မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ နည်းပညာတက္ကသိုလ် သုံးထပ်ဆောင်တွင် အဖြေလွှာစာစောင် မီးရှို့သူအား အောက်တိုဘာ ၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသ ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် သုံးထပ်ဆောင်အဟောင်း၊ မြေညီထပ်အခန်းအမှတ် R-1-10 အခန်းတွင် စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီခွဲက မီးလောင်နေသောကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ တံခါးနှစ်ထပ် သော့ပိတ်ထားရာမှ ပထမဘာဂျာ တံခါးသော့နှင့် ဒုတိယ မှန်ပါတံခါးသော့တို့ကို ဒိုင်းလွှဖြင့် ဖြတ်တောက်ကာ အတွင်းရှိ အဖြေလွှာများကို ဓာတ်ဆီလောင်း မီးရှို့ထားသည်ကို တွေ့ရှိခဲ့ပြီး အခန်းအတွင်းရှိသည့် အဖြေလွှာ စာစောင် ၆၅၁၀ စောင်တွင် စစ်ဆေးဆဲ ၁၄၃၁ စောင်၊ စစ်ဆေးပြီး ၃၇၅၆ စောင်၊ မစစ်ဆေးရသေးသည့် ၁၃၂၃ စောင်တို့မှာ မီးလောင်ပျက်စီးနေကြောင်းနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၏ ခန့်မှန်းချက်မှာ နံနက် ၅ နာရီ ၄၅ မိနစ်မှ နံနက် ၅ နာရီ မိနစ် ၅၀ အတွင်း မီးလောင်ခဲ့ကြောင်းနှင့် တန်ဖိုးအရ ကျပ် ၇၀၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ဆည် နည်းပညာတက္ကသိုလ် လုံခြုံရေးတာဝန်ခံဖြစ်သူ ဦးတင်ထူးက တရားလိုပြုလုပ်ကာ မြို့မရဲစခန်း(ကျောက်ဆည်)တွင် တိုင်တန်းသောကြောင့် (ပ) ၆၃၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ အရ အမှုဖွင့်ကာ တရားခံ ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထို့နောက် ပြစ်မှုကျူးလွန်သည့် တရားခံ ဖမ်းဆီးရမိရေးအတွက် မြို့မရဲစခန်း (ကျောက်ဆည်)မှ ဒုရဲမှူးသက်နိုင်စိုးနှင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ကျော်သန်းနှင့် အဖွဲ့တို့သည် နည်းပညာတက္ကသိုလ် လုံခြုံရေးဝန်ထမ်းများ စစ်ဆေးပြီးနောက် CCTV မှတ်တမ်းများအရ လူမြင်လျှင်မှတ်မိ အပြာရောင်တီရှပ်၊ နက်ပြာရောင် ဂျင်းဘောင်းဘီအပြဲ ဝတ်ဆင်ထားသည့် ကျောပိုးအိတ်အနက်ရောင်ဖြင့် FZ ဆိုင်ကယ်စီးသူ ကျောင်းသားအား စုံစမ်းခဲ့ရာ FZ ဆိုင်ကယ်အနက်ရောင်တွင် စိမ်းပြာရောင် စတေကာပါ အသစ်စီးသူသည် ဒုတိယနှစ် MECHANICAL ဖြစ်နိုင်သော်လည်း CCTV မှတ်တမ်းတွင် မျက်နှာ မထင်ရှားသော်လည်း လူပုံသဏ္ဌာန် ဆင်တူကြောင်း သိရသည်။ကျောင်းသားသည် အေးမြကြည်လင် ရပ်ကွက်တွင်ရှိသည့် ဘော်ဒါဆောင် တစ်ဆောင်တွင် နေထိုင်သူ ဖြစ်သောကြောင့် အောက်တိုဘာ ၁ ရက် နံနက်အစောပိုင်း ၁ နာရီတွင် အဆောင်မှ သွားရောက်ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း သိရသည်။ကျောင်းသားမှာ အသက် ၁၉ နှစ် အရွယ်ရှိ မောင် --- 2 BE MECHANICAL GTU ကျောင်းသား၊ ကောလင်းမြို့နေသူဖြစ်ကြောင်း၊ ထွက်ဆိုချက်များအရ ၎င်းသည် စာမေးပွဲတွင် ဖြေဆိုနိုင်သော်လည်း အခြားကျောင်းသား/ ကျောင်းသူများ မဖြေဆိုနိုင်သောကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြောင်း၊ ကလေးတက္ကသိုလ်တွင် အဖြေလွှာများ ရေထဲမျှောပစ်သည့် သတင်းကို ကြားမိခဲ့ကြောင်း၊ ထို့နောက် မြို့ပတ်လမ်း ထွန်းသစ်စ လက်ဖက်ရည်ဆိုင်အနီးတွင်ရှိသည့် ကွမ်းယာဆိုင်မှ ဓာတ်ဆီတစ်ဘူး ဝယ်ယူခဲ့ကြောင်း၊ ၎င်း၏ လက်တွေ့သုံး သံဖြတ်လွှဖြင့် အခန်းသော့ကိုဖြတ်ကာ အခန်းတွင်းရှိ သေတ္တာအတွင်းမှ အဖြေလွှာများအား ထုတ်ကာ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက် နံနက်အစောပိုင်း ၁ နာရီ မိနစ် ၄၀ အချိန်တွင် အဆိုပါ ကျောင်းသားအား အမှုဖြင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။