မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ငရုတ်သီးမှုန့်များ၏ ထက်ဝက်ကျော်မှာ ခွင့်မပြုဆိုးဆေးများ ပါဝင်နေ

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ငရုတ်သီးမှုန့်များ၏ ထက်ဝက်ကျော်မှာ ခွင့်မပြုဆိုးဆေးများ ပါဝင်နေ
Published 2 October 2016
အိသဉ္ဇာကျော်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ငရုတ်သီးမှုန့်များ၏ ရာခိုင်နှုန်း ၅၀ ကျော်မှာ ခွင့်မပြုဆိုးဆေးများ ပါဝင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင်လည်း ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။
ဇူလိုင်လအတွင်းက ‘အစားအသောက်များတွင် ဆိုးဆေးကင်းစင်ရေး’ အစီအစဉ်အရ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဈေး ၁၃ ဈေးတွင် ရောင်းချသည့် ငါးပိ၊ အရောင် တင်မှုန့်၊ မျှစ်၊ ပဲကြီးလှော် အပါအဝင် အရောင်ပါ အစားအသောက်များကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက် အချို့၌ ခွင့်မပြုဆိုးဆေးများ တစ်မျိုးချင်းသာမက နှစ်မျိုးရောသုံးစွဲ ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။
ငါးပိ၊ မျှစ်၊ အရောင်တင်မှုန့်၊ ပဲကြီးလှော် စသည့်အရောင်ပါ အစားအသောက်များကို နမူနာကောက်ယူ ဓာတ်ခွဲစစ်ဆေးခဲ့ရာ နမူနာ စုစုပေါင်း ၄၇၈ မျိုးအနက် ၁၀၂ မျိုးတွင် ခွင့်မပြုဆိုးဆေးများ ဖြစ်သည့်  Auramine O၊ Rhodamine B၊ Sudan Dyes၊ Orange II စသည့်ဆိုးဆေးများကို တစ်မျိုးချင်း ဖြစ်စေ၊ နှစ်မျိုးရောဖြစ်စေ သုံးစွဲထားသည်ကို တွေ့ရှိခဲ့ ကြောင်း၊ ဈေး ၁၃ ဈေးရှိ ဈေးသူဈေးသားများအား ဆိုးဆေးများ၏ ဘေးအန္တရာယ်ကို ဟောပြောပြီး ခွင့်မပြုဆိုးဆေးများ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည့် အကြောင်း အသိပေး ရှင်းလင်းခဲ့ကြောင်း  သိရသည်။
မြန်မာနိုင်ငံတွင် အများဆုံး တွေ့ရှိရသော ခွင့်မပြုဆိုးဆေးများမှာ Auramine O၊ Rhodamine B၊ Sudan Dyes၊ Orange II တို့ဖြစ်ကြောင်း၊ ထိုခွင့်မပြုဆိုးဆေးများသည် အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများ ဖြစ်ပေါ်စေပြီး ရေရှည်တွင် ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပေါ်စေနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးဌာနမှ ပြောကြားချက်အရ သိရသည်။
စက်တင်ဘာလ အတွင်းက စားသုံးရန် မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူများ သိရှိနိုင်စေရန် စစ်ဆေးတွေ့ရှိခဲ့သည့် ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် အပါအဝင် စားသောက်ကုန် အမှတ်တံဆိပ်များကို ထုတ်ပြန်ကြေညာခဲ့သည်။
ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက်များကို နမူနာယူ စစ်ဆေးခဲ့ရာ မြရတီ အမှတ်တံဆိပ် ငရုတ်သီးမှုန့်၊ ဟိန်းအမှတ်တံဆိပ် ငရုတ်သီး အရောင်တင်မှုန့်များတွင် ခွင့်မပြုဆိုးဆေး Sudan III များ အသုံးပြုထားသည့်အပြင် အဏုဇီ၀ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ငွေကျေးမင်း အမှတ်တံဆိပ် ငရုတ်ဆီ၊ ညိုညို အမှတ်တံဆိပ် ငရုတ်သီးအစိမ်းမှုန့်၊ ဆီတို့ဟူး၊ သရက်သီး သနပ်၊နနွင်းမှုန့်၊ ရွှေပြည်သာ အမှတ်တံဆိပ်ချင်းချဉ်၊ ကံ့ကော်အမှတ်တံ ဆိပ်ပဲငါးပိ ချဉ်စပ်များတွင် အဏုဇီ၀ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ရွှေမင်းအမှတ်တံဆိပ် ဂျယ်လီ (ပန်း ရောင်)၊ လင်းစန္ဒာအမှတ်တံဆိပ် ကြက်သွန်မှုန့်ခြောက်၊ ကောင်းလွန်း အမှတ်တံဆိပ် ပဲကြီးလှော်၊ သိန်းပျံ အမှတ်တံဆိပ်ငရုတ်ဆီ၊ နဂါးအ မှတ်တံဆိပ်ရှာလကာရည်၊ တရုတ်  စာတန်းဖြင့်ဖော်ပြထားသည့် ရောင် စုံဝေဖာလုံး၊ ရွှေပုစွန်အမှတ်တံဆိပ် ပုစွန်ငါးပိ၊ ပစ်တိုင်းထောင်အမှတ်တံ ဆိပ် ငရုတ်သီးအရောင်တင်မှုန့်၊ ရွှေ သာစည်အမှတ်တံဆိပ် အရောင်တင်မှုန့်၊ ရွှေပင်ဆင့်အမှတ်တံဆိပ် အရောင်တင်မှုန့်၊ ဟိုင်းမင်းအမှတ် တံဆိပ်ငရုတ်ဆီ၊ သိန်းမင်းအမှတ် တံဆိပ် ငရုတ်ဆီအစပ်၊ အမှတ် တံဆိပ်မပါ တုတ်ထိုးသကြားလုံး၊ ပု ရှယ်အမှတ် တံဆိပ်ငရုတ်ပွ အရောင်တင်မှုန့်၊ ပုံပုံအမှတ်တံဆိပ်ငရုတ်ဆီ၊ စူပါအမှတ်တံဆိပ် ရောင်စုံသကြားလုံး၊ ရွှေဧရာ အမှတ်တံဆိပ် ရှယ်မျှင်ငါးပိထောင်းများတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိခဲ့သည့် ခွင့်မပြုဆိုးဆေးပါစားသောက် ကုန်အမှတ်တံဆိပ်များအနက် အချို့မှာ ခွင့်မပြုဆိုးဆေးများကို တစ်မျိုးချင်းသာမက နှစ်မျိုးရော သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent