ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ဥပဒေနှင့်အညီ စစ်ဆေးနိုင်၍ ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် တစ်လအထက် နေထိုင်သူများ အကြောင်းကြားရမည် ဆိုသည့်အချက်အား ပယ်ဖျက်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ဥပဒေနှင့်အညီ စစ်ဆေးနိုင်၍ ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် တစ်လအထက် နေထိုင်သူများ အကြောင်းကြားရမည် ဆိုသည့်အချက်အား ပယ်ဖျက်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး
Published 26 September 2016
စိုးမင်းထိုက်

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ဥပဒေနှင့်အညီ စစ်ဆေးနိုင်သည့်အတွက် တစ်လအထက် နေထိုင်သူများ အသိပေး အကြောင်းကြားရမည် ဆိုသည့်အချက်အား ပယ်ဖျက်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးသည်။
စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အပေါ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ ဦးမျိုးဝင်းက “ဧည့်စာရင်းတိုင်တဲ့ ပုဒ်မမှာ အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားပါတယ်။ ပြည်သူ့လွှတ်တော်က အသွင်တစ်မျိုးနဲ့ ဖြေလျှော့ပြီး ပြန်ထည့်ထားပါတယ်။ ဆိုလိုတာက တစ်လနဲ့အထက် လာနေထိုင်သူတွေ ဧည့်စာရင်းတိုင်ဖို့ပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ သူတို့တီထွင် ထုတ်လုပ်ထားတဲ့ စက်ရုပ်တွေလို သဘောထားပြီး ခလုတ်နှိပ် စေခိုင်းစေလိုကြတဲ့ အစိုးရအဆက်ဆက် မင်းမူခဲ့တာကြောင့် ပြည်သူနဲ့ အစိုးရအကြား ရိုင်းပင်းကူညီ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်။ အခုကျွန်တော်တို့ ထူထောင်မယ်ဆိုတဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံဆိုတာ ပြည်သူတွေ ပူးပေါင်းပါဝင်မှသာ မိမိဒေသကို တာဝန်သိပြီး တာဝန်ခံရဲတဲ့ ပြည်သူတွေဖြစ်ပေါ်ဖို့ အလွန်လိုအပ်ပါတယ်။ မိမိဒေသ လုံခြုံအေးချမ်းဖို့ တာဝန်ရှိပါလားဆိုတာ ပြည်သူတွေသိဖို့ အရမ်းလိုအပ်ပါတယ်။ နေရာတကာမှာ အစိုးရက ဝင်ပါလွန်းတဲ့အတွက် ဒီအသိတွေ ပျောက်ဆုံးခဲ့ရပါတယ်။ ဥပဒေနဲ့အညီ ဝင်ရောက် စစ်ဆေးပိုင်ခွင့်လည်း ပေးထားတာကြောင့် ကမ္ဘာ့နိုင်ငံတွေမှာမသုံးတဲ့ ဒီဧည့်စာရင်း ပုဒ်မကို စကားလုံးလှလှနဲ့ လှည့်ပတ်မနေဘဲ လုံးဝပယ်ဖျက်သင့်ကြောင်း အကြံပြုလိုပါတယ်” ဟု ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဌေးဦးက ဥပဒေကြမ်း၏ ပုဒ်မ ၁၇ တွင် ရပ်ကွက် သို့မဟုတ်ကျေးရွာ အုပ်စုအတွင်း တစ်လနှင့်အထက် ကျော်လွန်၍ လာရောက် တည်းခိုနေထိုင်သူများ ရှိပါက လူမှု အထောက်အကူပြုနိုင်ရန် သတ်မှတ်နည်းလမ်းများနှင့်အညီ အသိပေး အကြောင်းကြားရမည်ဟု ဖြည့်စွက်ထားချက်သည် မလိုအပ်သည့်အတွက် ပယ်ဖျက်သင့်ကြောင်း ဆွေးနွေးသည်။
ဦးမျိုးဝင်းက “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေမှာ အုပ်ချုပ်ရေးမှူးအတွက် သင့်တင့်တဲ့ ပညာအရည်အချင်း ဆိုတာကို အမျိုးသားလွှတ်တော်က ဖြုတ်ထားပါတယ်။ ပြည်သူ့လွှတ်တော်က ထည့်ထားပါတယ်။ ကျွန်တော့်အမြင်ကတော့ အုပ်ချုပ်တာနဲ့ ပညာတတ်တာ သိပ်မဆိုင်ဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် ပယ်ဖျက်သင့်ပါတယ်။ လူမလေးစားလောက်တဲ့သူ၊ အမြော်အမြင်မရှိတဲ့သူကို ဘယ်ပြည်သူကမှ ရွေးချယ်မှာ မဟုတ်ပါဘူး” ဟု ဆွေးနွေးသည်။
ဦးဌေးဦးက ပညာရေး သတ်မှတ်ချက်ကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်က ပြန်ထည့်ထားကြောင်း၊ ပြည်သူများအနေဖြင့် ရွေးချယ်တင်မြှောက်မည့်သူကို သိကြကြောင်း၊ ထို့အတွက် ပညာရေးသတ်မှတ်ချက် မထားသင့်ကြောင်း၊ ကန့်သတ်ချက် မလိုအပ်ကြောင်း၊ အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားသည့်အတိုင်း ပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးသည်။
အုပ်ချုပ်ရေးမှူးဟာ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှာ အနည်းဆုံး ငါးနှစ် နေထိုင်သူဖြစ်ရမယ်ဆိုတဲ့ အချက်မှာ ပြည်သူ့လွှတ်တော်က ခြွင်းချက်အနေနဲ့  ဒေသခံ အငြိမ်းစား ဝန်ထမ်းဖြစ်ပါက နေထိုင်သည့် ကာလကို လျှော့ပေါ့စဉ်းစားနိုင်တယ်လို့ ပြင်ထားပါတယ်။ လျှော့ပေါ့တယ်ဆိုတာက ဘယ်အတိုင်းအတာထိ လျှော့မှာလဲ။ ဒါသည် အဂတိလိုက်စားအောင်၊ ဘက်လိုက်အောင် လိုရာစွဲပြီးတော့ ကိုယ့်လူကိုယ်ခန့်လို့ရအောင် တည်ထားတဲ့ ပြဋ္ဌာန်းချက်မျိုးလို့ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့ တိတိကျကျ ပြဋ္ဌာန်းဖို့ လိုပါတယ်” ဟု ဦးဌေးဦးက ဆွေးနွေးသည်။    

Most Read

Most Recent