်ခဲ့ကြောင်း သိရသည်။ယင်းသို့ ဆက်သွယ်စဉ်မရသဖြင့် အနီး ပတ်ဝန်းကျင်ရှိ လူနှစ်ဦးအားခေါ်ပြီး နေအိမ်ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုခိုင်းခဲ့ပြီး နေအိမ်တံခါးအားဖွင့်ရာ နေအိမ်အတွင်း၌ သမက်ကိုစိုးနောင်(၃၇)နှစ်၊ မြေးကြီး မောင်ဟန်သူရ (၁၃)နှစ်၊ မြေးငယ်ဖြစ်သူ မောင်စွမ်းထက်မြတ်(၈)နှစ်၊ သမီးဖြစ်သူ မချယ်ရီပွင့်(၃၃)နှစ်တို့မှာ ဓားထိုးဒဏ်ရာများဖြင့် လဲကျ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ယင်းဖြစ်စဉ်ကို ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ) ၅၀၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျုးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိပြီး အခင်းဖြစ်ပွားသည်မှာ တစ်လခွဲခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent