ထိုင်းနိုင်ငံသို့ သံလွင်မြစ်ရေ ရောင်းချမည့် စီမံကိန်း ပါဝင်နေသည့် ဟတ်ကြီးရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ရရှိလာမည့် အကျိုးအမြတ်များကို ဌာနေတိုင်းရင်းသားများ သာမက မြန်မာပြည်သူများပါ ခံစားရမည် မဟုတ်ကြောင်း ကရင်မြစ်ချောင်း စောင့်ကြည့်ရေး ကွန်ရက်က စက်တင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။“ဗဟိုအစိုးရက ပြောနေတဲ့ ရေကာတာက ရမယ့် အကျိုးအမြတ်တွေကို သံလွင်မြစ်ဝှမ်းဒေသက ပြည်သူလူထုတွေလည်း ခံစားရမှာ မဟုတ်သလို မြန်မာနိုင်ငံက ပြည်သူတွေလည်း ခံစားရမှာ မဟုတ်ဘူး” ဟု ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက်၏ တာဝန်ခံ စောသာဘိုးက ပြောကြားသည်။ကရင်ပြည်နယ်အတွင်း စစ်မက်ပိုမို ကျယ်ပြန့်လာစေနိုင်သည့် အလားအလာ ရှိကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်ပြီး လက်ရှိတိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသည့် ပြည်တွင်းစစ်ပြေး ဒုက္ခသည်များ၏ နေရပ်ပြန်လည် နေထိုင်ရေးအပေါ် အဟန့်အတား ဖြစ်စေသည်ဟု ထုတ်ပြန်ချက်က ဆိုပြီး တိုက်ပွဲများသည် ဟတ်ကြီးရေကာတာ စီမံကိန်းနှင့် တိုက်ရိုက်ဆက်စပ်သည်ဟု ကရင်ခေါင်းဆောင်က ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။လက်ရှိ ကရင်ပြည်နယ်၊ ဟတ်ကြီးရေကာတာ စီမံကိန်း တည်ရှိရာ နယ်မြေအတွင်း၌ မြန်မာတပ်မတော်/နယ်ခြားစောင့်တပ်၏ ဆက်တိုက် စစ်ဆင်ရေးများကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိပြီး လေးနှစ်ကျော် ရှိနေပြီဖြစ်သည့် အပစ်အခတ် ရပ်စဲရေးကို ထိခိုက်စေနိုင်ကြောင်း ကရင်မြစ်ချောင်း စောင့်ကြည့်ရေး ကွန်ရက်က ဆိုသည်။အချိန်များစွာ ကြန့်ကြာနေသည့် ဟတ်ကြီးရေကာတာ စီမံကိန်းကို ထိုင်းနှင့် တရုတ် ရင်းနှီးမြှုပ်နံှသူများက အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး စီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသွားမည့် အချိန်တွင် ရေကာတာကြီးကြောင့် နေရာဒေသ ကြီးမားကျယ်ပြန့်စွာ ရေအောက် နစ်မြုပ်သွားမည် ဖြစ်သလို လူသန်းပေါင်းများစွာ မှီခိုနေသည့် လွတ်လပ်စွာ စီးဆင်းနေသော သံလွင်မြစ်ကိုလည်း ပျက်စီးခြင်းသို့ ရောက်ရှိစေမည်ဟု ထုတ်ပြန်ချက်က ပြောကြားသည်။“ဟတ်ကြီးရေကာတာ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ဖို့အတွက် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့် တပ်ဘက်က လမ်း၊ လမ်းအနီးအနားနဲ့ စီမံကိန်း နေရာကို အပြည့်အ၀ ထိန်းချုပ်နိုင်မှ ရမယ်” ဟု KNLA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။နေပြည်တော်တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် ကရင်ခေါင်းဆောင်များအကြား သမိုင်းဝင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ်တွင် လတ်တလော ကရင်ပြည်နယ်အတွင်း မြန်မာတပ်မတော်၏ ပံ့ပိုးမှုကို ရရှိသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေ ခွဲထွက်အဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ပြည်တွင်းစစ်ဒဏ် ခံနေရသူ ပြည်သူများအတွက် ၎င်းတို့နေအိမ်သို့ ငြိမ်းချမ်းစွာ ပြန်လည် နေထိုင်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ကို ကင်းမဲ့စေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။မြန်မာတပ်မတော်/နယ်ခြားစောင့်တပ်သည် ဒီကေဘီအေ ခွဲထွက်အဖွဲ့ကို ချေမှုန်းခြင်း ဖြစ်သည်ဟု ဆိုကာ ထိုအခွင့်အရေးကို အသုံးချပြီး ကရင်ပြည်နယ် အထဲရှိ ဟတ်ကြီးရေကာတာ စီမံကိန်းနေရာ တစ်ဝိုက်ရှိ နယ်မြေများအား ထိန်းချုပ်မှု ရယူနိုင်အောင် ကြိုးစားကြသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)/KNLA သည် လတ်တလော တိုက်ပွဲများထဲ ပါဝင်ပတ်သက်လာခြင်း မရှိသေးသော်လည်း မြန်မာတပ်မတော်/နယ်ခြားစောင့်တပ်တို့က KNLA နယ်မြေထဲသို့ ဦးတည် ထိုးဝင်လာမှုများကြောင့် ယင်းအခြေအနေများ ပြောင်းလဲသွားနိုင်သည်ဟု KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက သတိပေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။သံလွင်မြစ် အနောက်ဘက်ခြမ်း နယ်မြေအတွင်း နယ်ခြားစောင့်တပ်နှင့် မြန်မာစစ်တပ်များမှ အခြေစိုက်ပြီး နယ်မြေစိုးမိုးမှု ရယူရန် ကြိုးပမ်းလာမှုသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်ပါ အချက်များနှင့် ဆန့်ကျင်ပြီး တစ်ဖက်နှင့်တစ်ဖက် အကြား တင်းမာမှုကို ပိုမို မြင့်မားလာစေနိုင်ကာ နှစ်ဦးနှစ်ဖက်အကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာစေနိုင်သည်။“ရေကာတာကို သူတို့ ဆောက်မယ်ဆိုရင် ကျွန်တော်တို့ ဆန့်ကျင်သွားမယ်” ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။မြန်မာစစ်တပ်၏ လုပ်ရပ်များသည် ထိုင်းနှင့် တရုတ်တို့၏ ဟတ်ကြီးရေကာတာ ပူးပေါင်းအကောင်အထည်ဖော်ရေး ရည်ရွယ်ချက်ကို အထမြောက်အောင် ကူညီပံ့ပိုးခြင်းသာ ဖြစ်နေပြီး အဆိုပါ ဟတ်ကြီးရေကာတာမှ လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်သလို ရေကာတာမှတစ်ဆင့် သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ ရေလွဲှပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။









