အိမ်အကူ မိန်းကလေး နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သော အင်း၀ အပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စဉ် လုံခြုံရေး အထူး တင်းကျပ်ထား

အိမ်အကူ မိန်းကလေး နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သော အင်း၀ အပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စဉ် လုံခြုံရေး အထူး တင်းကျပ်ထား
အင်းဝအပ်ချုပ်ဆိုင် အမှုမှ တရားခံများကို အနောက်ပိုင်းခရိုင် တရားရုံးတွင် စက်တင်ဘာ ၂၉ ရက်က ရုံးထုတ်လာသည်ကို တွေ့ရစဉ်
အင်းဝအပ်ချုပ်ဆိုင် အမှုမှ တရားခံများကို အနောက်ပိုင်းခရိုင် တရားရုံးတွင် စက်တင်ဘာ ၂၉ ရက်က ရုံးထုတ်လာသည်ကို တွေ့ရစဉ်
Published 29 September 2016
သက်မင်း

အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက် ညှဉ်းပန်းခဲ့သော အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို အနောက်ပိုင်းခရိုင် တရားရုံးတွင် စက်တင်ဘာ ၂၉ ရက်က ရုံးထုတ်ခဲ့ပြီး ရုံးထုတ်စဉ် ရဲတပ်ဖွဲ့က လုံခြုံရေး အထူး တင်းကျပ်ထားကြောင်း သိရသည်။အင်း၀ အပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်းနှင့် စက်တင်ဘာ ၂၈ ရက်တွင် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သော မသီရိလတ် အပါအဝင် မိသားစုဝင် ခြောက်ဦးကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာများ ဓာတ်ပုံရိုက်ကူးခြင်း မပြုရန် ရဲတပ်ဖွဲ့က တားမြစ်ခဲ့ကြောင်း သိရသည်။ရုံးထုတ်စစ်ဆေးစဉ်တွင် အနောက်ပိုင်းခရိုင် တရားသူကြီးက ရှေ့နေရှာဖွေ ငှားရမ်းရန် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုများကို ပြောကြားခဲ့ပြီး အင်းဝအပ်ချုပ်ဆိုင် မိသားစုက မိသားစုဝင် အကုန်လုံး ဖမ်းဆီးခံထားရသဖြင့် ရှေ့နေ မည်ကဲ့သို့ ငှားရမ်းရမည်နည်းဟု မေးမြန်းခဲ့သည်။ ထို့ပြင် “ဘာလို့ လူကုန်ကူးမှု ပုဒ်မတွေနဲ့ တရားစွဲတာလဲ” ဟု အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုများက မေးမြန်းခဲ့သည်။ခရိုင်တရားသူကြီးက ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဥပဒေကြောင်းအရ ရှေ့နေ ငှားရမ်းနိုင်ကြောင်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားခြင်းသည်လည်း တရားလိုက တရားစွဲဆိုထားခြင်း ဖြစ်သောကြောင့် မိမိတို့ ကျူးလွန်ခဲ့ခြင်း၊ ဟုတ်၊ မဟုတ် တရားခွင်တွင် ပြန်လည်ဖြေရှင်းနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ရုံးထုတ်စစ်ဆေးနေစဉ်အတွင်း အင်း၀ အပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာမှာ ကျန်းမာရေး မကောင်းသောကြောင့် လမ်းလျှောက်ရာတွင် ရဲမေများက တွဲကူထားရပြီး ခြေထောက် တစ်ဖက်တွင်လည်း ပတ်တီး စီးထားရသည်ကို တွေ့ရသည်။      အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/၃၂ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားလိုမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးသိန်းဖြစ်သည်။    ထို့ပြင် ၎င်းတို့ကို ကျောက်တံတားမြို့မ ရဲစခန်းကလည်း ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၅/၃၄၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ကျောက်တံတားမြို့နယ် တရားရုံး၌ တရားစွဲဆိုထားသည်။“ကျွန်တော်တို့ စခန်းမှာ အမှုဖွင့်ထားတဲ့ ကိစ္စကတော့ ဘယ်နေ့ တရားစွဲတင်မယ် ဆိုတာကို ပြောလို့ရရင် ပြောပါမယ်။ အခုတော့ တရား မစွဲရသေးပါဘူး။ ပြောလို့ရတဲ့ အချိန်ကျရင် ပြောပေးပါမယ်” ဟု ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအေးက ကျူးလွန်သူ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များကို ရုံးထုတ်စဉ် The Daily Eleven သို့ ပြောကြားသည်။ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှ ဆိုင်ရှင် မိသားစုဝင်များသည် အိမ်အကူ မိန်းကလေး မစန်းကေခိုင်နှင့် မသဇင်တို့ကို လွန်ခဲ့သည့် ငါးနှစ်ခန့် ကတည်းက အိမ်အကူအဖြစ် စေခိုင်းခဲ့ခြင်း ဖြစ်ပြီး ယင်းကာလများတွင် မစန်းကေခိုင်၏ လက်ဆစ်များကို ချိုးခြင်း၊ လက်၊ လည်ပင်းနှင့် မျက်နှာတို့ကို ဓားဖြင့် မွှန်းခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ မသဇင်၏ နှာခေါင်းကို လှီးဖြတ်ခြင်းများ ပြုလုပ်ခဲ့ကာ ၂၀၁၄ ခုနှစ်မှစ၍ လုပ်အားခများ ပေးချေခြင်း မရှိကြောင်း သိရသည်။

Most Read

Most Recent