ဒဂုံမြောက်ပိုင်း မြို့နယ်တွင် အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ကုသရသည်အထိ ရိုက်နှိက်မှုကြောင့် မြို့နယ်တရားရုံး၌ ပုဒ်မသုံးခုဖြင့် စွဲချက်တင်ခံထားရသည့် အိမ်ရှင်မိသားစုဝင် လေးဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် ထပ်မံ အမှုဖွင့်

ဒဂုံမြောက်ပိုင်း မြို့နယ်တွင် အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ကုသရသည်အထိ ရိုက်နှိက်မှုကြောင့် မြို့နယ်တရားရုံး၌ ပုဒ်မသုံးခုဖြင့် စွဲချက်တင်ခံထားရသည့် အိမ်ရှင်မိသားစုဝင် လေးဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် ထပ်မံ အမှုဖွင့်
Published 24 September 2016
ဝေလင်းအောင်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်ပိုင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ကုသရသည်အထိ ရိုက်ခဲ့သည်ဆိုကာ တရားစွဲခံထားရသည့် အိမ်ရှင်မိသားစုဝင် လေးဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က လူကုန်ကူးမှု တားဆီးရေး ဥပဒေပုဒ်မဖြင့် ထပ်မံ အမှုဖွင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။အဆိုပါ မိသားစုဝင်များမှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရပြီး အမှုနှင့် ပတ်သက်၍ အိမ်ရှင် အမျိုးသမီး ဒေါ်အေးအေးဝင်းအား ပုဒ်မ ၃၀၇ ဖြင့် လည်းကောင်း၊ သမီးဖြစ်သူ ဟယ်လင် (ခ)ခင်သန္တာဦးအား ပုဒ်မ ၃၂၃ ဖြင့် လည်းကောင်း၊ အိမ်ရှင်၏ သားဖြစ်သူ အေးကျော်ဝင်းနှင့် သမက်ဖြစ်သူ မျိုးဇော်ထက် (ခ) ငစား တို့အား ပုဒ်မ ၃၂၅ ဖြင့် အသီးသီး စွဲချက်တင်ကြောင်း မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ထားကြောင်း သိရသည်။ယင်းအနက် ဒေါ်အေးအေးဝင်းမှာ အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရပြီး ကျန်သုံးဦးမှာ အာမခံဖြင့် တရားရင်ဆိုင်လျက်ရှိကြောင်း သိရသည်။ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အိမ်အကူ မိန်းကလေးမှာ လုပ်ခလစာ ခံစားခွင့် မရှိဘဲ အတင်းအဓမ္မ ခိုင်းစေခံရခြင်း၊ နှိပ်စက်ခံထားရမှုများ စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ လေးဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲစခန်းတွင် (ပ)၁၅၂၁/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၃ ဖြင့် ထပ်မံအမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။“တူမလေးကို နှိပ်စက်မှုနဲ့ သူတို့ကို တရားစွဲဆိုထားတာက တရားရုံးက ပုဒ်မသုံးခုနဲ့ စွဲချက်တင်ထားပါတယ်။ အခု ပြန်ခေါ်သက်သေတွေကို စစ်ဆေးတဲ့အဆင့် ရောက်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကျွန်တော်တို့ကိုခေါ်ပြီး ဖြစ်စဉ်ကို မေးမြန်းပြီးတော့ လူကုန်ကူး ဥပဒေနဲ့ ထပ်ဖွင့်တယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ အမှုကို အမှန်တရားအတိုင်း ဥပဒေအရ ထိထိရောက် အရေးယူပေးဖို့ ဖြစ်စေချင်ပါတယ်” ဟု အိမ်အကူ မိန်းကလေး၏ ဦးလေး ကိုမျိုးဦးက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။“ကျုးလွန်သူတွေကို ဖမ်းဆီးထားပါတယ်။ သူတို့က လက်ရှိ တရားရုံးမှာ တရားရင်ဆိုင်နေရမှုလည်း ရှိပါတယ်။ အခုက သူတို့ကို လူကုန်ကူး တားဆီးကာကွယ်ရေး ပုဒ်မနဲ့ စခန်းမှာ ထပ်မံ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါတယ်” ဟု ဒဂုံမြောက် မြို့မရဲစခန်း မြို့နယ်မှူး ရဲမှူးလှသန်းက ပြောကြားသည်။ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၄၁) တိုးချဲ့ရပ်ကွက်နေ ဒေါ်အေးအေးဝင်းမှာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် လေးထောင့်ကန်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ်ရှိ မသန်းသန်းအိအား မွေးစားမည်၊ သီလရှင် ဝတ်ပေးမည်ဟု ၎င်း၏ ဖခင်ဖြစ်သူထံ ယုံကြည်အောင်ပြောဆို၍ ခေါ်ဆောင်သွားခဲ့ပြီး မသန်းသန်းအိမှာ အဆိုပါနေအိမ်သို့ ရောက်ရှိချိန်မှစ၍ အိမ်သားများ၏ ဝေယျာဝစ္စများ အိမ်အလုပ်များကို အိမ်အကူကဲ့သို့ လုပ်ကိုင်ပေးရကြောင်း၊ အလုပ်စေခိုင်းရာ အဆင်မပြေသည့်အခါတိုင်း ဒေါ်အေးအေးဝင်းက သံကြိုး၊ ယောက်မ တို့ဖြင့် ရိုက်နှက်ခြင်း၊ ယာလက်သန်းအား ပလာယာဖြင့် ဆွဲထုတ်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ထို့ပြင် နှိပ်စက်သည့်အချိန်တိုင်း သမက်ဖြစ်သူနှင့် သမီးဖြစ်သူတို့က ချုပ်နှောင်ပေးခြင်း၊ သားဖြစ်သူ အေးကျော်ဝင်းမှ လက်သီးဖြင့် မျက်နှာကို ထိုးခြင်းများ ပြုလုပ်ခဲ့သဖြင့် အိမ်အကူ မိန်းကလေးမှာ အဆိုပါနေအိမ်မှ ထွက်ပြေးကာ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများထံ အကူအညီတောင်းခံ၍ ဆေးရုံသို့ တက်ရောက်ကုသခဲ့ရကြောင်း သိရသည်။     

Most Read

Most Recent